တစ်လင်တစ်မယားဥပဒေနှင့် အငြိမ်းစားဗိုလ်မှူးကို ဇနီးဖြစ်သူ တရားစွဲ

တစ်လင်တစ်မယားဥပဒေနှင့် အငြိမ်းစားဗိုလ်မှူးကို ဇနီးဖြစ်သူ တရားစွဲ

ရန်ကုန်၊ ဒီဇင်ဘာ ၃ဝ ။         ။ အငြိမ်းစား ဗိုလ်မှူး မောင်မောင်လတ်၏ဇနီး ဒေါ်မြင့်မြင့်ဝင်းက ၎င်း၏ ခင်ပွန်းကို တစ်လင်တစ်မယား ဥပဒေ ပုဒ်မ ၁၃ နှင့် တရားစွဲဆိုထားကြောင်း သတင်းစာ ရှင်းလင်းကာ ပြောသည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို ဒီဇင်ဘာ ၃ဝ ရက်နေ့က ရန်ကုန်မြို့ City Star ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

ဒေါ်မြင့်မြင့်ဝင်းက “ကျွန်မ ဒီသတင်းစာ ရှင်းလင်းပွဲလုပ်ရတဲ့ အကြောင်းအရင်းက သူ့ဘက်မှာ ငွေကြေးရှိတယ်။ ပိုက်ဆံရှိတဲ့ သူဌေးတွေက သူ့ကို ဝန်းရံတယ်။ နောက်တစ်ချက် သူက လူကြီးတစ်ယောက်ရဲ့ PSO ဟောင်း ဖြစ်တယ်။ သူ့ဆီမှာ အာဏာပါဝါတွေ ရှိတယ်။ နောက်တစ်ချက်က သူ့နောက်မှာ ဝန်းရံနေတာ အာဏာ ပါဝါ ကြီးနေတဲ့ သူတွေဖြစ်တဲ့အတွက် ကျွန်မဘက်မှာက အမှန်တရားပဲ ရှိတာကြောင့်ပါ” ဟု ပြောသည်။

ယခင်ကလည်း အိမ်ထောင်ရေး ဖောက်ပြန်မှုများရှိခဲ့ပြီး ယခုတစ်ကြိမ်တွင် ကွာရှင်းရန်နှင့် ပိုင်ဆိုင်မှုများကို ခွဲဝေရန် တောင်းဆိုမှု ပြုလာကြောင်း၊ ထို့နောက် တစ်လင်တစ်မယား ဥပဒေပုဒ်မ ၁၃ ဖြင့် လှည်းကူးမြို့နယ် တရားရုံးမှာ နိုဝင်ဘာ  ၂၆ ရက်က အမှုဖွင့်ခဲ့ရာ ဒီဇင်ဘာ ၂၇ ရက်တွင် တရားရုံးမှ အငြိမ်းစား ဗိုလ်မှူး မောင်မောင်လတ်ကို အာမခံပေးခဲ့ကြောင်း ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ဝင်းက ပြောသည်။

“သူက ကျန်းမာရေးနဲ့ အာမခံကို လျှောက်တယ်လို့ ကျွန်မသိရတယ်။ မောင်မောင်လတ်ကို ဖမ်းမိမိချင်းနေ့မှာပဲ သူ့သူငယ်ချင်း ဒုရဲမှူးကြီးက ရောက်လာတယ်။ အဲဒီလူက ရောက်လာပြီးရင် သူ့ကိစ္စအတွက် ရဲစခန်းမှာ လာပြီး ဖိအားပေးပြီးတော့ သူ့ကို ဆေးရုံတင် လိုက်ပါတယ်။ အဲဒါကလည်း ဆေးစာနဲ့ အာမခံရဖို့ဆိုတာ ကျွန်မ သိပါ တယ်။ အခုလည်း သူနဲ့ သူ့မယားငယ် ဝယ်ထားတဲ့ ခြံကို သူ့ညီ နာမည်နဲ့ အမြန်လွှဲပြောင်း လိုက်တယ်လို့ သိရ တယ်”ဟု ၎င်းက ပြောသည်။

ဆက်လက်ပြီး ဒေါ်မြင့်မြင့်ဝင်းက “အခုလို အာမခံ ရရချင်း တစ်ညထဲနဲ့တောင် ဒီကိစ္စတွေအကုန် ချက်ချင်း လုပ် ဆောင်နိုင်ရင် ဒီလူ အပြင်မှာရှိတာ ကျွန်တော်တို့ မိသားစုအတွက် အန္တရာယ်ရှိနိုင်တယ်။ သက်သေတွေကို လည်း သူပျောက်အောင် လုပ်နိုင်တယ်။ ဒီသက်သေတွေက ခြံဝန်ထမ်းတွေ၊ သူ့လက်အောက်က ဝန်ထမ်းတွေ ဖြစ်တဲ့အတွက် သူတို့အတွက် အန္တရာယ်ရှိပါတယ်” ဟု ပြောသည်။

ပုဒ်မ ၁၃ သည် အာမခံမရသော အမှုဆိုသော်လည်း အမျိုးသမီးများ၊ ကလေးငယ်များနှင့် ကျန်းမာရေး မကောင်းသူများကို တရားသူကြီး၏ ဆင်ခြင်တုံတရားနှင့် အာမခံပေးနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

ဦးခင်မောင်ဇော်က “အများအားဖြင့်ကတော့ မဟုတ်ဘူးလို့ ဗြောင်ပဲ ငြင်းကြတာပေါ့။ မိန်းမဘက်က ခိုင်လုံစွာနဲ့ ပြရပါတယ်။ ဥပဒေအရ တကယ့်မူကတော့ နိုင်ငံတကာမှာရော အာမခံပေးခြင်းဟာ ထုံးစံဖြစ်ပြီး အာမခံကို ငြင်းပယ်ခြင်းဟာ ချွင်းချက်ပဲ ဖြစ်တယ်ဗျ။ သူက အာမခံ မပေးရဘူးဆိုတိုင်း ပေးကိုမပေးရတာ မဟုတ်တဲ့ အတွက် တရားသူကြီးရဲ့ ဆင်ခြင်တုံတရားအရ ဘာကို ကြည့်ပေးတာလဲ ဆိုတာကို ကြည့်ရမှာပါ” ဟု ပြောသည်။
အဆိုပါ အမှုအတွက် လှည်းကူးမြို့နယ် တရားရုံးမှ လာမည့် ဇန်နဝါရီလ ၁ဝ ရက်တွင် ရုံးချိန်း ခေါ်ဆိုထား ကြောင်း၊ သို့သော်လည်း အမှုကို ပိတ်သိမ်းရန် ဖိအားပေးမှုများ ပြုလုပ်နေသကဲ့သို့ မျက်မြင် သက်သေများ အပေါ် ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း ဒေါ်မြင့်မြင့်ဝင်းက ပြောသည်။

တစ်လင်တစ်မယားဥပဒေကို ၂ဝ၁၅ ခုနှစ်၌ စတင်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ထိုဥပဒေတွင် အိမ်ထောင်ရှိသူများ တရားဝင်ဖြစ်စေ၊ တရား မဝင်ဖြစ်စေ နောက်အိမ်ထောင်ပြုပါက ငွေဒဏ်အပြင် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly