ဦးဝှေ့တင်း လွတ်မြောက်ရေး “ဝ”အဖွဲ့ ဦးဆောင်သည့် FPNCC ထံ မိသားစုက အကူအညီတောင်း

By ချမ်းငြိမ်း /မိုင်ယိုင်နီ
30 December 2019
ဦးဝှေ့တင်း လွတ်မြောက်ရေး “ဝ”အဖွဲ့ ဦးဆောင်သည့် FPNCC ထံ မိသားစုက အကူအညီတောင်း
ဓာတ်ပုံ - အမျိုးသားလွှတ်တော်

ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ။         ။ ရခိုင်တပ်ဖွဲ့(AA)က ဖမ်းဆီးထားသည့် ဦးဝှေ့တင်းကို ပြန်လည် လွတ်မြောက်ရေး “ဝ”အဖွဲ့(UWSA) ဦးဆောင် သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)မှ ကြားဝင်ဖြေရှင်းပေးရန် ဦးဝှေ့တင်း မိသားစုက စာပို့၍ အကူအညီ တောင်းခဲ့ကြောင်း သိရသည်။

ဦးဝှေ့တင်း၏ ဇနီးနှင့် မိသားစုများက FPNCC မှ ကြားဝင် ကူညီပေးရန် ဒီဇင်ဘာ ၉ ရက်က စာပေးပို့၍ အကူအညီ တောင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

UWSA ၏ လားရှိုးမြို့ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်း“ အကူအညီ တောင်းတဲ့စာကိုလည်း ဌာနချုပ်ကို ပို့ပြီးပါပြီ။ ဌာနချုပ်ကတော့ ဘာမှ အကြောင်းပြန်တာ မရှိသေး ဘူး။ ရှေ့မှာလည်း နန်းမိုဟွမ်ကိစ္စမှာလည်း ကြားဝင် ဖြေရှင်းပေးတဲ့အတွက် ပြန်လွှတ်ခဲ့တာတွေ ရှိပါတယ်” ဟု ပြောသည်။

အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို AA က ၂၀၁၉ ခုနှစ်၊နိုဝင်ဘာ ၃ ရက်နေ့က ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်းကြောင့် ယနေ့ဆိုလျှင် နှစ်လကြာမြင့်ခဲ့ပြီး ဖြစ်သော်လည်း ပြန်လည် လွှတ်ပေးခြင်းမရှိသေး ကြောင်း သိရသည်။

ဦးဝှေ့တင်း၏ ယောက္ခထီးဖြစ်သူ ဦးအောင်ကြီးက “ မိသားစု ဝင်တွေကတော့ တစ်နေ့ လွှတ်နိုးလွှတ်နိုးနဲ့ စိတ်ပူ နေကြတယ်လေ၊ အရမ်းစိတ်ပူတယ်။ မိသားစု အခြေအနေကလည်း သူ့ကိုပဲ အားကိုးနေကြတဲ့ မိသားစုတွေ လေ။ ကျွန်တော်တို့ကလည်း ဘယ်သူကို အကူအညီ တောင်းရမလဲ ဆိုတာကို တွေးလာရတယ်လေ။ နိုင်ငံတော်ပိုင်းက ကူညီတာတွေလည်း ရှိလာပြီ။ ဒါပေမယ့် တစ်နေ့ လာနိုးလာနိုးနဲ့ ကြာလေစိတ်ပူတာတွေ ဖြစ် နေတာပေါ့။ အဲဒါနဲ့ ထိန်းသိမ်းထားတဲ့ အဖွဲ့အစည်းနဲ့ သဟဇာတ ဖြစ်မယ့် အဖွဲ့အစည်းကို နည်းနည်း အကူ အညီပေးဖို့ မေတ္တာရပ်ခံတာပါ” ဟု ပြောသည်။

မိသားစုဝင်များ၏ အကူအညီ တောင်းခံစာကို FPNCC ထံ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ(KACC)ကနေ တဆင့် ပေးပို့ခဲ့ကြောင်း သိရသည်။

KACC မှ ညှိနှိုင်းရေးမှူး ဦးစောမြက “ တာဝန်ခံ တဆင့် တင်လိုက်ပြီ။ ဌာနချုပ်ကနေ လူကြီးဆီကို စာက တင် လိုက်ပြီ။ ကျွန်တော်တို့ကတော့ အပေါင်းလက္ခဏာ မျှော်လင့်တာပေါ့၊ အမျိုးမျိုးတော့ စိုးရိမ်တယ်။ တကယ် အသက်ရှင်ပြီးတော့မှ ရှိရဲ့လား၊ စစ်ဆေး မေးမြန်းတဲ့အခါမှာ အရမ်းဒဏ်ရာတွေ ရနေပြီလား အမျိုးမျိုးပေါ့။ သူတို့ဘက်ကတော့ အသက်ရှင်နေ တယ်။ ကျန်းကျန်းမာမာ ရှိတယ်ဆိုတာလောက်တော့ သိရပေမယ့် သူရဲ့ အသံ သူရဲ့ပုံကို ဘာမှ မမြင်ရဘူးလေ” ဟု ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးရဲသိန်း တိုက်ပွဲအတွင်း လက်နက်ကြီးကျည် ထိမှန် သေဆုံးခဲ့ကြောင်း AA အဖွဲ့က ထုတ်ပြန်ခဲ့ရာ ဦးဝှေ့တင်း၏ မိသားစုဝင်များက ဦးဝှေ့တင်းအပေါ် စိုးရိမ်လာခဲ့ကြသည်။

ဦးရဲသိန်းသည် ဒီဇင်ဘာ ၁၁ ရက်က AA ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသူဖြစ်သည်။

ဒီဇင်ဘာ ၂၈ ရက်နေ့ကတော့ AA မှ ၎င်းတို့ ဖမ်းဆီးထားသူများအနက် စစ်ဘက်နှင့်မသက်ဆိုင်သော ဦးဇင်အောင်နှင့် မောင်သိန်းလင်းထွန်းတို့ ၂ ဦးကို လွှတ်ပေးကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိမှာတော့ ဦးဝှေ့တင်း ပြန်လည် လွတ်မြောက်လာရေးအတွက် မိသားစုဝင်များက AA အဖွဲ့ဝင်အဖြစ် ပါဝင် သည့် FPNCC ထံသို့ အကူအညီတောင်းခံစာ ပေးပို့ထားပြီး ဖြစ်ကြောင်း သိရသည်။

ဦးဝှေ့တင်း လွှတ်မြောက်ရေးအတွက် သြစတေးလျအစိုးရအနေဖြင့် အကူအညီပေးရန် အထက်လွှတ်တော်အမတ် မစ္စတာ ဒင်းစမစ်ကလည်း ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်က သြစတေးလျလွှတ်တော်မှာ အဆိုတင်သွင်း၍ တောင်းဆိုထားသည်။

FPNCC တွင် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSP/UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ် တပ်ဖွဲ့(NDAA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO/KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတရေးပါတီ(MNTJP/MNDAA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF/ TNLA)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) စသည့် လက်နက်ကိုင်အဖွဲ့များ ပါဝင်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly