Burma's Hijack မြန်မာ့လေယာဉ် ပြန်ပေးဆွဲမှု ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကား ၂၀၁၆ တွင် မြန်မာနိုင်ငံ၌ ပြသမည်

Burma's Hijack မြန်မာ့လေယာဉ် ပြန်ပေးဆွဲမှု ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကား ၂၀၁၆ တွင် မြန်မာနိုင်ငံ၌ ပြသမည်

ရန်ကုန်၊ အောက်တိုဘာ ၂၄ ။ ။ ဒါရိုက်တာ အဏ်ထော်ဏီ ရိုက်ကူးထားသည့် ၁၉၅၄ ခုနစ်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် Burma's Hijack မြန်မာ့လေယာဉ် ပြန်ပေးဆွဲမှု ဖြစ်ရပ်မှန် ရုပ်ရှင် ဇာတ်ကားကို မြန်မာနိုင်ငံ၌ ၂၀၁၆ တွင် ပြသသွားမည် ဖြစ်ပြီး ထိုင်းနိုင်ငံတွင်လည်း ပြသသွားမည် ဖြစ်သည်။

Burma's Hijack မြန်မာ့လေယာဉ် ပြန်ပေးဆွဲမှု ဖြစ်ရပ်မှန် ရုပ်ရှင် ဇာတ်ကားကို အောက်တိုဘာ ၂၄ရက်တွင် ဂျန်းရှင်းစကွဲ ရုပ်ရှင်ရုံ၌ အထူးပွဲ အနေဖြင့် ပြသခဲ့သည်။ ထို ဇာတ်ကားကို ဒါရိုက်တာ အဏ်ထော်ဏီမှ ရိုက်ကူးထားပြီး သရုပ်ဆောင်သစ် များစွာဖြင့် ရိုက်ကူး ပုံဖော်ထားခြင်း ဖြစ်သည်။

ထို ဇာတ်ကားကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ကန်တော့ပွဲ ပေးကာ ရိုက်ကူးခဲ့ပြီး ၂၀၁၄ ခုနှစ် ဇွန်လတွင် ရိုက်ကူး ပြီးစီးခဲ့သည်။ ၂၀၁၄ သြဂုတ်လမှာတော့ ရုပ်ရှင် ဆင်ဆာ စတင် ကြည့်ရှုခဲ့ပြီး ဆင်ဆာ ထောက်ညွှန်ချက်များကြောင့် ၂၀၁၅ ခုနှစ် ၁၀လပိုင်းမှ ဆင်ဆာ ခွင့်ပြုချက် ရရှိခဲ့သည့် ဇာတ်ကား ဖြစ်သည်။

ဇာတ်ကားတွင် ပါဝင်သည့် လေယာဉ် အတွက် ကာကွယ်ရေးဦးစီးချုပ်၏ ခွင့်ပြုချက်ဖြင့် တပ်မတော် (လေ) မင်္ဂလာဒုံ လေတပ်စခန်းတွင် ပြသထားသည့် လေယာဉ်ဖြင့် ရိုက်ကူးခဲ့ပြီး လက်နက်များကိုလည်း ၁၉၅၄ ခုနှစ်က လက်နက်များကို ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ကြီး၏ ခွင့်ပြုချက်ဖြင့် လက်နက် အစစ်များကို အသုံးပြုပြီး ရိုက်ကူးခဲ့သည်။

ဒါရိုက်တာ အဏ်ထော်နီက "အဲလေယာဉ်က ၁၉၇၈ခုနှစ်ကတည်းက ရပ်ထားပြီး ပြထားတာ ဆိုတော့ အထဲမှာ ဘာမှ မရှိတော့ဘူး။ အထဲ Decoration ကို ပြင်ရတယ် အဲတုန်းက UVA အရောင်ကို မှတ်တမ်းရှာပြီး ပြုပြင် မွမ်းမံခဲ့ရတယ်။ အခက်အခဲက လေယာဉ်ပျံသည် လေပေါ်ပျံမရသည့် အတွက် ဒါကို ပျံလို့ရအောင် 3D ပညာရှင် နဲ့ အကြိမ်ကြိမ်အခါအခါ လုပ်ရတယ်။ လေယာဉ်ပြင် စရိတ်တင် သိန်း ၁၀၀ကျော် ကုန်သွားတယ်" ဟု ပြောပြသည်။

ထို ဇာတ်ကားကို ကရင်ပြည်နယ်၊ မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံနယ်စပ် တို့တွင် သွားရောက် ရိုက်ကူးခဲ့ပြီး ကုန်ကျစရိတ် သိန်း ၂၅၀၀လောက်ထိ အကုန်ကျခံ ရိုက်ကူးထားသည်။ လက်ရှိတွင် အသံပိုင်း ဆိုင်ရာကို 5.1 system ဖြင့် ပြုလုပ် ထားပြီး ထိုင်းနိုင်ငံတွင် 5.1 Dolby Digital Surround System ဖြစ်အောင် သိန်း ၃၀၀ ထပ်မံ အကုန်အကျခံပြီး ပြုလုပ် သွားမည် ဖြစ်သည်။

Burma's Hijack မြန်မာ့လေယာဉ် ပြန်ပေးဆွဲမှု ဖြစ်ရပ်မှန် ရုပ်ရှင် ဇာတ်ကားကမြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ် အတွင်း ပြသသွားမည် ဖြစ်ပြီး ထိုင်းနိုင်ငံရှိ ရုပ်ရှင် အဖွဲ့အစည်းများ နှင့် ညှိနှိုင်းပြီး ထိုင်းနိုင်ငံတွင်လည်း ပြသသွားမည် ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly