မြောက်ကိုရီးယား ကင်းလှည့်ရေယာဉ်ကို တောင်ကိုရီးယားက ပစ်ခတ်ခြောက်လှန့်ခဲ့

မြောက်ကိုရီးယား ကင်းလှည့်ရေယာဉ်ကို တောင်ကိုရီးယားက ပစ်ခတ်ခြောက်လှန့်ခဲ့

ယခင်က အပြန်အလှန်ပစ်ခတ်ကာ နှစ်ဖက်သင်္ဘောများမှ တပ်သားများ သေဆုံးမှုဖြစ်ပွားခဲ့သည့် အငြင်းပွားရေပိုင်နက်အနီး ချည်းကပ်လာသည့် မြောက်ကိုရီးယားကင်းလှည့်သင်္ဘောကို တောင်ကိုရီးယားရေတပ်က ပစ်ခတ်သတိပေးလိုက်ကြောင်း နှစ်ဖက်စလုံးက အောက်တိုဘာ ၂၅ ရက်တွင် ပြောသည်။

သတိပေးပစ်ခတ်မှုက အောက်တိုဘာ ၂၄ ရက်တွင်ဖြစ်ပွားပြီး ယင်းနေ့တွင် သြဂုတ်လအတွင်းက သဘောတူညီမှုအရ ၁၉၅၀-၅၃ ကိုရီးယားစစ်အတွင်း ကွဲကွာမိသားစုများ ပြန်လည်တွေ့ဆုံမှု ပြုလုပ်နေချိန်လည်းဖြစ်သည်။

တောင်ကိုရီးယားရေတပ်က အငြင်းပွားရေပိုင်နက်နယ်စပ်ကို ဖြတ်လာသည့် မြောက်ကိုရီးယားသင်္ဘောကို ခြောက်လှန့်ပစ်ခတ်ကာ ပြန်ဆုတ်စေခဲ့ကြောင်း ဆိုးမြို့ရှိ တောင်ကိုရီးယားကာကွယ်ရေးတာဝန်ရှိသူတစ်ဦးက အမည်ထုတ်ဖော်ပြောကြားရန် ငြင်းဆန်ပြီး တယ်လီဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။

မြောက်ကိုရီးယားဖက်က ပြန်လှန်ပစ်ခတ်ခြင်းမရှိသကဲ့သို့ အခြားသော တုံ့ပြန်မှုများလည်း လုပ်ဆောင်လည်း မရှိကြောင်း ယင်းတာဝန်ရှိသူက ဆိုသည်။

ကိုရီးယားစစ်ပွဲအပြီးရေးဆွဲခဲ့သည့် ရေပိုင်နက်နယ်စပ်အဖြစ် မြောက်ပိုင်းကန့်သတ်မျဉ်း NLL ကို တောင်ကိုရီးယားဖက်က ပိုယူထားသည်ဟု ဆိုကာ မြောက်ကိုရီးယားက လက်မခံ ငြင်းပယ်လျက်ရှိသည်။

စစ်ပြီးနောက် ငြိမ်းချမ်းရေးစာချုပ် မချုပ်ဆိုထားသည့် နှစ်နိုင်ငံကြား တရားကိုယ်သဘောအရ စစ်ပြီးဆုံးသေးခြင်းမရှိသေးသည့် အနေအထားတွင်ရှိပြီး သာမန်ဆက်ဆံမှုများဆီ လုပ်ဆောင်မှုများသည်လည်း အငြင်းပွားမှုများရှိကာ တင်းမာမှုများရှိနေသည်။

ပုံမှန်ကင်းလှည့်ခြင်း လုပ်ဆောင်နေသည့် လှည့်ကင်းသင်္ဘောကို တောင်ကိုရီးယားတို့ဖက်က ပစ်ခတ်ခြင်းသည် ဆိုးဆိုးဝါးဝါး ရန်စလာခြင်းဖြစ်ကြောင်း၊ ယင်းသို့သော အပြုအမှုမျိုးက စစ်ရေးထိပ်တိုက်တွေ့ခြင်းများ ပေါ်ပေါက်လာနိုင်ပြီး ကိုရီးယားကျွန်းဆွယ်တွင် ပိုမိုတင်းမာမှုများဖြစ်အောင် မီးစပျိုးနေခြင်းသာဖြစ်ကြောင်း မြောက်ကိုရီးယား ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Ref: CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly