ဘေးကင်းတဲ့ သွားတိုက်ဆေး ရွေးချယ်ဖို့

ဘေးကင်းတဲ့ သွားတိုက်ဆေး ရွေးချယ်ဖို့

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


သွားတိုက်ဆေး ဝယ်မယ်ဆိုရင် တချို့က အမှတ်တံဆိပ်ကိုကြည့်ပြီးဝယ်ကြတယ်၊ တချို့က ကိုယ်နဲ့သင့်တော်မယ့်အာနိသင်အမျိုးအစားကိုရွေးဝယ်တယ်၊ တချို့ကျတော့ အသစ်ထွက်လို့ဝယ်သုံးချင်တာတွေရှိတယ်။ သင်ရော သွားတိုက်ဆေးဝယ်မယ်ဆို ဘာကိုအဓိကထားပြီးရွေးဝယ်သလဲ။

ခုကတော့ကြော်ငြာအားကောင်းတဲ့ခေတ်မို့ လူသိများတဲ့အမှတ်တံဆိပ်တွေကို လိုက်သုံးတတ်ကြပြီးနောက်လည်း ဒီတံဆိပ်တစ်ခုဆိုတစ်ခုပဲ ကြာကြာသုံးတတ်ကြပါတယ်။ ဒီတံဆိပ်ဖြစ်ရင်ပြီးရော အမျိုးအစားခွဲထားတာတွေလည်းသေချာမကြည့်ကြတော့တဲ့သူများပါတယ်။ ကိုယ်ဝယ်သုံးနေတဲ့ သွားတိုက်ဆေးက ဘာတွေပါဝင်နေသလဲ၊ ဘေးကင်းစိတ်ချရရဲ့လားဆိုတာ တစ်ချက်တွေးမိကြရဲ့လား။ သွားတိုက်တယ်ဆိုတာ ခံတွင်းထဲမှာအသုံးပြုရတာဖြစ်ပြီး အစာလမ်းကြောင်းကနေ ဗိုက်ထဲရောက်ရင်ရောက်သွားနိုင်သေးတာနော်။ တချို့သွားတိုက်ဆေးတွေဆို ဘက်တီးရီးယားကင်းရှင်းဖို့နဲ့ ခံတွင်းနံ့မွှေးစေဖို့ သွားတိုက်ဆေးကိုထွေးပြီးရင် ရေနဲ့ပလုပ်မကျင်းရတဲ့အမျိုးအစားတွေရှိပါတယ်။

ဒီလိုမျိုး ကိုယ့်ပါးစပ်ထဲထည့်ရတဲ့ဆေးက အန္တရာယ်ကင်းမကင်းဆိုတာ သိထားဖို့သင့်ပါတယ်။ ဒါ့ကြောင့် သွားတိုက်ဆေးတွေမှာ ပါတတ်တဲ့ အဆိပ်အတောက်ဓာတုပစ္စည်းတွေကိုပြောပြမယ်နော်။
သွားတိုက်ဆေးမှာပါတတ်တဲ့ အဆိပ်အတောက်ဓာတုပစ္စည်းများ
(၁) Triclosan

Triclosan က သွားဖုံးရောင်ခြင်းကိုကာကွယ်ပေးနိုင်တယ်ဆိုပေမယ့် ပဋိဇီဝဆေးယဉ်ပါးခြင်းနဲ့ဟော်မုန်းတွေကမောက်ကမဖြစ်ခြင်းတို့လိုပြဿနာတွေနဲ့ပတ်သက်နေပါတယ်။ပြောရရင်ဟော်မုန်းပြဿနာဖြစ်စေတဲ့ဓါတုပစ္စည်းတွေက စိုးရိမ်စရာတော့ကောင်းပါတယ်။ သူတို့ကြောင့် ရင်သား၊ သားအိမ်၊ဝှေးစေ့၊ဆီးကျိတ်ကင်ဆာတွေ၊ လမစေ့၊ပေါင်မပြည့်တဲ့ကလေးတွေမွေးဖွားခြင်း၊ တို့အပါအဝင် ကျန်းမာရေးပြဿနာတွေအများကြီးကိုဖြစ်စေနိုင်တဲ့အကျိုးဆက်ရှိပါတယ်။
(၂) Sodium Lauryl Sulfate (SLS)

သွားတိုက်ဆေးတွေမှာပါတတ်တဲ့sodium lauryl sulfate၊ sodium laureth sulfate (SLS)၊ ဒါမှမဟုတ် sodium lauryl ether sulfate (SLES)တွေဟာ သွားတိုက်ဆေးအမြှုပ်ထွက်ဖို့ သုံးတဲ့ဓါတုပစ္စည်းတွေဖြစ်ပါတယ်။ ဒါပေမယ့် သူတို့က လျှာမှာရှိတဲ့ အာရုံခံဖုလေးတွေရဲ့လုပ်ဆောင်ချက်ကိုနှောင့်ယှက်ကြပါတယ်။ ဒါ့ကြောင့်ပဲ သွားတိုက်ပြီးရင် ခါးနေသလို ဘာလိုလိုအရသာကြီးဖြစ်နေပြီး ဘာအရသာမှမခံနိုင်တာဖြစ်ပါတယ်

ကြမ်းတိုက်ဖို့အရင်က အသုံးပြုလေ့ရှိကြတဲ့ sodium lauryl sulfate ဟာ ခံတွင်းမှာ အရမ်းသေးငယ်တဲ့ပေါက်ပြဲမှုအနာလေးတွေ( ပါးစပ်အနာလေးတွေ)ဖြစ်စေနိုင်တဲ့ချေးချွတ်ဆေးတစ်မျိုးပါပဲ။
(၃) သကြားတု

သွားတိုက်ဆေးကိုခြောက်သွေ့မသွားအောင် ထိန်းပေးထားတဲ့အရည်Sorbitol ဟာ ကလေးတွေကို ဝမ်းလျှောစေနိုင်ပါတယ်။ သကြားတုဖြစ်တဲ့Saccharin ဟာ သည်းခြေအိတ်ကင်ဆာ၊ ဦးနှောက်အကျိတ်နဲ့ပြန်ရည်ကြောရောဂါဖြစ်စေနိုင်တယ်။ ခံတွင်းမှာ တံတွေးပိုထွက်စေပြီး ဘက်တီးရီးယားတွေလျော့ပါးစေနိုင်တဲ့ stevia ၊xylitol တို့လို တခြား သကြားတုတွေကိုရွေးပါ။
(၄) Propylene Glycol

Propylene glycol ဆိုတာအေးခဲမသွားအောင်ထည့်သုံးတဲ့ ပါဝင်ပစ္စည်းဖြစ်ပြီး သင်္ဘောဆေး၊ကြွေထည်နဲ့လေယာဉ်ရဲ့de-icersတွေမှာ ထည့်သွင်းကြတာတွေ့ရပါတယ်။ အသားအရေအလှကုန်တွေနဲ့ တကိုယ်ရေအသုံးအဆောင်ပစ္စည်းတွေမှာ propylene glycol ပါဝင်နေရင် လုံးဝဘေးမကင်းပါဘူး။ အရေပြား၊ မျက်စိနဲ့ အဆုတ်တို့ကို ထိစေတဲ့အပြင် ကိုယ်တွင်းအင်္ဂါစနစ်မှာ အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။ အာရုံကြောစနစ်၊ အသည်းနဲ့နှလုံးတို့ကိုလည်း ထိခိုက်စေနိုင်ပါတယ်။
(၅) Diethanolamine (DEA)

DEA ကို သွားတိုက်ဆေးလိုမျိုး အမြှုပ်ထွက်တတ်တဲ့ကုန်ပစ္စည်းတွေမှာ ပါဝင်တာတွေ့ရတတ်ပါတယ်။ သူဟာလည်းဟော်မုန်းကမောက်ကမဖြစ်စေတဲ့ ဓါတုပစ္စည်းဖြစ်ပြီး တခြားပါဝင်ပစ္စည်းတွေနဲ့ဓါတ်ပြုရင်NDEA (N-nitrosodiethanolamine) လို့ခေါ်တဲ့ ကင်ဆာဖြစ်စေနိုင်တဲ့အရာဖြစ်ပေါ်လာစေပါတယ်။ သူ့ကို အရေပြားကတဆင့် စုပ်ယူပြီးတဲ့အခါ အစာအိမ်၊ အစာရေမျို၊ အသည်းနဲ့ သည်းခြေအိတ်ကင်ဆာတွေဖြစ်လာနိုင်သေးတယ်။
ဘယ်လိုရွေးချယ်မလဲ

သွားတိုက်ဆေးဝယ်တဲ့အခါ အချိန်အများကြီးပေးပြီးရွေးချယ်နေစရာ၊ စဉ်းစားနေစရာမလိုပါဘူး။ ဒီအချက်လေးတွေကိုခေါင်းထဲထည့်ထားရင်ပဲ အဆင်ပြေနိုင်ပါတယ်။
FDA ခွင့်ပြုချက်ပါမပါကြည့်ပါ။

အရင်ဆုံး ဘူးခွံမှာFDA အသိအမှတ်ပြုထောက်ခံချက်ပါမပါစစ်ကြည့်ပါ။ တရားဝင်အသိအမှတ်ပြုထောက်ခံချက်မပါရင် အရည်အသွေးနဲ့ဘေးကင်းစိတ်ချရမှုကို ယုံကြည်လို့မရနိုင်ပါဘူး။
label ကိုသေချာကြည့်ပါ။

သွားတိုက်ဆေးတချို့က ကလေးနဲ့လူကြီးအတွက် ခွဲပြီးထုတ်လုပ်ထားတာရှိပါတယ်။ label မှာဖော်ပြထားတဲ့အရာတွေကိုသေချာဖတ်ပြီး အထက်မှာဖော်ပြထားတဲ့အဆိပ်အတောက်ဓါတုပစ္စည်းတွေပါမပါ ကြည့်ပါ။
ကိုယ်နဲ့ကိုက်ညီတာ၊ ကိုယ့်လိုအပ်ချက်ကိုအဓိကထားပါ။

ဥပမာ ကိုယ်ကသွားကျဉ်တတ်တယ်ဆိုရင် သွားကျဉ်ခြင်းကို အဓိကထားဖြေရှင်းပေးမယ့်သွားတိုက်ဆေးအမျိုးအစားကိုရွေးတာမျိုး။ သွားတိုက်ဆေးတစ်မျိုးစီက သူ့အားသာချက်နဲ့သူ အဓိကထားတဲ့ပစ်မှတ်ချင်းကွာခြားတတ်ပါတယ်။ ထိခိုက်လွယ် sensitiveဖြစ်တဲ့သွားနဲ့သွားဖုံးတွေအတွက်သွားတိုက်ဆေးတွေက potassiumnitrate သို့မဟုတ် strontiumchloride ပါဝင်တတ်ပါတယ်။ ကလေးတွေ၊ အာဟာရကနေFluoride အလုံအလောက်မရနိုင်တဲ့လူကြီးတွေနဲ့ ဆီးချိုဝေဒနာရှင်တွေအတွက်Fluoride သွားတိုက်ဆေးတွေ သင့်တော်ပါတယ်။ သွားပိုးစားခြင်းကိုကာကွယ်ပေးတဲ့အချက်၊ သွားဖုံးရောင်ခြင်းကိုကာကွယ်ပေးတဲ့အချက် စသည်ဖြင့် အမျိုးမျိုးရှိနိုင်ပါတယ်။
ကိုယ့်သွားတွေက sensitiveဖြစ်တယ်ဆိုရင် သွားဖြူဖွေးစေတဲ့သွားတိုက်ဆေးကိုမသုံးပါနဲ့။

သွားကိုဖြူစေတဲ့whiteningသွားတိုက်ဆေးတွေကဘေးကင်းပါတယ်။ ဒါပေမယ့် သူ့မှာပါတဲ့ဓါတ်ပစ္စည်းတွေကြောင့် သွားကျဉ်တတ်တဲ့sensitive လက္ခဏာတွေကိုပိုဆိုးစေနိုင်ပါတယ်။
အချိုသိပ်ကဲတဲ့ သွားတိုက်ဆေးတွေကိုရှောင်ပါ။

အချိုဓါတ်လွန်ကဲရင် သွားပျက်စီးစေနိုင်ပါတယ်။တော်သင့်ရုံလောက်ဆို လက်ခံနိုင်ပေမယ့် အချိုသိပ်ကဲနေတဲ့သွားတိုက်ဆေးတွေကိုရှောင်တာကောင်းပါတယ်။ ကလေးအတွက်ထုတ်တဲ့အမျိုးအစားတွေမှာ အချိုပိုပါတတ်တာမို့ label မှာသေချာကြည့်ပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly