ငြိမ်းချမ်းရေးနဲ့ တရားမျှတမှု

ငြိမ်းချမ်းရေးနဲ့ တရားမျှတမှု

ဒီနှစ် ဒီဇင်ဘာကတော့ ကျွန်တော့ရဲ့ အတိတ်ကို တူးဆွလိုက်သလိုပါပဲ။ ဝိမုတ္တိ အမျိုးသမီး အဖွဲ့ ကနေ လုပ်မယ့် “ကျွန်တော်တို့ အတွက် တရားမျှတမှုက ဘယ်မှာလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို ၁၀ ရက်လောက် ကြိုတင်ပြီးဖိတ်ပါတယ်။ ဒီပွဲရဲ့ ရည်ရွယ်ချက်ကို နှစ်သက်လို့ ကျွန်တော် လက်ခံလိုက်ပါတယ်။ ပထမပိုင်း ဆွေးနွေးပွဲမှာ ပြောရမယ့် အကြောင်းအရာက ကျွန်တော်တို့ နိုင်ငံရေးလောကထဲ ဘယ်လိုရောက်လာပြီး ပါဝင်ခဲ့တာလဲ။ စစ်အစိုးရလက်ထက် အဖမ်းခံရစဉ် ညှဉ်းပန်းနှိပ်စက်မှုများအကြောင်းနဲ့ ပြစ်မှုကို မကျူးလွန်ပါဘဲလျက် မတရားထောင်ချခံရတယ် ဆိုတဲ့ အကြောင်း၊ကျွန်တော်က တခြားသူတွေထက်ထူးခြားပြီး သေဒဏ်နဲ့ တစ်သက်တစ်ကျွန်း  ပြစ်ဒဏ်ချခံရတယ် ဆိုတဲ့ အကြောင်း ၊ ပြစ်မှုမကျူးလွန်ပါဘဲလျက် ထောင်ထဲမှာ ၂၃ နှစ်တောင် နေခဲ့ရတယ်ဆိုတဲ့အကြောင်း ၊ ဒီလို မတရားခံခဲ့ရတာနဲ့ ပတ်သက်လို့ ကျွန်တော့ရဲ့ ရင်တွင်းခံစားချက် တွေကို ပြောပေးဖို့ပါ။ ဒုတိယပိုင်းမှာတော့ တရားဥပဒေရှုထောင့်ကနေ တရားရေးဖက်က ကျွမ်းကျင်သူတွေ ဆွေးနွေးမှာပဲ ဖြစ်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်က ရုံးက ဆေးခွင့်ယူပြီး အိမ်မှာ ထိုင်မနေချင်တာနဲ့ ကျွန်တော့ ရဲဘော်တွေနဲ့ စာဖတ်ပရိတ်သတ်တွေဆီ နယ်လှည့်ခရီးစဉ် သွားလိုက်တော့ ရန်ကုန်ကို ဆွေးနွေးပွဲအမီ ရောက်အောင်ပြန် လာခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့ နယ်လှည့် ခရီးစဉ်ကလည်း အောင်မြင်ပါတယ်။ ကျောက်ပန်းတောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဉက္ကဋ္ဌနဲ့ အဖွဲ့ဝင်တချို့၊ ရွှေဘိုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဉက္ကဋ္ဌနဲ့ အဖွဲ့ဝင်တချို့၊ ကော်လင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခရိုင်ဉက္ကဋ္ဌနဲ့အဖွဲ့ဝင်တချို့၊ ပြင်ဦးလွင်မြို့နယ် တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တချို့၊ နောက်တခါ  နိုင်/ကျဉ်းတချို့နဲ့လည်း တွေ့ခဲ့ပါတယ်။ ပုဂံဘုရားနဲ့ သမ္ဗုဒ္ဓေဘုရားကိုလည်း ဖူးမျှော်ခဲ့ပါတယ်။

ခရီးစဉ်တလျှောက် ၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးအတွက် အလွတ်သဘော ရင်းနှီးပျူငှာပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါတယ်။ ကျနော်တို့ လက်ရှိ လုပ်ကိုင်နေတဲ့ နိုင်/ကျဉ်းတို့ရဲ့ နားခိုရာ ဆောက်လုပ်နေမှုကိုလည်း ရှင်းပြခွင့်ရခဲ့ပါတယ်။

ကျွန်တော် အထက်ကဖော်ပြထားတဲ့ တရားမျှတမှုက ဘယ်မှာလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကသာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုရောက်တော့ ခရိုင်ဉက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်တချို့နဲ့ စကားပြောကြတော့ သူတို့ဆီက လူမသိ သူမသိ ကိစ္စရပ်တစ်ခုကိုပြောပါတယ်။ စစ်အစိုးရခေတ်(တပ်မတော်အစိုးရ) တုန်းက သူတို့ဆီက ဝန်ထမ်း ၃ ယောက်ဖြစ်တဲ့ ဦးကျော်ညွန့်(မြို့နယ်ပညာရေးမှူး)၊ ဦးအောင်ညွန့်( အလယ်တန်းပြဆရာ)၊ ဦးရဲညွန့်(မိုးလေဝါသနဲ့ ဇလဗေဒ ၊ မြို့နယ်ဦးစီးမှူး)တို့ဟာ စာရင်းမရှိ အမှုတွဲမရှိ ထောင်ထဲမှာ ၆ နှစ်တောင်နေခဲ့ရတယ်၊ ပုဒ်မ ၁၀(က) လားဆိုတော့ ဘာပုဒ်မမှ မတတ်ဖူးတဲ့။ သူတို့ကို ၆ နှစ်အတွင်း ချုပ်ရက်ရမန်လည်းမယူ၊ တရားရုံးမတင် ပြစ်ဒဏ်လည်းမချဘဲ စစ်ထောက်လှမ်းရေးက ဒီအတိုင်း ၆နှစ်လုံးလုံးထောင်ထဲမှာ ထည့်ထားတာ တဲ့။ ဘာပုဒ်မမှလည်းမတတ်ဘဲ ၆ နှစ်ထောင်ထဲမှာထည့်ထားကာ လွှတ်ပေးလိုက်ပြီး ဝန်ထမ်းပင်စင်လည်း မပေးပါဘူးတဲ့။ သိတ်မကြာဘူး ရှေ့ဆင့်နောက်ဆင့်ပဲ သူတို့ဟာ ဆုံးပါးသွားကြတယ်.. တဲ့။ သူတို့ကို ထောက်လှမ်းရေးက ဘာလို့ဖမ်းတာလဲ ဆိုတော့ ၁၉၈၉ ခုနှစ်က ထိုင်းနိုင်ငံကနေ အိန္ဒိယကို ကျောင်းသားတွေက လေယာဉ်ပြန်ပေးဆွဲတာ ဆပ်ပြာတုံး ဗုံးပုံစံလုပ်ထားတာကို လက်ဖက်ရည်ဆိုင်မှာ ဟားတိုက်ရီမောကြလို့  ဖမ်းတာတဲ့။ အဲဒါနဲ့ပဲ သူတို့ကို ဖမ်းလိုက်ပြီး ထောင်ထဲ ထည့်လိုက်တာပဲ ဖြစ်ပါတယ်။ အဲဒီခေတ်က တရားဥပဒေစိုးမိုးရေးကို အဲဒီလိုလုပ်ကြတာပဲ ဖြစ်ပါတယ်။  

သူတို့တွေသည်လည်း ကျွန်တော်တို့ရဲ့ နိုင်ငံသားပေပဲ မဟုတ်ပါလား။ ကျွန်တော်တို့လို လူသားတွေပဲ မဟုတ်ပါလား၊ ကျွန်တော်တို့က နိုင်ငံရေးလုပ်လို့ NLD ရဲ့ အမာခံလူငယ်တွေမို့ ဖမ်းတယ်၊ တကယ်မကျူးလွန်တဲ့ အမှုတွေနဲ့ ထောင်နှစ်ရှည်ချခံရတယ်၊ ယုံကြည်ချက်တွေ ခံယူချက်တွေနဲ့ ထောင်ထဲမှာ ကြံ့ကြံ့ခံရပ်တည်ခဲ့တယ်၊ ဒါပေမယ့် သူတို့က သာမန်ပြည်သူတွေထဲက ပြည်သူတွေဆိုတော့ သူတို့ရဲ့ နစ်နာချက်တွေကို ကျွန်တော်တို့ ကိုယ်ချင်းစာကြည့်လို့ ရပါတယ်။

ကျွန်တော့ရဲ့ ဆောင်းပါးအစမှာ ဖော်ပြခဲ့သလိုပါပဲ၊ စစ်အစိုးရ၊ အာဏာသိမ်းအစိုးရ(တပ်မတော်အစိုးရ) ခေတ်မှာ တရားမျှတမှုတွေ မရှိတာကတော့ ဘယ်သူမှ အငြင်းမပွားနိုင်ပါဘူး။ ဒီဖက်ခေတ်ကိုရောက်လာတော့ အကန့်အသတ်တွေနဲ့ ပွင့်လင်းမြင်သာမှုတွေရှိလာတာရယ်၊ လွတ်လပ်စွာထုတ်ဖော် ပြောဆို ရေးသား ထုတ်ဝေခွင့်တွေ ရလာတာရယ်တွေကြောင့် လူသားပီပီ  တရားဉပဒေမဲ့ လုပ်ထားခံခဲ့ရမှုတွေ၊ နစ်နာမှုတွေ၊ ဆုံးရှုံးမှုတွေကို ယနေ့မျိုးဆက်တွေ သိရှိလာစေရန် နှင့် ထပ်မံမဖြစ်ပေါ်စေရန် ပြောဆိုမှုတွေ ခပ်စိတ်စိတ်ဖြစ်လာတာ တွေ့ရပါတယ်။

အဲဒီလို ခပ်စိတ်စိတ်ဖြစ်လာခြင်းသည် ကျွန်တော်တို့မြန်မာနိုင်ငံဟာ ဒီမိုကရေစီရေး အသွင်ကူပြောင်းနေတဲ့ အတွက် အသွင်ကူးပြောင်းရေးကာလ တရားမျှတရေးဆိုတဲ့ Transitional justice   မရှိမဖြစ် လိုအပ်နေလို့ပဲ ဖြစ်ပါတယ်။ ဆိုလိုချင်တာက မြန်မာပြည်မှာ တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် မရှိမဖြစ်လုပ်ရမှာကတော့ ကျန်ခဲ့တဲ့အတိတ်နဲ့ ယခုပစ္စုပ္ပန်မှာ တရားမျှတမှု ရရှိစေ‌ရေးကို လုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။ မတရားခံထားရသူ မြန်မာနိုင်ငံတိုင်းရင်းသားတွေရဲ့ စိတ်ဒဏ်ရာတွေကို ပြန်လည်ကုစားပေးရမှာ ဖြစ်ပါတယ်။ ဒါမှလည်း အနာဂတ်မှာ တရားမျှတရေးနဲ့ တရားဥပဒေစိုးမိုးရေး အားကောင်းလာမှာပဲ ဖြစ်ပါတယ်။

သိပ်မဝေးသေးတဲ့ အချိန်ကာလတွေမှာ ကျွန်တော်အပါအဝင် နိုင်ငံရေးအကျဉ်းသားဟောင်းများနဲ့ တိုင်းရင်းသားပြည်သူတစ်ချို့ဟာ တရားမျှတမှုကင်းမဲ့စွာနဲ့ အနှိပ်စက် အညှဉ်းပန်းခံ၊ ထောင်နှစ်ရှည် ကျခံခဲ့ကြရပါတယ်။ တစ်ချို့ဟာ နောက်ဆက်တွဲ စိတ်ဒဏ်ရာတွေအပါအဝင် အခြားဒဏ်ရာတွေနဲ့ ကွယ်လွန်သွားကြတာတွေလည်း ရှိနေပါတယ်။ သူတို့တွေဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လိုလားသူများဖြစ်ကြပါတယ်။ နိုင်ငံတော်မှာ တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးကိုလည်း လိုချင်ကြသူ များဖြစ်ပါတယ်။ မေးခွန်းတိုင်း ပြဿနာတိုင်းမှာ အဖြေရှိကြတာပဲ မဟုတ်ပါလား။

ကျွန်တော်တို့ အဖြေထုတ်တဲ့အခါ မတရားမှုတွေခံစားကြရပြီး စိတ်ဒဏ်ရာ ရနေကြသူတွေနဲ့ အခြားဒဏ်ရာရနေသူတွေအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့  ငြိမ်းချမ်းရေးအောင်မြင်စေရန် တစ်စုံတရာ ပြန်လည်ကုစားပေးရေးအစီအစဉ်ကို နိုင်ငံတကာမှာ ဆောင်ရွက်တဲ့နည်းတူ သက်ဆိုင်သူများက ဆောင်ရွက်ပေးနိုင်ဖို့ ကြိုးစားစေချင် ပါကြောင်း။   ။

သန့်ဇော် ( သန်လျင် )

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly