အစိုးရကိုယ်တိုင် တန်းတူညီမျှ စဉ်းစားသင့်သည်ဟု AA အကြံပြု

အစိုးရကိုယ်တိုင် တန်းတူညီမျှ စဉ်းစားသင့်သည်ဟု AA အကြံပြု
ဓါတ်ပုံ - AA Info Desk AA ဗိုလ်လောင်း သင်တန်းဆင်းပွဲတခု။

ရန်ကုန်၊ ဒီဇင်ဘာ ၂၇။           ။ ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲများကြောင့် အရပ်သားများ ထိခိုက်သေဆုံးနေမှုနှင့် ပတ်သက်၍ အစိုးရကိုယ်တိုင် တန်းတူညီမျှစွာ စဉ်းစားသင့်သည်ဟု ရခိုင်တပ် (AA)ဘက်မှ အကြံပြု ပြောသည်။

ဖမ်းဆီး ထိန်းသိမ်းထားခဲ့သည့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ NLD ပါတီဥက္ကဋ္ဌ ဦးရဲသိန်း သေဆုံးမှုသည် အမျိုး သား ပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေနိုင်သည်ဟု NLD ပါတီဘက်မှ ပြောခဲ့သည့်အပေါ် AA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက တုန့်ပြန် ပြောလိုက်ခြင်း ဖြစ်သည်။

 “ အစိုးရကိုယ်၌က ပြုပြင်ပြောင်းလဲဖို့ လိုတယ်။ ကိုယ့်နိုင်ငံထဲမှာ ဘယ်သူပဲသေသေ သေလို့ရှိရင် ဘာကြောင့် ဒီလိုဖြစ် သလဲဆိုတာ စဉ်းစားပြီး အဖြေရှာ သင့်တယ်။ နိုင်ငံသား ဘယ်သူပဲသေသေ တန်းတူညီမျှနေပြီး စဉ်းစား  ဖို့သင့်တယ်။ အစိုးရ ကိုယ်၌က ခွဲခြားပြီး စဉ်းစားတယ်ဆိုကတည်းက ဒါဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ ဘယ်လောက်ထိ လိုအပ်ချက်တွေ ရှိနေသေးသလဲဆိုတာ ဖော်ပြနေတာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ဦးရဲသိန်းသည် တပ်မတော်ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် သေဆုံးရသည်ဟု AA ဘက်မှ ထပ်မံ အတည်ပြု ပြောခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း လက်နက်ကြီးကြောင့် အရပ်သားများလည်း သေဆုံးနေရသည်ဟု AA ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ဆိုသည်။

တပ်မတော်ဘက်ကလည်း မိမိတို့ကြောင့်မဟုတ်ဘဲ AA ၏ နိမ့်စက်မှုကြောင့်သာ သေဆုံးသွားခြင်း ဖြစ်သည်ဟု ဆိုထား သည်။

ဒေါက်တာမျိုးညွန့်က “ဦးရဲသိန်း ကွယ်လွန် သွားတယ်ဆိုတဲ့ သတင်းတွေ ပေါ်နေပါတယ်။ ဦးရဲသိန်းသေဆုံးမှုဟာ အမျိုးသားပြန်လည် သင့်မြတ်ရေး ကို ထိခိုက်စေလိမ့်မယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

ဦးရဲသိန်း သေဆုံးမှုနှင့် ပတ်သက်ပြီး NLD ပါတီက ဝမ်းနည်းကြောင်း ဒီဇင်ဘာ ၂၇ ရက်က ထုတ်ပြန်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် အပြစ်မဲ့ ပြည်သူများအား လက်နက်အားကိုးဖြင့် အကြမ်းဖက်သည့် လုပ်ရပ်မှန် သမျှကို ပြင်း ထန်စွာ ရှုတ်ချပါသည်ဟုလည်း ဆိုထားသည်။

“ ဦးရဲသိန်း၏ သေဆုံးမှုသည် မြန်မာနိုင်ငံတွင် နိုင်ငံရေးပြဿနာကို လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်း၍ မရကြောင်း သက်သေပြနေသည့်အပြင် တရားဥပဒေစိုးမိုးရေး၊ ပြည်သူများ၏ လုံခြုံရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို မလို လားသည့် အဖွဲ့စည်းများရှိနေကြောင်း ထင်ရှားစေပါသည်”ဟု NLD ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ဘူးသီးတောင်မြို့နယ် NLD ဥက္ကဋ္ဌ ဦးရဲသိန်းကိုAA ဘက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)သို့ သွားရောက်ကာ အမှုရင်ဆိုင်မှုအပေါ် ထောက်ခံကြိုဆိုပွဲ ပြုလုပ်ရန် ပြင်ဆင်နေချိန် ဒီဇင်ဘာ ၁၁ ရက်တွင် ဖမ်းဆီးသွားခဲ့သည်။

ထို့နောက် တပ်မတော်နှင့် AA တို့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မြေပုံနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှာ ဒီဇင်ဘာ ၂၂ ရက်မှ ၂၆ ရက်ထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာမှာ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း AA ဘက်မှ ထုတ်ပြန်ထား သည်။

NLD ပါတီကတော့ အကြမ်းဖက် နည်းလမ်းဖြင့် နိုင်ငံရေးပြဿနာကို ဖြေရှင်းသည့် အစဉ်အလာသည် မြန်မာ့နိုင်ငံရေး လောကမှ ပျောက်ကွယ်သွားအောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းရင်းသားပြည်သူ များနှင့် လက်တွဲ၍ အစွမ်းကုန် အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု ဦးရဲသိန်း သေဆုံးမှုနှင့်ပတ်သက်ပြီး ဒီဇင်ဘာ ၂၇ ရက်က ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

တပ်မတော်နှင့် AA ကြား တိုက်ပွဲများသည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ ယနေ့ချိန်ထိ ဖြစ်ပွားနေခြင်းဖြစ်ပြီး ထိုတိုက်ပွဲများကြောင့် အရပ်သား သေဆုံးမှု ၁၀၀ နီးပါး အထိ ရှိလာပြီး၊ AA နှင့်ပက်သက်သည်ဟုဆိုကာ တရာစွဲဆိုခံရသူ ၂၀၀ ခန့်နှင့်  စစ်ဘေးရှောင် ၁ သိန်းကျော်လာပြီးဖြစ်ကြောင်း ရခိုင်အရပ်ဖက်အဖွဲ့များထံမှသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly