တံခါးပိတ်မြောက်ကိုရီးယားနိုင်ငံက စီးပွားရေးမြှင့်တင်ရန် ခရီးသွားလုပ်ငန်းကို အားထားလာ

တံခါးပိတ်မြောက်ကိုရီးယားနိုင်ငံက စီးပွားရေးမြှင့်တင်ရန် ခရီးသွားလုပ်ငန်းကို အားထားလာ

မြောက်ကိုရီးယားနိုင်ငံသို့ လက်ရှိကမ္ဘာလှည့်ခရီးသည် ရောက်ရှိမှုသည် တစ်နှစ်လျှင် တစ်သိန်းကျော်ရုံ ရှိသော်လည်း ၂၀၂၀ မကုန်လွန်မီ ဧည့်ဝင်ရောက်မှု နှစ်သန်းရှိလာရန် ရည်မှန်းချက်ထားကြောင်း ကြေညာသည်။

ပြီးခဲ့သည်နှစ်က နိုင်ငံတွင်းသို့ လာရောက်မှုခရီးစဉ် ၁၂ ရက်တာအတွက် အမေရိကန်ဒေါ်လာ ၂၀၀၀ ပေးရပြီး ယခုနှစ်တွင် ငါးရက်တာ လာရောက်လည်ပတ်မှုအတွက် ဒေါ်လာ ၁၀၀၀ ကျော်ပေးလာရကြောင်း ဖန်ဆောဆိုသည့် မလေးရှားနိုင်ငံသား ဝက်ဘ်ဒီဇိုင်းနာနှင့် ဇနီးဖြစ်သူတို့က အတွေ့အကြုံကို ပြောပြသည်။

"ကျွန်တော်တို့အတွက် အရာရာက စူးစမ်းချင်စရာတွေပါပဲ။ ပြီးခဲ့တဲ့နှစ်ရောက်တုန်းက နေရာတိုင်း ဓာတ်ပုံရိုက်ဖို့ တော်တော်များများ အခွင့်မသာခဲ့ဘူး။ ဒါကြောင့် ဒီနိုင်ငံရဲ့ မတူခြားနားတဲ့ သဘာဝရှုခင်းတွေကို ပိုပြီးအသေးစိတ် ခံစားချင်လို့ ခုလို ထပ်လာဖို့ လုပ်တာပါ။"ဟု အသက် ၂၆ နှစ်ရှိ ဖန်ဆောက ပြောသည်။

တင်းကျပ်လွန်းသည့် စည်းကမ်းများနှင့် လူအခွင့်အရေးအလွဲသုံးသည်ဟူသော သတင်းများစွာထွက်ပေါ်ရသည့် နိုင်ငံဖြစ်သော်လည်း မြောက်ကိုရီးယားနိုင်ငံသို့ လာရောက်လည်ပတ်သည့် ဧည့်ဦးရေသည် ပြီးခဲ့သည့်နှစ်များအတွင်း မြင့်တက်လာခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် အနောက်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်များ မြောက်ကိုရီးယားသို့ လာရောက်မှုသည် ရာပေါင်းများစွာရှိခဲ့သည်။ လက်ရှိတွင် နှစ်စဉ် အနောက်တိုင်းဧည့်သည် ၅၀၀၀ ဝင်ရောက်သည်။ တရုတ်ဧည့်ဦးရေမှာလည်း နှစ်စဉ် ၁၀၀,၀၀၀ နီးပါးရှိသည်။

"ကျွန်တော်တို့က ဒီနိုင်ငံက ပြည်သူတွေရဲ့ ဘဝနဲ့ အသိအမြင်တွေကို နားလည်ချင်တာပါပဲ။"ဟု အီတလီဧည့်သည်တစ်ဦးက ပြောသည်။

နိုင်ငံသို့ ခရီးသွားဧည့်သည်ဝင်ရောက်မှုကို ၂၀၁၇ ခုနှစ်မကုန်မီ တစ်သန်းအထိ မျှော်လင့်ထားကာ ၂၀၂၀ တွင် နှစ်ဆများပြားမည်ဟု ခရီးသွားလုပ်ငန်း တာဝန်ရှိသူများက မျှော်လင့်ထားသည်။

Ref: CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly