ဘူးသီးတောင် NLD ဥက္ကဋ္ဌ သေဆုံးမှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေနိုင်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ပြော

ဘူးသီးတောင် NLD ဥက္ကဋ္ဌ သေဆုံးမှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေနိုင်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ပြော

ဒီဇင်ဘာ ၂၆၊ ရန်ကုန်။        ။ ရခိုင့်တပ် AA က ဖမ်းဆီးထိန်းသိမ်းထားခဲ့သည့် ဘူးသီးတောင် NLD ဥက္ကဋ္ဌ ဦးရဲသိန်း သေဆုံးမှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေနိုင်သည်ဟု NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

လက်ရှိတွင် ဦးရဲသိန်းသေဆုံးကြောင်း သတင်းများထွက်ပေါ်နေသည့်အပေါ် ပါတီအနေဖြင့် သက်သေအထောက်အထားများကို စောင့်ဆိုင်းလျှက်ရှိပြီး မှန်ကန်ပါက ပါတီသဘောထားကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဦးရဲသိန်းကွယ်လွန်သွားတယ်ဆိုတဲ့ သတင်းတွေ ပေါ်နေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကတော့ အဖွဲ့ကြီးဖြစ်နေတဲ့အတွက် ဒီဟာကို သက်သေပြနိုင်ဖို့ အချိန်လေးနည်းနည်းစောင့်နေပါတယ်။ လွဲမှားသွားရင် မကောင်းပါဘူး။ အကယ်၍ ဦးရဲသိန်းသာ သေဆုံးတာမှန်ရင်တော့ ဦးရဲသိန်းသေဆုံးမှုဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေလိမ့်မယ်လို့ ကျွန်တော်တို့ မြင်ကြောင်း ထုတ်ပြန်မှာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ဒီဇင်ဘာလ ၂၅ ရက် နေ့လယ်တွင် မြန်မာ့တပ်မတော်က ပစ်ခတ်တိုက်ခိုက်သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် AA ဘက်က ဖမ်းဆီးထိန်းသိမ်းထားသူများထဲမှ သေဆုံးသူနှင့် ဒဏ်ရာရသူများရှိခဲ့ပြီး သေဆုံးသူများထဲတွင် ဦးရဲသိန်းလည်း ပါဝင်ကြောင်း AA က ထုတ်ပြန်ထားခြင်းဖြစ်သည်။

“လက်နက်ကိုင်တပ်ဖွဲ့တွေက ထိန်းသိမ်းထားသူတွေနဲ့ ပတ်သက်ရင် သူတို့ပဲအသိဆုံးဖြစ်မှာပါ ခင်ဗျ။ ကျွန်တော်တို့ ဘယ်လိုပဲ စုံစမ်းသည်ဖြစ်စေ တစ်ဆင့်ကြားတွေပဲ ဖြစ်မှာပါ။ အဲ့တော့ သူတို့ရဲ့ ထုတ်ပြန်ချက်ကို တာဝန်ရှိတဲ့သူတွေကနေပြီးတော့ ထုတ်ပြန်လာတယ်။ သေချာပြီဆိုရင်တော့ အဖွဲ့ချုပ်အနေနဲ့ သဘောထားကို ထုတ်ပြန်ကြေညာသွားမှာပါ။ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ကတော့ မူဝါဒသဘောထားကို ကျွန်တော်တို့ ထုတ်ပြန်ကြေညာမယ်။

ပြည်သူလူထုလက်ခံယုံကြည်လာအောင်၊ ပါဝင်လာအောင်၊ ထောက်ခံလာအောင် နိုင်ငံရေးပါတီတစ်ခုရဲ့ လုပ်ဆောင်ချက်ကတော့ ဒီလောက်ပဲရှိပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ဘူးသီးတောင် NLD ဥက္ကဋ္ဌ ဦးရဲသိန်းကို AA မှ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ သို့ သွားရောက်ဖြေရှင်းမှုအပေါ် ထောက်ခံကြိုဆိုပွဲပြုလုပ်ရန် ပြင်ဆင်နေချိန်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။

NLD ပါတီဝင် ချင်းပြည်နယ်မဲဆန္ဒနယ် ၁၁ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကိုလည်း နိုဝင်ဘာလ ၃ ရက်နေ့တွင် AA က ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required