ရွေးကောက်ပွဲဟာ ပထမ ဖြစ်တယ်

ရွေးကောက်ပွဲဟာ ပထမ ဖြစ်တယ်
ဓာတ်ပုံ - လင်းဘိုဘို၊ အီးပီအေ
 

မကြာမီ ရက်ပိုင်းအတွင်း ကျင်းပတော့မည်ဖြစ်တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲနဲ့ တိုက်ရိုက် ပတ်သက်သူများက သူတို့ရဲ့ သဘောထားအမြင်များ၊ ပြင်ဆင်မှုများကို ဆောင်ရွက်လာနေကြတာ ရွေးကောက်ပွဲရက် နီးလာလေလေ ပိုမို အရှိန်အဟုန် မြင့်တက်လာလေလေ ပါပဲ။ ဒါဟာ သဘာဝကျတဲ့ အဖြစ်အပျက်တွေပါပဲ။

ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ သူတို့ကို ထောက်ခံကြသူနဲ့ ဆန့်ကျင်ကြသူတွေရဲ့ ပြောစကားတွေကိုလည်း ပြည်သူတွေက စောင့်ကြည့်ကြ စိတ်ဝင်စားကြတာဟာလည်း ကောင်းပါတယ်။ ရွေးကောက်ပွဲဝင်ကြမယ့် လွှတ်တော် အသီးသီးရဲ့ ကိုယ်စားလှယ်လောင်းတွေကလည်း အပြန်အလှန် တုန့်ပြန် ဝေဖန် ပြောဆိုလာမှုတွေကလည်း ပိုမို များပြား အရှိန်မြင့်လာတာ တွေ့ကြရပါတယ်။ ဒါဟာလည်း သဘာဝကျတဲ့ ကိစ္စပါပဲ။

ဒါပေမယ့် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်းက ကျေးရွာတချို့မှာ NLD မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ်များ ရိုက်ချိုးခံကြရတဲ့ ကိစ္စ၊ NLD လွှတ်တော် ကိုယ်စားလှယ်လောင်းများ မဲဆွယ် စည်းရုံးရေး ဆင်းအလာ ကျောင်းချိန်အတွင်း သွားရောက်ကြိုဆိုမိတဲ့ ကျောင်းသား ၄၀ ခန့်ကို ကျောင်းဆရာက ထိခိုက်သည့် စကားများ ပြောဆိုပြီး ထန်းလက်နဲ့ ပြင်းထန်စွာ ရိုက်နှက် ဆုံးမခဲ့သည့် ကိစ္စ၊ မဲဆွယ် စည်းရုံးရေးလုပ်ဖို့ ပြင်ဆင်နေစဉ် အခြားအဖွဲ့အစည်းတစ်ခုရဲ့ တံဆိပ်များ တပ်ဆင်ထားသူ လူတစ်စုရောက်လာပြီး ရင့်သီးစွာ ဆဲဆိုရန်စ ခြိမ်းခြောက်သည့် ကိစ္စ အစရှိတဲ့ အပြုအမူများကတော့ သဘာဝမကျတဲ့ တရားဥပဒေနဲ့ မကိုက်ညီတဲ့ အပြုအမူများပဲ ဖြစ်ပါတယ်။

တချိန်ထဲမှာပဲ ပြည်ပရောက် မြန်မာနိုင်ငံသားများ သက်ဆိုင်ရာ သံရုံးအသီးသီးမှာ ကြိုတင်မဲ ပေးကြရာမှာ မဲစာရင်းမှာ အမည်ပါပေမယ့်လည်း မဲစာရွက်မပါရှိ၊ ပါရှိပြန်တော့လည်း လွှတ်တော် အသီးသီးအတွက် မဲစာရွက်အစုံအစေ့ ထုတ်မရ၊ မဲစာရင်းမှာတောင်မှ နာမည်ပါမလာလို့ ငါးနာရီကျော်လောက် တန်းစီပြီးမှ မဲပေးခွင့်မရကြသူ အစရှိတဲ့ မှားယွင်းပြီး ကသောင်းကနင်း နိုင်လှတဲ့ မဲစာရင်း အရှုပ်အရှင်း ကိစ္စတွေဟာလည်း မဖြစ်ထိုက်တဲ့ ကိစ္စများပဲ ဖြစ်ပါတယ်။

အချို့အချို့သော နေရာများမှာ မတူညီတဲ့ နိုင်ငံရေးပါတီဝင် အချင်းချင်း အပြန်အလှန် ကိုယ်ထိလက်ရောက် ခိုက်ရန်ဖြစ်ပွားသည်အထိ ဖြစ်ပွားပြီး အပြန်အလှန် တရားစွဲဆိုထားကြသည်အထိ ဖြစ်ခဲ့တာမျိုးလည်း ရှိပါတယ်။

လွ်ိုင်ကော်မြို့မှာလည်း လီဆူးအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ်လောင်းရဲ့ မဲဆွယ်ပိုစတာများ အကြိမ်ကြိမ် ဖျက်ဆီးခံရတဲ့ကိစ္စ၊ ကန်ကြီးထောင့် မြို့နယ်ထဲမှာဆိုရင်လည်း မဲဆွယ်စည်းရုံးရေး ဟောပြောပွဲတချို့မှာ တက်ရောက်လာသူတွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တချို့က လက်မှတ်ထိုးခိုင်းခြင်းများ ပြုလုပ်ခဲ့ကြလို့ တက်ရောက်သူများ ထိတ်လန့်စိုးရိမ် ဖြစ်ကြရတဲ့ ကိစ္စများဟာလည်း မဖြစ်ထိုက်တဲ့ ကိစ္စများပဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အစကနဦး ကာလကတည်းက ဒီရွေးကောက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျင်းပရတာဖြစ်လို့ လွတ်လပ်ပြီး တရားမျှတမှုမှာ အားနည်းမှုတွေ ရှိနေတယ်လို့ အဝေဖန်ခံခဲ့ကြရပြီး ဖြစ်ပါတယ်။ ဒီကြားထဲ မဲစာရင်းအမှားတွေကိစ္စ၊ နှောက်ယှက်မှုတွေမှာ ရွေးကောက်ပွဲကော်မရှင်က ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှု လက်နှေးနေတယ်လို့ ထင်ရတဲ့ ကိစ္စတွေနဲ့ ရှုပ်ထွေးနေတဲ့ အချိန်မျိုုးမှာ အခုလို မလိုလားအပ်တဲ့ ပြဿနာများ ထပ်မံ ဖြစ်ပွားလာနေတာဟာ စိုးရိမ်ဖို့ကောင်းတဲ့ အချက်များပဲ ဖြစ်ပါတယ်။ အကယ်၍သာ ဥပဒေအရ လျင်မြန်ထိရောက်စွာ အရေးယူနိုင်ခြင်း မရှိဘူး။ ဖြစ်သမျှကိစ္စတွေမှာ တရားမျှတမှု မရှိဘူးဆိုပြီး လူတချို့က မခံမရပ်နိုင်ဖြစ်လို့ ဆူပူပေါက်ကွဲကြမယ်ဆိုရင် ရွေးကောက်ပွဲကိုတောင်မှ ထိခိုက်နိုင်တယ်လို့ မြင်သူတွေကလည်း မြင်ကြပါတယ်။

မည်သို့ပင်ဖြစ်စေ အနှစ်ချုပ်ပြီး ပြောရမယ်ဆိုလျင် မည်သည့်ပြဿနာ မည်သည့်အခက်အခဲနဲ့ မည်သည့် အနှောက်မယှက်များပင် ရှိနေပါစေ ရွေးကောက်ပွဲကို အပျက်ခံလို့မဖြစ်ဆိုတဲ့ အချက်ပါပဲ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘယ်လို အဖျက်ပယောဂ၊ ဘယ်လို ခြိမ်းခြောက်မှုနဲ့ ဘယ်လိုအဟန့်အတားနဲ့ ဘယ်လို လမ်းလွဲအောင် လုပ်ဆောင်ကြသည်ဖြစ်ပစေ အဲဒီအခက်အခဲတွေ ရွေးကောက်ပွဲရဲ့ အရေးပါမှုနဲ့ နှိုင်းယှဉ်ရင် အသေးအမွှား ကိစ္စများပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲဟာ မိမိတို့နိုင်ငံရဲ့ ဒီမိုကရေစီ အလှည့်အပြောင်းအတွက် အခရာကျတဲ့ အချက်တစ်ချက်လည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ မိမိတို့ ပြည်သူများအနေနဲ့ ယခုလို ရွေးကောက်ပွဲနီးလာနေတဲ့ အရေးကြီးတဲ့ အချိန်ကာလမျိုးမှာ နှလုံးသား ခံစားချက်ကို နောက်တန်းကိုပို့ပြီး ဦးနှောက်ကိုသာ ပထမ ဦးစားပေးထားကာ ရွေးကောက်ပွဲ အောင်မြင်ချောမွေ့စွာ ပြီးမြောက်ရေးကိုသာ ဦးစားပေး ဆောင်ရွက်သွားကြဖို့ လိုအပ်ကြောင်း တင်ပြ လိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags