ပါကစ္စတန် ဖက်ဆီက ဇနီးလောင်း ပြဿနာ

ပါကစ္စတန် ဖက်ဆီက ဇနီးလောင်း ပြဿနာ

ဒီဇင်ဘာ ၂၆။       ။ ပါကစ္စတန်ကနေ အမျိုးသမီးတွေကို ဇနီးလောင်းအဖြစ် တရုတ်နိုင်ငံ အတွင်းသို့ ခိုးသွင်းသည်အ့ မှုများတွင် တရုတ်နိုင်ငံသားများကိုပါ ဖမ်းမိခဲ့သည်။ ထိုကဲ့သို့သော အမှုများသည် စိုးရိမ်စရာဖြစ်လာနေပြီး လူအများကလည်း ပြောဆိုလာနေကြသည်။

ပါကစ္စတန်တဝှမ်းမှ အမျိုးသမီး နှင့် အမျိုးသမီးငယ်  ၆၂၉ ဦးအား တရုတ် အမျိုးသားများထံသို့ ရောင်းစားလိုက်သည့် သတင်းအား အေပီသတင်းဌာနမှ ရေးသားလိုက်သည်။ ထိုသတင်း ဖြစ်ပေါ်လာရသည့် အခြေခံမှာ လူကုန်ကူးမှု ကွန်ယက်အား စုံစမ်းဖေါ်ထုတ်ရန် အေပီ ပါကစ္စတန်  သတင်းသမားများမှ ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် လိုက်လံ စုံစမ်းခဲ့ကြသည်။ ထိုကွန်ရက်သည် ဆင်းရဲသည့် မိန်းကလေးများအား ပစ်မှတ်ထား ကြသည့် လူကုန်ကူးသည့် ကွန်ရက်ဖြစ်ပြီး ပစ်မှတ်ထားသည်မှာ ခရစ်ယန် မိသားစုဝင်များ ဖြစ်သည်။

ထိုစာရင်းမှာ ၂၀၁၈ခုနှစ်မှ စတင်သည့် စာရင်းဖြစ်ပြီး လူကုန်ကူးခံရသည့် အမျိုးသမီးငယ်လေးများ၏  အရေအတွက်သည် ထိုထက် ပင်များနိုုင်သည်။

ပြီးခဲ့သည့် မေလအတွင်းက ပါကစ္စတန်ကလေးမလေးများအား တရုတ်နိုင်ငံသားများနှင့် ထိမ်းမြားလက်ထပ်ရမည်ဟု ဆွဲဆောင်ပြီး သူတို့အား လိင်အပျော်ဆက်ရသည့် လုပ်ငန်းများအတွင်းသို့အတင်းအဓမ္မ သွတ်သွင်းသည့် တရုတ်နိုင်ငံသား ၈ ဦးအား ပါကစ္စတန်အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

ထိုဖမ်းဆီးမှုတွင် ပူးပေါင်းပါဝင် ကူညီခဲ့သည့် ပါကစ္စတန်နိုင်ငံသား ၄ ဦးအားလည်း ဖမ်းဆီးခဲ့သည်ဟု ပါကစ္စတန်အစိုးရတာဝန်ရှိသူများက ဆိုသည်။

လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch) ၏ ပြီးခဲ့သည့် ဧပြီလအစီရင်ခံစာတွင် ပါကစ္စတန်မှ သတို့သမီး လူကုန်ကူးမှု အား ပါကစ္စတန် အစိုးရအနေဖြင့် သတိကြီးကြီးထားသင့်သည်ဟု ပြော ထားသည်။  

ထိုအစီရင်ခံစာတွင်ပါရှိသည်မှာ မြန်မာအပါအဝင် အနည်ဆုံး တရုတ်၏ အိမ်နီးခြင်း ၅ နိုင်ငံမှ တရုတ်နိုင်ငံသို့ လူကုန်ကူးမှုပုံစံများမှာ  ပါကစ္စတန်၏ အဖြစ်အပျက်များနှင့် ထပ်တူပုံစံတူ ဖြစ်နေကြောင်းလည်း သတိပေးထားသည်။

တရုတ်နိုင်ငံ၏ ဆယ်စုနှစ်သုံးစုကြာ မိသားစုတစု ကလေးတယောက် ပေါ်လစီကြောင့် ကျား ၊ မ ကွာဟမှု ဖြစ် နေသည့် အရေအတွက် အား ထောင်သောင်းမကသော  အိမ်နီးခြင်းတိုင်းပြည်များက ဖြည့်စွက်ပေးနေရသည်။ ထိုကွာဟမူအား ဖြည့်ဆီးပေးနေသည့် နိုုင်ငံများက တော့ ဗီယက်နမ် နှင့် မြန်မာနိုင်ငံတို့မှ မိန်းကလေးများ ဖြစ်ပြီး သူတို့သည် တရုတ်အမျိုးသားများနှင့် လက်ထပ်ထိမ်းမြားခြင်း ပြုကြသည်။

ဧပြီလအတွင်းက ပါကစ္စတန်နိုင်ငံ လာဟိုးမြို့တွင် လိုက်စပ်ပေးသည့် (Match Making) စင်တာတခုဖွင့်ထားသည် ။ ဆင်းရဲသားမိသားစုဝင်များ၏ သမီးများအား တရုတ်နိုင်ငံသားများနှင့် လက်ထပ်စေပြီး ငွေ နှင့် ဗီဇာနှင့် အလဲအလှယ် လုပ်ကြသည်ဟု ပါကစ္စတန်သတင်းဌာနတခုမှ ဖွင့်ချလိုက်သည်။

တရုတ်အစိုးရသည် ပါကစ္စတန်အစိုးရနှင့် ထိုသို့ လိုက်စပ်ပေးသည့်စင်တာများ အား နှိမ်နင်းရေးတွင် ပူးပေါင်းပါဝင်နေသည်။ ထိုသို့သော လိုက်စပ်ပေးသည့် စင်တာများအား မယုံကြရန်နှင့် သတိထားကြရန်   တရုတ်နှင့် ပါကစ္စတန်နိုင်ငံသားများအား အသိပေးလိုသည်ဟု အစ္စလမ်မာဘတ်မြို့တွင် ရှိသည့်တရုတ်သံရုံးမှ ယခုနှစ်အစောပိုင်းက ပြောသည်။

ပါကစ္စတန်နိုင်ငံသည် လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ရွက်မှုများတွင် အခြေခံကျသော အချက်အလက်များနှင့် ဝေးကွာနေသော်လည်း တိုက်ဖျက်မှုများ လုပ်ဆောင်နေသည်ဟု အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာတွင် ဖေါ်ပြထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly