စိတ်ချမ်းသာ ကိုယ်ကျန်းမာစေမယ့် ယောဂ

စိတ်ချမ်းသာ ကိုယ်ကျန်းမာစေမယ့် ယောဂ

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ယောဂ ဆိုတာနဲ့ ခန္ဓာကိုယ်သွယ်လျကျစ်လျစ်စေဖို့ အဆီကျအားကစားသင်တန်းတွေမှာ ကစားရတဲ့အကြောလျှော့လေ့ကျင့်ခန်းတွေ၊ အသက်ရှူသွင်း၊ရှူထုတ်လုပ်ရတာတွေကိုပဲ အရင်သတိရကြတာများပါတယ်။ တကယ်က အဆီကျဖို့ အတွက်ပဲ အကျိုးကျေးဇူးရှိတာမဟုတ်ပါဘူး။

ယောဂ ဆိုတာ စိတ်ရောကိုယ်ရော ကျန်းမာရေးအတွက် တကယ်ကိုအကျိုးရှိတဲ့လှုပ်ရှားမှုတွေပါ။ အဆီကျကျစ်လျစ်စေတာက အစ သက်ရှည်ကျန်းမာခြင်းအထိ သူ့ရဲ့ကောင်းကျိုးတွေကပြောလို့မကုန်နိုင်ပါဘူး။ အဲဒီထဲမှာမှ အကြောပြေလျှော့ယောဂလေ့ကျင့်ခန်းက စိတ်ကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုလဲဆိုတာပြောပြမယ်နော်။

ယောဂက –
စိတ်ဖိစီးမှုနဲ့သောကတွေကိုလျော့ပါးစေတယ်

စိတ်ဖိစီးမှုနဲ့ ပူပန်သောကတွေဟာ ခန္ဓါကိုယ်အတွက် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ ဆုတ်ယုတ်မှုများစေနိုင်ပါတယ်။ စိတ်ရှုပ်ထွေးမှု၊ စိတ်လှုပ်ရှားမှု၊ စိုးရိမ်စိတ်တွေကြောင့်သွေးတိုးရောဂါနဲ့ ဆီးခြိုရောဂါတွေ အထိဖြစ်လာစေနိုင်ပါတယ်။ယောဂ ကစားတဲ့အခါ စိတ်တည်ငြိမ်လာမယ်၊ပြေလျော့လာမယ်၊ အကောင်းမြင်လာမယ်။
အာရုံစူးစိုက်နိုင်စွမ်း ပိုကောင်းလာမယ်

ယောဂ ကစားတဲ့သူတွေဟာ ယောဂကစားကွက်တစ်ခုချင်းစီအလိုက် ဦးနှောက်လုပ်ဆောင်ချက် တိုးတက်မှုရနိုင်ပါတယ်တဲ့။ ဦးနှောက်နဲ့ အာရုံကြောစနစ်ရဲ့ကောင်းကျိုးအတွက် တချို့ ကိုယ်နေဟန်ထား ယောဂကစားကွက်တွေကို အသုံးပြုနေကြပြီလည်း ဖြစ်ပါတယ်။ယောဂ ကစားခြင်းက အာရုံစူးစိုက်နိုင်စွမ်းပိုကောင်းစေပြီး မှတ်ဉာဏ်သိမ်းဆည်းမှုကိုလည်းတိုးတက်စေနိုင်ပါတယ်။
စိတ်အာရုံကြည်လင်စေတယ်

ဘာကြောင့်ဖြစ်စေတာလဲဆိုတဲ့အပေါ် အတိအကျ အဖြေမထုတ်ရသေးပေမယ့် စိတ်ကြည်လင် ရှင်းလင်းစေတာကိုတော့ ပညာရှင်တွေက အတည်ပြုထားပါတယ်။လေ့လာမှုတွေအရယောဂ ကစားခြင်းက မှတ်ဉာဏ်ချို့ယွင်းနေတဲ့ဝေဒနာရှင်တွေနဲ့ စိတ်ဓါတ်ကျနေတဲ့ ကင်ဆာဝေဒနာရှင်တွေရဲ့ ဘဝနေထိုင်မှုမှာ စိတ်ချမ်းသာမှု၊ စိတ်အေးချမ်းမှု ပိုရစေတာတွေ့ရပါတယ်။
သတိနဲ့ သမာဓိ ပိုခိုင်မြဲစေတယ်

ယောဂလေ့ကျင့်ခန်းနဲ့ တရားထိုင်ခြင်းက စိတ်ကိုတည်ငြိမ်စေပြီးပြေလျော့စေတဲ့အတွက် သတိပိုခိုင်မြဲစေပါတယ်။ သတိကောင်းမှ ဆုံးဖြတ်ချက်ချနိုင်စွမ်းပိုကောင်းလာမယ်။ တရားထိုင်ရင်း စိတ်ဖိစီးမှုလျော့စေပြီး သမာဓိအားကောင်းမယ်၊ လူမှုဆက်ဆံရေးပိုကောင်းစေမယ်။
စိတ်ကျခြင်းကို သက်သာစေတယ်

စိတ်ဓါတ်ကျနေတာ၊ စိတ်ဖိစီးနေတာ၊ စိတ်ရှုပ်ထွေးနေတာတွေကိုဖြေလျှော့ပေးနိုင်ပြီး အထီးကျန်စိတ်ကိုဖြေလျှော့ပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့်ညအိပ်မပျော်ခြင်းကို သက်သာစေနိုင်တဲ့အပြင် စိတ်ကစဉ့်ကလျားရောဂါနဲ့ စိတ်ဒဏ်ရာကြောင့် ဖိစီးမှုဝေဒနာ(PTSD) တို့လို စိတ်ကျန်းမာရေးပြဿနာတွေကိုပါ ကုသနိုင်ပါတယ်။
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပိုရှိလာစေတယ်

ယောဂကစားခြင်းက စိတ်နဲ့ခန္ဓါဆက်သွယ်မှုကို တိုးတက်စေပါတယ်။လေ့ကျင့်နေရင်း ဟန်ချက်ညီထိန်းညှိမှုတွေကတဆင့် ခန္ဓါကိုယ်ကျန်းမာရေးကောင်းလာပြီး စိတ်တည်ငြိမ်လာ၊ အရာရာကိုအရှိအတိုင်းလက်ခံလာ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိလာစေပါတယ်။

ယောဂဟာ ခန္ဓါကိုယ်အလှအပအတွက်တင်မကဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေအတွက်ဆေးနည်းတစ်လက်ဖြစ်ပါတယ်။သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာကိုပါ လွှမ်းမိုးမှုရှိတာကြောင့် ပိုပြီးနုပျိုသွက်လက်စေပြီး လွတ်လပ်ပေါ့ပါးတဲ့ သွင်ပြင်ကို ရရှိစေပါတယ်။ ဘဝကို အဓိပ္ပါယ်ရှိရှိနေသွားနိုင်မယ့် ၊ သက်တမ်းကုန်သည်ထိ နေသွားနိုင်မယ့် စွမ်းအင်တွေကိုလည်း ယောဂက ပေးစွမ်းနိုင်ပါတယ်။
ယောဂကစားဖို့ အချိန်မပေးနိုင်ရင်

ယောဂကစားဖို့အချိန်မပေးနိုင်တဲ့သူတွေ၊ မလှုပ်ရှားနိုင်တဲ့သူတွေရွေးချယ်နိုင်ဖို့က ယောဂလိုပဲ အလားတူအကြောပြေလျော့စေမယ့်နည်းလမ်းတစ်ခုရှိသေးတယ်။ အလုပ်လုပ်ရင်း၊ ထိုင်နေရင်း ဒါမှမဟုတ် ခဏနားချိန်အတွင်း ခန္ဓါကိုယ်မှာ လိုတဲ့နေရာအကြောလျှော့ပေးနိုင်တဲ့ အနှိပ်စက်တွေပါပဲ။ အနှိပ်စက် (massaging machines)တွေဆိုတာ ဇက်ကြော၊ ခါး၊ကျောနဲ့ပေါင် ကြိုက်တဲ့နေရာနှိပ်လို့ရတဲ့ လျှပ်စစ်သုံးလက်ကိုင်အနှိပ်စက်တွေ ဈေးကွက်မှာ အစုံအလင် ရှိသလို တစ်ကိုယ်လုံးအနှိပ်ခံလို့ရတဲ့ အနှိပ်စက်ထိုင်ခုံတွေလည်း ပါဝင်ပါတယ်။ခြေထောက်နှိပ်စက်ဆိုလည်း အာရုံကြောအစုံရှိတဲ့ ခြေဖဝါး၊ခြေသလုံး၊ခြေထောက်နှစ်ဘက်လုံးကို မိနစ်ပိုင်းလေးအတွင်း အကြောပြေလျော့စေနိုင်စွမ်းရှိပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly