ကချင်စစ်ရှောင်များ နေရပ်ပြန်ရန် KBC သို့ ဂျပန်နိုင်ငံက ဒေါ်လာ ၅ သန်းလှူ

ကချင်စစ်ရှောင်များ နေရပ်ပြန်ရန် KBC သို့ ဂျပန်နိုင်ငံက ဒေါ်လာ ၅ သန်းလှူ
ပုံ - ဂျပန်သံရုံး(fb) ဂျပန်သံအမတ်ကြီးနှင့် KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်တို့ကို တွေ့ရစဉ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၄။         ။ ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရန် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) သို့ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းက အမေရိကန် ဒေါ်လာ ၅ သန်း လှူဒါန်းခဲ့ကြောင်း သိရသည်။

KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန် ဦးဆောင်သော အဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Maruyama Ichiro ဦးဆောင်သည့် အဖွဲ့တို့ မြစ်ကြီးနားမြို့မှာ ဒီဇင်ဘာ ၂၁ ရက်က တွေ့ဆုံ၍ ကချင်စစ်ရှောင် များ နေရပ်ပြန်ရေး ကူညီမည့် အခြေအနေများ ဆွေးနွေးစဉ် ဂျပန်နိုင်ငံက ဒေါ်လာ ၅ သန်း လှူဒါန်းမည်ဖြစ်ကြောင်း ပြောခဲ့ခြင်း ဖြစ်သည်။

KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်က “ မနှစ်က ၃ သိန်း၊ နောက်နှစ် အတွက်ကတော့ ဒေါ်လာ ၅ သန်း လျာထားတယ်။ နေရပ်ပြန်တွေ နေရာချထားဖို့ အတွက် ပေါ့။ ဒီဇင်ဘာ၂၁ ရက်နေ့မှာ ကျွန်တော်တို့တွေ့တယ်” ဟု ပြောသည်။

ကချင်ပြည်နယ်တွင် ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)နှင့် တပ်မတော်တို့ကြား ၂၀၁၁ ခုနှစ်က တကျော့ပြန် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ကချင်ပြည်နယ်အဝန်း စစ်ဘေးရှောင် ဒုက္ခသည် ၁ သိန်း ၂ သောင်းဝန်းကျင် ရှိကြောင်း၊ အဆိုပါ စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် အစိုးရ၊ ကချင်အဖွဲ့အစည်းကြား ကြိုးပမ်းနေကြသည်။

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက “ဂျပန်နိုင်ငံ၏ အထောက်အပံ့များသည် ကချင်ပြည်နယ်၏ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေများ ပြန်လည် ကောင်းမွန်လာရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု တတ်နိုင်သမျှ အမြန်ဆုံးရရှိရန်အတွက် ပံ့ပိုးကူညီနိုင်ပြီး မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဖွံ့ဖြိုး တိုးတက်ရန်အတွက် မြန်မာနိုင်ငံ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင်အဖွဲ့များ အား လုံး အနေဖြင့် နောက်ပိုင်းမှာလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်လက် လုပ်ဆောင်သွားနိုင်ရန် မျှော်လင့်ပါ သည်။ ဂျပန်နိုင်ငံအစိုးရအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များတိုးတက် ရန်အ တွက် ဆက်လက်ပြီး အားသွန်ခွန်စိုက် ပံ့ပိုးကူညီသွား မည်ဖြစ်ပါသည်”ဟု ဒီဇင်ဘာ ၂၁ ရက် KBC ဥက္ကဋ္ဌနှင့်တွေ့ဆုံမှု အပေါ် ထုတ်ပြန်ထားသည်။

မိုင်းရှင်းလင်းရေးနှင့် တခြား ကိစ္စရပ်များကိုလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့နှင့် ပူးပေါင်းကာ ကူညီဆောင်ရွက်ပေး မည်ဖြစ်ကြောင်းလည်း သိရသည်။

ဒေါက်တာ ခလမ်ဆမ်ဆွန်က “ အခု လောလောဆယ် ပြန်နိုင်မယ့် ရွာတွေကို NRPC နဲ့လုပ်ထားတဲ့ စာရင်းက ၁၇ ခုရှိတာ ပေါ့ ၊အဲမှာ တကယ်တမ်း ပြန်ဖြစ်မယ့် ရွာတွေကို မတ်လမှာ စပြီး လုပ်ဖို့ရှိတယ်။ ဒီ ၁၇ ခုထဲမှာ လူဦးရေက ၅၀၀၀ လောက် ရှိမယ်ထင်တယ် “ ဟု မဇ္ဈိမသို့ ပြောသည်။

နေရပ်ပြန်ရေး လုပ်ငန်းစဉ်တွင် အိမ်၊ ကျောင်း၊ ကျန်းမာရေး၊ ပညာရေးနှင့် အသက် မွေးဝမ်းကျောင်း အစရှိသည့် အခြေခံ လိုအပ်ချက်များကိုလည်း နီပွန်ဖောင်ဒေးရှင်း အကူအညီဖြင့် လုပ်ဆောင်သွားမည်ဟုလည်း သိရသည်။

လက်ရှိတွင် ကချင်ပြည်နယ်၌ KIA နှင့် တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားမှု မရှိတော့သလောက် ငြိမ်သက်နေပြီး ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly