တရုတ်တကိုယ်တည်းသမားများ အိမ်ထောင်ဖက် ရှာဖွေ

တရုတ်တကိုယ်တည်းသမားများ အိမ်ထောင်ဖက် ရှာဖွေ

ဒီဇင်ဘာ ၂၄။             ။ အခြားထောင်ပေါင်းများစွာသော တရုတ် အမျိုးသားများနည်းတူ  " ကျော့ရှင်စိန် " တယောက်လည်း အထီးကျန်ဘဝကနေ  လွတ်မြောက်ဖို့ နှင့် သက်သာတဲ့ ဈေးနှုန်းရဖို့အတွက် အမျိုးသမီးတဦးကို အင်တာနက် အွန်လိုင်းမှာ တက်ရှာခဲ့သည်။

ကျော့တယောက် အသက် ၄၀အရွယ်တွင် အိမ်ထောင်ပျက်ခဲ့ပြီး တကိုယ်တည်း အထီးကျန်ဘဝကို တွေးပူကာ ဗီယက်နမ် နိုင်ငံခြားသား အမျိုးသမီးတဦးကို ရှာဖွေနေခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၏ တအိမ်ထောင်ကလေးတဦး ပေါ်လစီ ၊ ထိုပေါ်လစီတွင် သမီးမိန်းကလေးများကို ပစ်မှတ်ထား ချမှတ်ထားသည့် မူ ကြောင့် ကျား ၊ မ လူဦးရေကွာဟမှု ကြီးမားခဲ့သည်။ တရုတ်ပြည်၏ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ ဈေးကွက်ထဲတွင် တဝလည်လည် ဖြစ်နေသည့် သန်းပေါင်းများစွာသော အမျိုးသားများထဲတွင် ကျော့သည် တဦးအပါအဝင် ဖြစ်သည်။

တရုတ်နိုင်ငံတွင် အမျိုးသားဦးရေသည်  အမျိုးသမီးလူဦးရေထက် ၁၇သန်း ပိုများသည်။ လူမှုအဖွဲ့အစည်းအတွင်း အပြောင်းအလဲနှင့် ဖွံ့ဖြိုးမှု မြန်ဆန်လာသည်နှင့်အမျှ တရုတ်အမျိုးသမီးများသည်လည်း  ရာခိုင်နှုန်း အတော် များများ အိမ်ထောင်ကွဲဖြစ်လာကြသည်။

"ကျနော့်လို အသက် အရွယ် လူတယောက်အဖို့ တရုတ်အမျိုးသမီးကို ရယူဖို့အတွက် အလွန်ကို ခက်ခဲလှပါတယ်" ဟု အသက် ၄၁နှစ်အရွယ် ရှိပြီဖြစ်သည့် ကျော့က ပြောသည်။ တကိုယ်ရေသမား အများစုမှာ တရုတ်နိုင်ငံ၏ ကျေးလက်တွင် များပြားလှပြီး ထိုသူတို့အား တရုတ်တွင် "မျောက်သစ်ကိုင်းလွတ်" သဘောမျိုးပြောလို့ရသည့်  "ယူချင်သော်လည်း မရသည့် အမျိုးသားများ" ဟု တင်စားခေါ်ကြသည်။

အချိန်ကလည်းမရှိသဖြင့် ကျော့သည် အမေရိကန်ဒေါ်လာ နှစ်သောင်းကို ဖြစ်ညှစ်ထုတ်လိုက်ပြီး သူ၏ဒုတိယမြောက်ဇနီးလောင်းအား ရှာဖွေလိုက်သည်။ အသက် ၂၆နှစ်ရှိပြီဖြစ်သည့် ဗီယက်နမ် အမျိုးသမီးတယောက်ကို ရလိုက်ပြီး ကျင်းစုပြည်နယ်သို့ ရွှေ့ပြောင်းစေခဲ့သည်။ "ကျနော့်လို အသက်အရွယ်မျိုးအတွက်တော့ အချိန်ကို ငွေနဲ့ဝယ်ယူရတာပါပဲ" ။

မိမိ၏မရေရာ မသေချာသောအရေးအား ဖြေရှင်းပြီးသည့်နောက် ကျော့သည် တရုတ်နိုင်ငံတွင် ဒေါ်လာသန်းပေါင်းများစွာတန် ခေတ်စားလာသည့် နိုင်ငံခြားသူ အမျိုးသမီးများအား "တွဲပေး" (Match-Making) သည့် ကုန်သွယ်မှုလုပ်ငန်း အွန်လိုင်း အင်တာနက် စီးပွားရေးလုပ်ငန်းအား အစပြုလိုက်တော့သည်။

ထိုလုပ်ငန်းပုံစံမျိုးမှ ရရှိသည့်ဝင်ငွေများ၏ အစိတ်အပိုင်းတချို့အား ဆင်းရဲသည့် မဲခေါင်မြစ်ဝှမ်း နိုင်ငံငယ်များဆီသို့ တရားမဝင်ပြန်ပို့ပေးရမည်ဖြစ်သည်။

အခြေအနေ အားလုံးသည် အဖြူ အမဲသဲသဲကွဲကွဲ မဟုတ်။ များစွာသော ထိမ်းမြားလက်ထပ်မှုများမှာ အဆင်ပြေသော်လည်း အခြားတဖက်တွင်တော့ အဆင်မပြေကြ။ မြန်မာ ၊ ကမ္ဘောဒီးယား ၊ လာအိုး ၊ ဗီယက်နမ်နိုင်ငံများမှ များစွာသော အမျိုးသမီးများသည် ဆင်းရဲမွဲတေသည့် ကျေးလက်ဘဝနှင့် တရုတ်နိုင်ငံ ကျေးလက်ဘဝကို လဲလှယ်လိုက်ရသည့်အတွက် မကျေမနပ် ဖြစ်ကြရသည်။ အခြားသော အမျိုးသမီးများမှာ အလိမ်ခံရလိုက်ရပြီး မယားအဖြစ် ရောင်းစားခံခဲ့ကြရသည်။

တရုတ်နိုင်ငံ၏ တကိုယ်တည်းအမျိုးသားများမှာ များသောအားဖြင့် အသက်အရွယ်ကြီးမြင့်၊ အိမ်ထောင်ကွဲ ၊ မသန်စွမ်းသူများနှင့် ဆင်းရဲကြသူများသောကြောင့် တရုတ်အမျိုးသမီးတဦးအား အိမ်ထောင်ပြုကြမည်ဆိုလျှင် "တင်တောင်း" ရသည့် အခကြေးငွေနှင့် တန်စိုးလက်ဆောင် ပေးနိုင်ခြင်း မရှိသည့်သူများသည်။

ထိုတင်တောင်းရသည့် ကုန်ကျစားရိတ်မှာ နိုင်ငံ၏ ဒေသအတော်များများတွင် အမေရိကန်ဒေါ်လာ နှစ်သောင်းကျော်မှ သုံးသောင်းကျော်အထိ ရှိနိုင်ကြောင်း တရုတ်နိုင်ငံ၏ မီဒီယာများမှ သိရသည်။

"ပြသနာတွေကတော့ အမျိုးသမီးတွေဟာ သူတို့အလိမ်ခံလိုက်ရပြီလို့ထင်လာတာကနေ စတာပါပဲ" ဟု လစဉ် ဗီယက်နမ်နိုင်ငံတွင် ရှိသည့် သူ၏ဇနီးမိသားစုထံ လစဉ် အမေရိကန်ဒေါ်လာ ၁၇၅ ပို့ပေးနေသည့် ကျော့က ဆိုသည်။

"ဒီငွေပမာဏက ကျနော်တို့အတွက် မပြောပလောက်ပေမဲ့ သူတို့အတွက်တော့ ဘဝအာမခံချက် ပါပဲ" သူကဆက်လက် ပြောကြားသည်။

"တရုတ်အမျိုးသားတွေဟာ ထုံးတမ်းစဉ်လာ ယဉ်ကျေးမှု ၊ စိတ်ပိုင်းဆိုင်ရာ နှင့် စီးပွားရေးဆိုင်ရာ ဝန်ထုတ်ဝန်ပိုးတွေကို ရင်ဆိုင်နေရပါတယ်" ဟု ရှီကျန်တောင် တက္ကသိုလ် ၊ ဖွံ့ဖြိုးမှုနှင့် လူဦးရေ စစ်တမ်း လေ့လာရေးသုတေ သန မှ ပါမောက္ခ ဂျမ်ကွမ်ဘောင်က ပြောသည်။
“လက်ထပ်ထိမ်းမြားတယ်ဆိုတာ လူပုဂ္ဂိုလ်တဦးတယောက် ကိစ္စမဟုတ်ပါဘူး၊ မိသားစု တစုလုံးနဲ့ လွှမ်းခြုံပါတယ် အထူးသဖြင့်တော့ မိဘတွေပေါ့” ဟု ဂျမ်က အေအက်ဖ်ပီကို ပြောသည်။

အမျိုးသမီးများ အထူးသဖြင့် မြို့ပြနေ အမျိုးသမီးများသည် တကိုယ်ရည်ဘဝကို ပိုနှစ်သက်နေစဉ် သို့မဟုတ် လုပ်ငန်းဆောင်တာ လုပ်နေစဉ် သို့မဟုတ် ပညာသင်ကြားနေစဉ်တွင် လက်ထပ် ထိမ်းမြားခြင်းကို မစဉ်းစားကြ တော့ပေ။ တပြိုင်နက်တည်းတွင်လည်း တရုတ်ကျေးလက်ဒေသများတွင် အမျိုးသမီးဦးရေမှာ တနေ့တခြား နည်းလာနေသည်။

"အိမ်ထောင်မပြုရသေးသော သားအတွက် လူမှုရေးအရ တင်းကြပ်စွာရှိနေသည့် ကျေးလက်ဒေသ လူ့အဖွဲ့အစည်းတွင် နေထိုင်ကြရသည့် မိသားစုအတွက် အခက်အခဲ အကြပ်အတည်းနှင့် ရင်ဆိုင်နေရတယ်" ဟု ဂျမ်က ဆက်လက်ပြောသည်။

ထိုကဲ့သို့သော လူမှုရေးမျှော်လင့်ချက်ရှိနေသည့် အချက်က သတို့သမီးရှာဖွေသည့် ကုန်သွယ်မှု လုပ်ငန်းအား ပိုအားကောင်းစေသလိုမျိုးဖြစ်စေသည်။ မြန်မာအပါအဝင် အိမ်နီးခြင်းနိုင်ငံများမှ အမျိုးသမီးများ ဆယ်ကျော်သက် အရွယ်များအား ပြန်ပေးဆွဲခြင်း ၊ လိမ်လည်လှည့်ဖြားပြီး ခေါ်ဆောင်ခြင်း၊ သဘောမတူဘဲ လက်ထပ်ထိမ်းမြားစေခြင်းအား ပြုလုပ်ကြသည်ဟု မဲခေါင်ဒေသအတွင်းမှ တချို့သော လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများမှ ပြောသည်။

“ပြန်ပေးဆွဲခံခဲ့ရတဲ့ အမျိုးသမီးတွေကို ဝယ်ယူတာကတော့ တကယ်ကို မျှော်လင့်ချက်မဲ့တဲ့ ရွေးချယ်မှုပါပဲ” ဟု ဂျမ်က ပြောသည်။

သတို့သမီး ဝယ်ယူရောင်းဝယ်မှု လုပ်ငန်းသည် တရုတ်နိုင်ငံ အရှေ့ပိုင်း ပြည်နယ်များသို့ ပြန့်နှံ့သွားခဲ့ပြီး  ပြီးခဲ့သည့်နှစ်အတွင်း တရုတ်နိုင်ငံ ဟီနန် ၊ အမ်ဟွေ ၊ ရှမ်ဒေါင်း ၊ ကျန်းစု ပြည်နယ်များတွင် ရဲတပ်ဖွဲ့မှ ဝင်ရောက်ကယ် ဆယ်ခဲ့သည်။

တရုတ်နိုင်ငံ၏ ဥပဒေအရ အမျိုးသမီးများ ကလေးငယ်များအား ပြန်ပေးဆွဲခြင်း လူကုန်ကူးခြင်း အား ထောင်ဒဏ် ၅နှစ်မှ ၁၀နှစ်အထိ ပြစ်ဒဏ်ပေးသည်။ သို့သော်လည်း ကုန်သွယ်မှုမှာ တဟုန်ထိုး အားကောင်းလာသည့် အတွက် ထိုဥပဒေအား ပြန်လည်ပြင်ဆင်သင့်ကြောင်း ဝေဘန်သူများက သုံးသပ်သည်။

“ဒီလုပ်ငန်းဟာ အရမ်းကို အကျိုးအမြတ်ရနေတာဖြစ်လို့ လူကုန်ကူးသူတွေ အနေနဲ့ကတော့ ဘယ်လိုမှ ရပ်တန့်ဖို့ မလိုတော့တဲ့ အနေအထား ဖြစ်နေပါတယ်” လို့ လူကုန်ကူးမှု တားဆီးရေး လုပ်ကိုင်နေသည့် ဗီယက်နမ်နိုင်ငံ အခြေစိုက် Pacific Links Foundation မှ မီမီဗူးက ပြောသည်။

"ဝယ်လိုအားကကောင်းနေ ၊ ငွေကြေး နဲ့ အမြတ်အစွန်းကလည်း ရှိနေပြန်တယ်ဆိုတော့" ဟု မီမီဗူးက ဆက်ပြောသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly