တစ်ခဏတာကြီးဖို့ ကိုယ့်ဖွားဖက်တော်ကို ထာဝရအဆုံးခံလိုက်တော့မှာလား

တစ်ခဏတာကြီးဖို့ ကိုယ့်ဖွားဖက်တော်ကို ထာဝရအဆုံးခံလိုက်တော့မှာလား

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

လိင်ကျန်းမာရေးနဲ့ပတ်သက်လာရင် ယောက်ျားအများစုရဲ့ အမေးတတ်ဆုံးမေးခွန်းကတော့ ကျွန်တော့်လိင်တံ ကြီးအောင်ဘယ်လိုလုပ်ရမလဲဆိုတာပါပဲ။ အမှန်အတိုင်းပြောရရင် ယောက်ျားတစ်ယောက်ရဲ့ လိင်တံသည် အသက် ၁၈ ပြည့်ပြီးတာနဲ့ ဘယ်လိုမှ ဆက်ပြီး မကြီးနိုင်တော့ပါဘူး။ အဲ့တော့ ကြီးဆေးတွေသောက်ရင် မရဘူးလား၊ သူများတွေ ဆေးထိုး၊ ဂေါ်လီထည့်နေတာ ကျွန်တော်လုပ်ရင်ရော ကြီးလာမှာလားတဲ့။ ဟုတ်ကဲ့ အချိန်တစ်ခုအတွင်းတော့ ကြီးလာတယ်လို့ ထင်ရမှာပါ။ ဒါပေမယ့် သဘာဝမဟုတ်တဲ့ အရာတွေကို လိင်တံအတွင်းထဲ ထိုးသွင်းပြီးနောက် ဖြစ်လာနိုင်တဲ့ ကြောက်မက်ဖွယ်ရာဆိုးကျိုးတွေကို ရင်ဆိုင်နိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိရဲ့လား။

ကြီးဆေးထိုးခြင်း ပြဿနာ

မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတော်တော်များများရဲ့ ကျန်းမာရေးအသိပညာ အလွန်နည်းတဲ့နေရာတွေမှာ ခေတ်စားတဲ့ ဓလေ့တစ်ခုပါ။ လိင်တံကြီးစေဖို့ သဘာဝမဟုတ်တဲ့ စီလီကွန်၊ ဗက်စလင်း၊ အုန်းဆီ စတာတွေကို ဆရာဝန်နဲ့ မတိုင်ပင်ဘဲ ကိုယ့်ဘာသာ အသိတွေနဲ့ ဆေးမြီးတိုသဘော ထိုးကြတာပါ။

အဲ့လိုထိုးပြီးသွားတော့ ဘာဖြစ်သွားလဲ၊ အချိန်အတိုင်းအတာတစ်ခုထိ ဒီပစ္စည်းတွေဟာ လိင်အင်္ဂါကို ကြီးထွားစေပါတယ်။ သဘာဝမဟုတ်တဲ့ ပစ္စည်းတွေကို ထိုးသွင်းထားတာဖြစ်တဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ လိင်တံအတွင်းမှာရှိတဲ့ တစ်သျှူးတွေကို ဒီပစ္စည်းတွေနဲ့ ဓါတ်ပြုပြီး ထင်မထားတဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို ဖြစ်ပေါ်လာစေပါတယ်။

ကြီးဆေးထိုးပြီးနောက် ကြုံလာရမယ့် ပြဿနာတွေ

လူငယ်သဘာဝ၊ ယောက်ျားကလည်း ဖြစ်ပြန်တော့ လက်ရဲဇက်ရဲရှိကြတယ်။ ကြီးရင်ပြီးရောဆိုတဲ့ စိတ်နဲ့ အချင်းချင်းပူးပေါင်းပြီးထိုးကြတယ်။ အဲ့ဒီနောက်ဆက်တွဲဆိုးကျိုးကတော့

  • လိင်တံအရေပြားနောက်လှန်ဆွဲလို့မရတော့တာ
  • ဆီးသွားရခက်သွားတာ၊ ဆီးလမ်းကြောင်းပိတ်သွားတာ
  • ဆေးထိုးထားတဲ့နေရာက ဓါတ်မတည့်ဖြစ်ပြီး ဖောရောင်လာတာ
  • အနာဖြစ်ပြီး ပြည်တွေ ယိုစိမ့်လာတာ
  • လိင်တံမထောင်မတ်နိုင်တော့ဘဲ ပန်းသေသွားတာ
  • မှိုတက်ပြီးတော့ အကွက်တွေ ထလာတာ
  • လိင်အင်္ဂါက ပုပ်စော်နံလာတာ
  • လိင်တံရဲ့ ပုံမှန်လုံးပတ်လို မဟုတ်တော့ဘဲ ကွက်ကြီး၊ ကွက်သေးဖြစ်လာတာ
  • လိင်တံက အထဲကို တိုဝင်ပြီး ကျုံ့သွားတာ
  • ဆေးထိုးထားတဲ့နေရာမှာ ခဲပြီး မာမာအကျိတ်လိုဖြစ်တာ အစရှိတာတွေ ဖြစ်လာနိုင်ပါတယ်။

ဒီအခြေအနေတွေဟာ စိုးရိမ်ရလား။

ကံကောင်းတဲ့အခြေအနေမှာ ပြောရမယ်ဆိုရင် လက္ခဏာပြကာစအချိန်မျိုးမှာ သိသိချင်းဆရာဝန်နဲ့ သွားပြမယ်ဆိုရင် ကိုယ့်လိင်အင်္ဂါထဲ ထိုးထည့်ထားတဲ့ ပစ္စည်းကို ခြစ်ထုတ်လိုက်ရုံနဲ့ ပျောက်သွားနိုင်ပါတယ်။ ကံမကောင်းတဲ့အခြေအနေမျိုးမှာ လိင်တံတစ်ခုလုံး အရင်းကနေ ဖြတ်ထုတ်ပစ်လိုက်ရတဲ့အထိ ဆိုးရွားသွားနိုင်ပါတယ်။ ဒါကြောင့် ကြီးဆေးထိုးတာမျိုးတွေ မလုပ်ရင်တော့ အကောင်းဆုံးပါပဲ။

လိင်ဆက်ဆံဖော်အတွက် လိင်တံအရွယ်အစားက ဘယ်လောက်အရေးပါလဲ။

ပုရိသတွေကသာ ကိုယ့်ရဲ့ ငယ်ပါသေးနေတယ်၊ လူစဉ်မမီဘူး၊ ယောက်ျားအဖြစ်ရှုံးတယ်ဆိုပြီး စိုးရိမ်ပူပန်နေတတ်တာပါ၊ မိန်းကလေးအများစုအတွက်တော့ အရွယ်အစားသည် အဓိကမကျပါဘူး။ အမျိုးသားတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ ထောင်မတ်နိုင်စွမ်းကို ထိန်းထားနိုင်တယ်၊ သက်လုံကောင်းတယ်၊ သုက်လွှတ်မမြန်အောင် အာရုံစုစည်းထားနိုင်တယ်၊ ကိုယ့်အဖော်ရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးသလို နှစ်ဦးလုံးကာမဆန္ဒအထွတ်အထိပ်ရောက်စေဖို့ စွမ်းဆောင်နိုင်တယ်ဆိုရင် ယောက်ျားပီသတဲ့ ယောက်ျားတစ်ယောက်လို့ သတ်မှတ်လို့ရပါတယ်။ အကယ်လို့သာ ထောင်မတ်နေချိန်မှာ ၃လက်မ အောက်ရောက်နေမယ်ဆိုရင်တော့ ကိုယ့်သဘောနဲ့ ကိုယ်ကြီးဆေးတွေ လျှောက်မထိုးဘဲ ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly