အိပ်မရတဲ့ညတွေကနေ သင့်ရဲ့စိတ်ကို ကယ်တင်ပါ

အိပ်မရတဲ့ညတွေကနေ သင့်ရဲ့စိတ်ကို ကယ်တင်ပါ

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ညက မအိပ်ခဲ့ရလို့ ခေါင်းမကြည်ဘူး၊ စိတ်ရှုပ်နေတာ၊ အလုပ်မတွင်တော့ဘူး၊ စိတ်လည်းမရှည်ဘူး၊ အာရုံလည်းစိုက်မရဘူး ဆိုတာတွေက ခဏခဏကြားနေ၊ ကြုံနေရတဲ့ပြဿနာပါ။ မျက်စိကြောင်လို့ အိပ်မရတာလား၊ အိပ်နေရင်းက နိုးနိုးနေတာလား၊ အိပ်လျက်နဲ့နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ဘဲနုံးနေတာလား၊ အလုပ်မပြီးလို့ အိပ်ရာဝင်နောက်ကျတာလား၊ အစောကြီးထရလို့လား စတဲ့ အိပ်ရေးမဝတဲ့အကြောင်းရင်းတွေက အများကြီးပဲ။

ဘာကြောင့်ပဲဖြစ်ဖြစ်ပါ၊အိပ်မရတဲ့ညတွေဆိုတာ တာရှည်လွန်းပါတယ်( အလုပ်ရှိလို့အိပ်ချင်လျက်နဲ့မအိပ်ရတဲ့သူတွေကလွဲလို့)။ ဒါပေမယ့် အိပ်မပျော်တဲ့ပင်ပန်းမှုထက် ပိုဆိုးတဲ့ပြဿနာက အိပ်ရေးပျက်ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေပါပဲ။ ဘာလို့ဆို အအိပ်မမှန်ခြင်းက ဦးနှောက်နဲ့စိတ်ကျန်းမာရေးမှာ ဆက်နွှယ်မှုတွေ တော်တော်ရှိနေလို့ ဖြစ်ပါတယ်။ ဥပမာ စိတ်ပင်ပန်းတာ၊ ဖိစီးတာတွေများနေရင် ကောင်းကောင်း အိပ်မပျော်တော့သလို အိပ်ရေးပျက်တာ သို့မဟုတ် တခြားအိပ်စက်ခြင်းပြဿနာတွေဖြစ်တာကြာလာရင်လည်း စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ ဘဝမှာအဆင်မပြေမှုတွေ ရှိလာစေနိုင်တယ်လေ။
အိပ်စက်ခြင်းပြဿနာဆိုတာ

အိပ်စက်ခြင်းဆိုင်ရာပြဿနာတွေဆိုတာ အမျိုးမျိုးရှိပါတယ်။ တချို့ကတော့ရောဂါအခံတွေကြောင့်ဖြစ်တတ်ပါတယ်။ အဖြစ်များတာက –

ညအိပ်မပျော်ခြင်း(Insomnia) –နေရာနဲ့အချိန်အပြောင်းအလဲ(ပြည်ပခရီးသွားနေစဉ်)ကြောင့် ကိုယ်တွင်းဇီဝနာရီကမောက်ကမဖြစ်ခြင်း၊ စိတ်ဖိစီးမှုနဲ့ပူပန်မှု၊ဟော်မုန်း၊ အစာခြေစနစ်ပြဿနာတို့ကြောင့်ဖြစ်တတ်ပါတယ်။ အိပ်မပျော်ခြင်းကနေ ခန္ဓါကိုယ်ရဲ့ကျန်းမာရေးအပြင် ဘဝနေထိုင်မှုမှာပါ ဆိုးကျိုးတွေဖြစ်စေနိုင်ပြီး စိတ်ဓါတ်ကျရောဂါအထိဖြစ်လာနိုင်ပါတယ်။

အသက်ရှုမဝခြင်းကြောင့် အိပ်ရေးပျက်ခြင်း (Sleep Apnea) –အိပ်ပျော်နေစဉ် ခဏခဏ အသက်ရှူခေတ္တရပ်ခြင်းကြောင့် နိုးနိုးလာတဲ့ပြဿနာပါ။အောက်ဆီဂျင်အလုံအလောက်မရတာကြောင့် ဘာကြောင့်မှန်းမသိ မကြာခဏ နိုးလာပြီး တစ်ညလုံး မအိပ်လိုက်ရတာမျိုးတွေရှိနိုင်ပါတယ်။

အိပ်ပျော်နေလျက် လှုပ်ရှားခြင်းများ(Parasomnias) – အိပ်ပျော်နေချိန်အတွင်း ပုံမှန်မဟုတ်တဲ့ လှုပ်ရှားလုပ်ဆောင်ခြင်းများ၊ အပြုအမူများကို ဆိုလိုပါတယ်။ အိပ်ပျော်နေစဉ် လမ်းလျှောက်ခြင်း၊ သွားကြိတ်ခြင်း၊ အိပ်မက်ဆိုးမက်ခြင်း၊ အိပ်ရာထဲဆီးသွားခြင်းတို့ပါဝင်ပါတယ်။

ခြေထောက်မငြိမ်ရောဂါ (Restless Leg Syndrome) – အိပ်နေချိန်ခြေထောက်တွေအငြိမ်မနေနိုင်ဘဲ လှုပ်ရှားနေမိတဲ့အတွက် ကိုယ်မသိလိုက်တောင် နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်၊ မနက်ကျအိပ်ရေးမဝဖြစ်ရတတ်ပါတယ်။ ညဘက် ဟိုလှိမ့်၊ဒီလှိမ့်နဲ့ပြန်အိပ်မရဘူးဆိုတာမျိုးပေါ့။ ဒီလက္ခဏာဟာ လှုပ်ရှားမှုလွန်ကဲပြီးအာရုံစူးစိုက်မရတဲ့ADHD ရောဂါနဲ့ ပါကင်ဆန်(Parkinson’s disease)ရောဂါတို့လိုရောဂါအခံတွေနဲ့လည်း သက်ဆိုင်နေနိုင်ပါတယ်။

ရုတ်တရက်အိပ်ပျော်ခြင်း(Narcolepsy) –နေ့ဘက်မှာ ရုတ်တရက်အရမ်းနုံးချိပြီးမှေးခနဲအိပ်ပျော်သွားတာလိုမျိုးပါ။ တစ်ခါတလေ ဘီလူးစီးခြင်းလို့ခေါ်တဲ့sleep paralysis အခြေအနေကိုလည်း ခံစားရနိုင်ပြီး နိုးလာရင်တောင်ကောင်းကောင်းမလှုပ်ရှားနိုင်တာဖြစ်တတ်ပါတယ်။ဖြစ်တတ်တဲ့ပြဿနာဆိုပေမယ့်လည်း အာရုံကြောရောဂါတစ်ခုခုကြောင့်လည်းဖြစ်နိုင်ခြေရှိပါတယ်။

အအိပ်များခြင်း (overlseeping) – ပုံမှန်အိပ်ချိန်ထက်ကျော်လွန်ပြီး တစ်ညကို ၁၀ နာရီကနေ ၁၂ နာရီလောက် အိပ်မှဖြစ်တာမျိုး။ တစ်နေ့တာကိစ္စတွေရှိနေတာကြောင့် အိပ်ချိန်အပြည့်မရနိုင်တဲ့အခါနေ့ဘက်မှာ နုံးချိ၊ အိပ်ငိုက်၊ခေါင်းမူးနေတာတွေ ခံစားရနိုင်ပါတယ်။ ဒီလိုဖြစ်တာကြာလာရင် ဆီးချိုသွေးချိုရောဂါ၊အဝလွန်ခြင်း၊ခါးနာခြင်း၊ခေါင်းကိုက်ခြင်း၊နှလုံးရောဂါ စတဲ့ရောဂါတွေဖြစ်လာနိုင်ပါတယ်။
အအိပ်မမှန်ခြင်းကြောင့် ဦးနှောက်နဲ့စိတ်ကျန်းမာရေးမှာ ဘာတွေဖြစ်လာလဲ

  •     မှတ်ဉာဏ်ထိခိုက်လာတယ်။ အိပ်စက်အနားယူခြင်းမှာပြဿနာရှိနေတဲ့အခါ အကြောင်းအရာတွေကို မှတ်သားနိုင်စွမ်း၊ စဉ်းစားနိုင်စွမ်းအားနည်းလာစေပါတယ်။ ညဘက်အိပ်ရေးတွေပျက်တာကြာလာရင် လူက ဟိုမေ့ဒီမေ့နဲ့ပေါက်ကရတွေဖြစ်ပြီ။
  •     ဆက်ဆံရေးမှာပြဿနာရှိလာတယ်။ အိပ်ရေးမဝတော့ စိတ်မရှည်၊ စိတ်ဆတ်လာမယ်။ စိတ်အပြောင်းအလဲမြန်လာတော့ပေါင်းသင်းဆက်ဆံရေးမှာ အဆင်မပြေဖြစ်လာနိုင်တယ်။
  •     ချစ်ခင်ရသူတွေ၊ မိသားစုဝင်တွေနဲ့ ထင်မြင်ခံစားချက်တွေ ကွဲလွဲတာရှိလာမယ်၊ ကိုယ်ကမှ စိတ်မကြည်ဘဲကိုး။ ကြာတော့ မျက်နှာလွှဲပြီး စကားသိပ်မပြောမိတော့တာမျိုး။
  •     နေထိုင်မှုဘဝမှာ မသာယာတော့ဘူး။ ကိုယ်ပုံမှန်လုပ်နေကျအလုပ်တွေ၊ လှုပ်ရှားမှုတွေမှာ ဝင်မပါချင်တော့ဘူး။
  •     စွမ်းဆောင်ရည်ကျလာမယ်။လုပ်ဆောင်နိုင်စွမ်း၊ ဆန်းသစ်ဖန်တီးနိုင်စွမ်းတွေ ကျဆင်းလာမယ်၊ ငါမလုပ်နိုင်တော့ပါဘူးဆိုပြီး စိတ်ဓါတ်ခွန်အားလျော့တဲ့အတွေးတွေဝင်လာနိုင်ပါတယ်။
  •     စိတ်စွမ်းအားတွေလျော့ကျလာတယ်။ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ ဆုံးဖြတ်ချက်ချနိုင်စွမ်းတွေမှာလည်း အားနည်းလာနိုင်ပါတယ်။
  •     ထင်ယောင်ထင်မှားတွေဖြစ်လာတယ်။အအိပ်မမှန်တာကြာလာရင် တကယ်မရှိတာ၊ မဖြစ်တာတွေကို ရှိသယောင်၊ ကြားသယောင် ထင်ယောင်ထင်မှားတွေဖြစ်လာနိုင်ပါတယ်။ အဲဒီကနေ စိတ်ဝေဒနာကို ကူးပြောင်းနိုင်တဲ့အတွက် ဒီအခြေအနေက အရေးကြီးပါတယ်။
  •     စိတ်ဓါတ်ကျလာမယ်။ အထက်မှာပြောခဲ့သလို အဆင်မပြေမှုတွေဖြစ်လာတဲ့အခါ စိတ်ဓါတ်ကျလာနိုင်ပါတယ်။ စိတ်ဓါတ်ကျတဲ့အတွေးတွေဝင်လာရင်းကနောက်ဆုံးမှာ အမှားတွေလုပ်မိပြီး အဆုံးစီရင်တဲ့အထိဖြစ်သွားနိုင်ပါတယ်။

ဒီလိုမျိုး အိပ်စက်ခြင်းပြဿနာတွေကြောင့် စိတ်ကျန်းမာရေးနဲ့ဘဝမှာသက်ရောက်မှုတွေရှိနိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့်အိပ်စက်ခြင်းမှာ လာထိခိုက်စေတာမျိုးတွေလည်းရှိတာကြောင့် အပြန်အလှန်ဆက်နွှယ်နေတာတွေ့ရပါတယ်။
ဘယ်လိုကုစားမလဲ

  •     ညဘက်အိပ်ချိန်နဲ့ မနက်အိပ်ရာထချိန်ကို သတ်သတ်မှတ်မှတ်ထားပါ။
  •     တရေးအိပ်ချိန်သိပ်မကြာပါစေနဲ့။
  •     အိပ်ရာဝင်ခါနီးကို စိတ်ဖိစီးစေတဲ့အလုပ်တွေ၊ စကားများများပြောဆိုဆွေးနွေးတာတွေသိပ်မလုပ်ပါနဲ့။
  •     အိပ်ခါနီးမှာဖြေလျှော့အနားယူပါ။ အသက်ရှူလေ့ကျင့်ခန်းလေးလုပ်၊ ဘုရားဝတ်ပြု၊ ခပ်ဖြည်းဖြည်းအကြောလျှော့၊ တရားထိုင် စတာမျိုးတွေပေါ့။
  •     အိပ်ခန်းမှာ ညဘက်အလင်းရောင်လျှော့ထားပါ။
  •     အမြဲတမ်းဂရုစိုက်ရမှာက အာဟာရပြည့်အောင်စားပါ၊ပုံမှန်စားပါ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။
  •     မအိပ်ခင် အစားအများကြီးစားတာရှောင်ပါ။
  •     အိပ်ရာထဲမှာ ဖုန်း/ကွန်ပျူတာ ယူမအိပ်ပါနဲ့။
  •     စိတ်ဖိစီးမှုတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းရှာပါ။ စိတ်ညစ်စရာတွေ ထိုင်တွေးမနေပါနဲ့။
  •     ကဖင်းနဲ့ အရက်ဘီယာလျှော့သောက်ပါ။

ဒီလို ကိုယ့်ဘာသာကုစားလို့မရတော့ဘူးဆိုရင် အိပ်စက်ခြင်းကိုအထောက်အကူပြုပေးနိုင်မယ့်ဆေးဝါးအကူအညီကိုလိုအပ်နိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်အတိုင်းဆေးဝါးသောက်သုံးရင်း အထက်ကအချက်တွေလိုက်နာမယ်ဆိုရင် အိပ်ပျော်စားဝင်ပြီး ကျန်းမာလာပါလိမ့်မယ်။ အိပ်စက်ခြင်းပြဿနာတွေအတွက် ဆရာဝန်ပေးတဲ့ ကုသမှုတွေနဲ့ဆေးဝါးတွေက အကြောင်းရင်းခံအပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly