မင်း ဘာကိုရွေးပြီး ကြောက်နေမှာလဲ (Phobias)

မင်း ဘာကိုရွေးပြီး ကြောက်နေမှာလဲ (Phobias)

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဖြစ်ဖူးလား။ ရေမြောင်းလေးတစ်ခုကိုခြေလှမ်းကျော်လိုက်ဖို့ တွန့်ဆုတ်နေတာမျိုး။ တွေ့ဖူးလား။ တချို့တွေ ဖားမြင်ရင်သေမလောက်ကြောက်လန့်ရပြီး သတိလစ်တဲ့အထိဖြစ်တာမျိုး။ ဒါတွေက အပိုဟန်လုပ်ပြီး အဖြစ်သည်းနေတာတွေမဟုတ်ကြပါဘူး။ သူတို့ဖြစ်နေတာက Phobia ( တစ်စုံတစ်ခုကို အကြောင်းရင်းမဲ့ကြောက်စိတ်ဝင်ခြင်း)။

Phobias ဆိုတာ တစ်စုံတစ်ရာကို အကြောင်းရင်းမရှိကြောက်ရွံ့တတ်တဲ့စိတ်ဖြစ်ပါတယ်။ phobia ရှိနေပြီဆိုရင် အဲဒီတစ်ခုခုကိုပဲရှောင်လွှဲဖို့တတ်နိုင်သမျှ ကြိုးစားကြလေ့ရှိပါတယ်။ ဒီလိုကြောက်စိတ်ဖြစ်နေတာ ယုတ္တိမရှိမှန်းလည်းသိပါရဲ့။ဖြေဖျောက်ဖို့ကြိုးစားရင်း ပိုပိုပြီး စိတ်ပင်ပန်းနေရတာဖြစ်ပါတယ်။

ဘာမဆိုကြောက်နေတာတော့မဟုတ်ပါဘူး။ တကယ်တမ်း ဘာအန္တရာယ်မှမရှိဘဲလည်း အရာတစ်ခု သို့မဟုတ် အခြေအနေတစ်ခုတည်းကိုပဲ အမြဲကြောက်နေတာမျိုးပါ။ ဥပမာ –

  •     တိရစ္ဆာန်တွေကိုကြောက်စိတ်ဝင်ခြင်း –ခွေးကြောက်တာ ၊ပိုးဟပ်ကြောက်တာ၊ ကြွက် သို့မဟုတ် ဖား ကိုမြင်ရင်သွေးပျက်အောင်ကြောက်တာ၊ စတာတွေဖြစ်ပါတယ်။ ပင့်ကူကြောက်တာ (Arachnophobia )၊မြွေကြောက်တာ (Ophidiophobia )၊ လျှပ်စီးလက်ရင်၊ မိုးခြိမ်းရင်ကြောက်တာ (Astraphobia )တွေလည်း ပါဝင်ပါတယ်။ ခွေးကြောက်တာ (Cynophobia) ဆိုရင် ငယ်စဉ်ကခွေးကိုက်ခံရဖူးတဲ့ စိတ်ဒဏ်ရာကြောင့်လည်းဖြစ်နိုင်ပါတယ်။
  •     ဆေးထိုးခံရမှာကြောက်စိတ်ဝင်ခြင်း (Trypanophobia ) –ဆေးထိုးမှာအရမ်းကြောက်တဲ့အခါ ဆေးခန်း၊ဆေးရုံသွားဖို့ အကြောက်အကန်ငြင်းဆန်တတ်ကြပြီး ဆရာဝန်၊ဆရာမဆိုရင်ပဲ ရှောင်လွှဲလေ့ရှိပါတယ်။ဆေးထိုးအပ်မြင်ကတည်းက လူနာက သွေးတိုးလာတာမျိုးဖြစ်တတ်ပါတယ်။
  •     လူမှုဆက်ဆံရေးမှာကြောက်စိတ်ဝင်ခြင်းများ(Social phobias) –လူတွေနဲ့ပြောဆိုဆက်ဆံရမှာကြောက်တယ်၊ လူများရင်ကြောက်တယ်၊ လူရှေ့မှာ ဝိုင်းကြည့်ခံရမှာ၊ အထင်သေးခံရမှာကြောက်တယ်ဆိုတာ social phobiaတွေပါပဲ။
  •     အခြေအနေတစ်ခုမှာ ကြောက်စိတ်ဝင်ခြင်း –ကားစီးရတာကြောက်တာ၊ တံတားတွေကိုဖြတ်ရင်ကြောက်တာ၊ (ရထား သို့မဟုတ် ကားစီးရင်း) လိုဏ်ခေါင်းထဲကဖြတ်ရင်ကြောက်တာ၊ ဓါတ်လှေကားစီးရင်ကြောက်တာ(အလုံပိတ်အခန်းကိုကြောက်ရွံ့ခြင်း)။
  •     လေယာဉ်စီးရမှာကြောက်တဲ့သူ (Aerophobia) တွေဟာ လေယာဉ်ပေါ်ရောက်တဲ့အခါ တခြား phobia တွေမှာလိုပဲ တုန်ရီလာတာ၊ နှလုံးခုန်မြန်လာတာ၊ စိတ်အရမ်းလှုပ်ရှားပြီး မွန်းကျပ်လာတာတွေ ခံစားရလေ့ရှိပါတယ်။ Agoraphobia ဆိုတာကတော့ လွတ်မြောက်ဖို့ခက်ခဲတဲ့ အခြေအနေတစ်ခုမှာရောက်နေပြီလို့ ကြောက်စိတ်ဝင်တာဖြစ်ပါတယ်။ နေရာကျဉ်းလေးမှာဆို မွန်းကျပ်ပြီးကြောက်တတ်ကြပေမယ့် ထွက်ပေါက်အနည်းငယ်သာရှိပြီး လူပြည့်ကျပ်နေတဲ့ကြားမှာရှိနေရင်လည်း ကြောက်တာပါပဲ။ ဒီ phobia ရှိနေတဲ့သူက ဘတ်စ်ကား၊ရထား စတဲ့အများသုံးသွားလာရေးတွေကို လိုက်ပါဖို့ အတော်အခက်တွေ့ရတတ်ပါတယ်။
  •     ပတ်ဝန်းကျင်အနေအထားနဲ့ပတ်သက်ပြီးကြောက်စိတ်ဝင်ခြင်း – ဥပမာ- မုန်တိုင်းတိုက်မှာကြောက်ခြင်း၊အမြင့်ကြောက်ခြင်း၊ရေကြောက်ခြင်း။
  •     အမြင့်ကြောက်ခြင်း(Acrophobia) ရှိတဲ့သူတွေက အမြင့်မှာရောက်ရင် ချွေးပြန်၊ နှလုံးတုန်၊ ဒူးတုန်တွေဖြစ်လာပြီးခြေချော်တာ၊ ဟန်ချက်ပျက်တာ၊ မူးတာတွေဖြစ်လာနိုင်ပါတယ်။
  •     ရောဂါပိုးမွှားတွေကိုကြောက်ရွံ့ခြင်း(Mysophobia) ကတော့ အသန့်ကြိုက်ရောဂါရှိနေတဲ့သူမျိုးတွေပါ။ ညစ်ပေတာတွေ၊ ဖုန်မှုန့်တွေကအစ ထိတွေ့မှာစိုးတဲ့အတွက် အမြဲသန့်ပြန့်နေဖို့ ကြိုးစားကြပါတယ်။ လူကြားထဲသွားရင် လက်သန့်ဆေးရည်၊ တစ်ရှူးအစိုလေး တစ်ကိုင်ကိုင်နဲ့ မကြာခဏလက်ဆေးကြသူတွေပါ။ အခြေအနေပိုဆိုးလာရင် တခြားသူတွေနဲ့ထိတွေ့ရမယ့်အခါမျိုးမှာ (ဥပမာလက်ဆွဲနှုတ်ဆက်ရမယ့်အခါမျိုး) ကို အသည်းအသန်ရှောင်ပြေးတာ၊ လက်အိတ်စွပ်တာမျိုးတွေ လုပ်တတ်ပါတယ်။
  •     တခြား phobiaတွေကတော့ အသံကျယ်ကျယ်ကြောက်တာ၊ အရုပ်တွေကိုကြောက်တာ၊ အမှောင်ကြောက်တာတို့ ပါဝင်ပါတယ်။

ဘယ်လိုထိန်းရမလဲ

အကြောင်းမဲ့ အလိုလိုဖြစ်လာတဲ့ကြောက်စိတ်ကို ပြေအောင်ဘယ်လိုမှရှင်းပြလို့မရ၊ အပြီးပျောက်ကင်းအောင် လွယ်လွယ်နဲ့ကုသလို့မရနိုင်ပါဘူး။ ကြောက်ရွံ့စိတ်က ကြီးစိုးလွန်းလာရင် လူရဲ့စွမ်းရည်တွေလျော့နည်းလာပြီး ဘဝမှဆုတ်ယုတ်မှုတွေ ရှိလာနိုင်တဲ့အတွက် တတ်နိုင်သလောက် တွန်းလှန်ရင်ဆိုင်နိုင်ဖို့ အကြံပြုချင်ပါတယ်။

ကိုယ်ကြောက်ရွံ့တဲ့အရာ သို့မဟုတ် အခြေအနေကို မလွှဲမရှောင်သာ ရင်ဆိုင်ရတဲ့အခါ အရေးကြီးတာက ဘယ်လိုမြန်မြန်စိတ်ထိန်းမလဲဆိုတာပါပဲ။ ဒါမှ ဆက်လှုပ်ရှားလို့ရမယ်လေ။ အမြဲရှောင်နေလို့မဖြစ်နိုင်တဲ့အခါ ထွက်ပေါက်အဖြေတစ်ခု ရလာဖို့လိုပါတယ်။ ကြောက်စိတ်ဝင်လာပြီဆို –
အသက်ကိုပြင်းပြင်းရှူလိုက်ပါ

အရမ်းစိတ်လှုပ်ရှားနေချိန်မှာ စိတ်ကိုဖြေလျှော့ပြီး အသက်ပြင်းပြင်းရှူလိုက်ခြင်းအားဖြင့် စိတ်တည်ငြိမ်လာပါလိမ့်မယ်။
ဘာကိုကြောက်နေတာလဲ အရင်ဆန်းစစ်ပါ

ဥပမာ မီးပျက်သွားလို့ အမှောင်ထဲမှာ သိပ်ကြောက်နေတယ်ဆိုရင် သရဲကြောက်တာလား၊ မွန်းကျပ်လာတာကိုကြောက်တာလား၊ မမြင်မစမ်းနဲ့ ချော်လဲမှာကိုကြောက်တာလား၊တွေးကြည့်ပါ။ ဘာကိုကြောက်တာလဲသေချာသိပြီဆိုရင် ဒီကိစ္စအတွက် ကြောက်စရာအန္တရာယ်မရှိကြောင်းကို ကိုယ့်ကိုယ်ကိုယ်အသိပေးပါ။
ကြောက်စိတ်ဝင်တာကဖြစ်တတ်ပါတယ်

လူဆိုတာ အခြေအနေအမျိုးမျိုးမှာကြောက်စိတ်ဝင်တတ်ကြပါတယ်။ တခြားသူတွေလည်း ကိုယ့်လိုပဲကြောက်တတ်တဲ့အရာတွေရှိမှာပဲလို့တွေးကြည့်လိုက်ပါ။ သူများတောင်ကျော်ဖြတ်နိုင်သေးတာပဲ၊ ငါလည်း ဘာမှမဖြစ်ပါဘူး။ကြောက်စရာမလိုဘူး လုပ်ကြည့်မယ်ဆိုတာမျိုး သတ္တိမွေးလိုက်ပါ။
ကိုယ်တွေးထင်နေတာရဲ့ ဆန့်ကျင်ဘက်ကို ရှာတွေးကြည့်ပါ

ဥပမာ ခွေးကြောက်တယ်ဆိုရင် လမ်းမှာခွေးတစ်ကောင်နဲ့တွေ့ခဲ့ပေမယ့် ကိုယ့်ကို ဘာအန္တရာယ်မှမပြုခဲ့တဲ့ဖြစ်ရပ်ကိုပြန်တွေးကြည့်ပါ။ခွေးမွေးထားတဲ့ အသိမိတ်ဆွေတွေကို စဉ်းစားကြည့်လိုက်ပါ။ ချစ်စရာကောင်းပြီး လူယဉ်တဲ့ခွေးလေးတွေကိုတွေးကြည့်ပါ။
ကိုယ်တွေးကြောက်နေတဲ့အရာ တကယ်ဖြစ်လာရင် ကိုယ်လုပ်လို့ရနိုင်မယ့်အရာတွေကိုတွေးလိုက်ပါ

အမြင့်ကြောက်တယ်ဆိုတာ အမြင့်တစ်နေရာရောက်နေတဲ့အခါပြုတ်ကျမှာကြောက်တဲ့စိတ်ကြောင့်ပါ။ ဒီတော့ပြုတ်မကျ၊ချော်မကျနိုင်ဘူးဆိုတာသေချာစေဖို့လှေကားအတက်အဆင်းမှာ လက်တန်းကိုမိမိရရကိုင်ပြီးခြေလှမ်းကိုပုံမှန်လှမ်းပါ။
တရားထိုင်ပါ

ရုတ်ခြည်းဖြစ်လာတဲ့အခြေအနေမှာ လုပ်ဖို့မဟုတ်ပေမယ့် အားလပ်တဲ့အချိန်မှာ တရားထိုင်တာလိုမျိုး စိတ်ငြိမ်စေမယ့် အလေ့အကျင့်မျိုး လုပ်ကြည့်ပါ။ ဒီနည်းက ဘယ်အကြောင်းကြောင့်ပဲဖြစ်ဖြစ် စိတ်ပူပန်မှုတွေကိုလျှော့ချပေးနိုင်ပြီး စိတ်ကျန်းမာရေးအတွက် အားဖြည့်ပေးနိုင်ပါတယ်။

ကဲ ဘာလာလာ ကြောက်မနေနဲ့တော့နော်။ ဘာမှန်းမသိကြောက်နေတဲ့ စိတ်တွေကို တွန်းလှန်ပြီး Phobian လေးတွေ သတ္တိရှိရှိရင် ဆိုင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly