အောင်ကြီးကို ပြန်လွှတ်သည့် တရားရုံး၏ စီရင်ချက်မိတ္တူကို ရဲတပ်ဖွဲ့ တောင်းယူ 

အောင်ကြီးကို ပြန်လွှတ်သည့် တရားရုံး၏ စီရင်ချက်မိတ္တူကို ရဲတပ်ဖွဲ့ တောင်းယူ 
 နစ်နာသူကလေးငယ်နှင့် မိဘများ၏ အမည်များကို ထုတ်ဖော်ပြောဆိုသည့် ရဲတပ်ဖွဲ့ သတင်းစာရှင်းလင်းပွဲ (ဓာတ်ပုံ- အောင်မြတ်သူ/မဇ္ဈိမ) 

နေပြည်တော်(ဒီဇင်ဘာ ၂၃ရက်၊ ၂၀၁၉ခုနှစ်)။ ။ ဗစ်တိုးရီးယားအမှုတွင် သံသယတရားခံ အောင်ကြီးကို တရားရှင်ပြန်လွှတ်ပေးလိုက်သည့် ခရိုင်တရားရုံး၏ စီရင်ချက်မိတ္တူကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ရက်တွင် ရဲတပ်ဖွဲ့က လာရောက် ကူးယူသွားကြောင်း အဆိုပါ တရားရုံးထံမှ သိရသည်။ 

နေပြည်တော်က အသက်သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသည်ဟု ဆရာဝန်များက အတည်ပြုထားသည့် အမှုတွင် သံသယတရားခံဖြစ်သူ အောင်ကြီးကို ဒက္ခိဏခရိုင်တရားရုံးက တရားရှင် ပြန်လွှတ်ပေးခဲ့သည်။ 

တရားလိုပြသက်သေ ၂၆ဦးအနက် ၁၉ဦးကို စစ်ဆေးပြီးနောက် ကိုအောင်ကြီးသည် ပြစ်မှုကျူးလွန်ရန် အထောက်အထားမရှိဟု တရားရုံးက ဆုံးဖြတ်ကာ ဒီဇင်ဘာလ ၁၈ရက်တွင် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

နောက်တစ်ရက်အကြာ ဒီဇင်ဘာ ၁၉ရက်တွင် ပြုလုပ်သည့် ရဲတပ်ဖွဲ့ သတင်းစာရှင်းလင်းပွဲတွင်မူ တရားသူကြီးအနေဖြင့် တရားလိုဘက်မှ တင်ပြထားသည့် သက်သေအားလုံးကို စစ်ဆေးပြီးမှသာ စွဲချက်တင်သင့်၊ မသင့် ဆုံးဖြတ်သင့်ကြောင်းနှင့် အောင်ကြီးကို ပြန်လွှတ်ပေးလိုက်ခြင်းသည် စောနေသေးကြောင်း ရဲမှူးချုပ် စိုးနိုင်ဦးက ပြောဆိုခဲ့သည်။ 

တရားရုံး၏ စီရင်ချက်ကို ကြည့်ရှုပြီးနောက် ဥပဒေလမ်းကြောင်းအရ ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ရဲတပ်ဖွဲ့က ဆိုသည်။ 

ယခု တရားရုံးစီရင်ချက်အား မိတ္တူကူးပြီးသွားနောက် မည်သို့ ဆက်လက်ဆောင်ရွက်မည်ကို ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကျော်သီဟထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။ 

တရားရုံးဘက်ကမူ ၎င်းတို့၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက နှစ်လအတွင်း အဆင့်မြင့်တရားရုံး(တိုင်းတရားလွှတ်တော်)သို့ ပြင်ဆင်ချက် တက်နိုင်ကြောင်း ပြောဆိုထားသည်။ 

ယခုကဲ့သို့ စီရင်ချက်များကို မိတ္တူကူးယူခြင်းသည် ရဲတပ်ဖွဲ့အနေဖြင့် အဆိုပါ မိတ္တူကို အထက်သို့ တင်ပြရန် ကူးယူခြင်းလည်း ဖြစ်နိုင်သော်လည်း ပြင်ဆင်ချက် တင်သွင်းရန် ကူးယူခြင်းသာ ဖြစ်သည်ဟု ယူဆကြောင်း အောင်ကြီး၏ ရှေ့နေ ဦးခင်မောင်ဇော်က မှတ်ချက်ပြုသည်။

“ပြင်ဆင်မှုလည်း တက်မှာပါ။ မတက်ဘဲ မနေပါဘူး။ ကျွန်တော်ကတော့ အဲ့လိုပဲ ယူဆတယ်။ ဘာလို့လည်းဆိုတော့ ရဲက ပြင်ဆင်မှု မတက်ဘူးဆိုလို့ရှိရင် အောက်ရုံးအတိုင်းပဲ မီးသေပေါ့ဗျာ။ မီးသေမှု အနေနဲ့ ထားလိုက်ရင် တရားခံ သူရှာရမှာလေ။ အဲ့ဒီအလုပ်ကို သူခုချက်ချင်း လုပ်ရမှာလေ။ အဲ့လိုမျိုးတော့ လုပ်မယ် မထင်ဘူးဗျ” ဟု ဦးခင်မောင်ဇော်က မဇ္ဈိမကို ပြောသည်။ 

ပြင်ဆင်ချက် တစ်ကြိမ်တက်လျှင် အနည်းဆုံး သုံးလမှ ခြောက်လအထိ ကြာနိုင်သဖြင့် “အဲ့ဒီအချိန်အတွင်းမှာ သူ့တာဝန်သူ မလုပ်သေးပဲ နေလို့ရတာပေါ့” ဟု ၎င်းက ဆိုသည်။ 

သံသယတရားခံ အောင်ကြီးကို တရားရှင် ပြန်လွှတ်ပေးလိုက်ပြီးနောက် တရားစွဲဆိုထားသည့် ယင်းအမှုမှာ ပြီးဆုံးသွားသဖြင့် ဗစ်တိုးရီးယား(အမည်ရင်းမဟုတ်)အတွက် အမှန်တရားမှာ လမ်းစပြတ်သွားကြောင်း ဖခင်ဖြစ်သူက ယမန်နေ့က ပြောဆိုထားသည်။

အမှုမှန်ပေါ်ပေါက်ရေးအတွက် “တရားရုံးမှာ ထွက်ထားတဲ့ သက်သေခံချက်တွေ၊ သက်မဲ့သက်သေ၊ လူသက်သေတွေအပေါ် အခြေခံပြီးတော့ ရဲတပ်ဖွဲ့ကနေ ဆက်လက်စုံစမ်းစစ်ဆေးရင်တော့ ပိုပြီး နီးစပ်မယ်ထင်တယ်” ဟု ဗစ်တိုးရီးယား၏ ဖခင်က ပြောသည်။ 

လူအများစိတ်ဝင်စားသည့် နေပြည်တော်၊ သပြေကုန်းရပ်ကွက်တွင် ဖွင့်လှစ်ခဲ့သည့် Wisdom Hill မူကြိုကျောင်းတွင် တက်ရောက်နေသော အသက်သုံးနှစ်ခန့်အရွယ် ကလေးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွင် နစ်နာသူ ကလေးငယ်၏ ဂုဏ်သိက္ခာအတွက် ကလေးငယ်နှင့် အမည်နှင့် ဆပ်စပ်အကြောင်းအရာများကို ရှေ့နေများ၊ သတင်းဌာနများနှင့် လူအများကပါ လျှို့ဝှက်ပေးထားပြီး “ဗစ်တိုးရီးယား” ဟုသာ ခေါ်ဆိုခဲ့ကြသည်။ 

သို့သော် ရဲတပ်ဖွဲ့က ထိန်းချုပ်ထားသော ‘ရဲဇာနည်’ ဖေ့စ်ဘွတ် စာမျက်နှာတွင် ဒီဇင်ဘာလ ၁၉ရက်၊ ညနေ ငါးနာရီခွဲခန့်က “Wisdom Hill မူကြိုကျောင်းတွင် ဖြစ်ပွားခဲ့သော အမှုနှင့် ပတ်သက်သည့် အထောက်အထားများ” ခေါင်းစဉ်ဖြင့် ဓာတ်ပုံရှစ်ပုံ တင်ခဲ့ပြီး ထိုအထဲတွင် နစ်နာသူ ကလေးငယ်နှင့် သူ့မိဘများ၏ အမည်၊ နေရာလိပ်စာနှင့် အလုပ်အကိုင်တို့ကိုပါ အသေးစိတ် ဖော်ပြခဲ့ပြီး လူမှုကွန်ယက်သုံးစွဲသူ အများအပြားက ဝေဖန်ထောက်ပြမှု များလာချိန်မှ ပြန်ဖြုတ်သွားခဲ့သည်။

နောက်ဆက်တွဲ အနေဖြင့် ဗစ်တိုးရီးအမှု အမှုမှန်ပေါ်ပေါက်ရေးနှင့် ကျင့်ဝတ်ချိုးဖောက်သော ရဲတပ်ဖွဲ့ဝင်များအား အရေးယူပေးရန် ရန်ကုန်မြို့လယ်တွင် ယနေ့ညနေပိုင်းက တောင်းဆိုဆန္ဒပြခဲ့ကြသလို မနက်ဖြန်တွင်လည်း မန္တလေးမြို့တွင် အလားတူ တောင်းဆိုပွဲများ ပြုလုပ်သွားရန် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required