တော့တင်ဟမ် ၀-၂ ချယ်လ်ဆီး ပွဲစဉ်မှာ ဖြစ်ပျက်ခဲ့တဲ့ လူမျိုးရေးခွဲခြားမှုကို အသီးသီးရှုံ့ချလိုက်ကြတဲ့ မော်ရင်ဟိုနဲ့ လမ်းပတ်

တော့တင်ဟမ် ၀-၂ ချယ်လ်ဆီး ပွဲစဉ်မှာ ဖြစ်ပျက်ခဲ့တဲ့ လူမျိုးရေးခွဲခြားမှုကို အသီးသီးရှုံ့ချလိုက်ကြတဲ့ မော်ရင်ဟိုနဲ့ လမ်းပတ်
Photos: EPA

ချယ်လ်ဆီးအသင်းက တော့တင်ဟမ်အသင်းကို (၂-၀)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ တနင်္ဂနွေနေ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ အိမ်ရှင် တော့တင်ဟမ်အသင်း ပရိသတ်အချို့အနေနဲ့ ပြိုင်ဘက်အသင်းအပေါ် လူမျိုးရေး ခွဲခြားမှုအချို့ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။

လန်ဒန်ဒါဘီပွဲစဉ်က အဖြစ်အပျက်နဲ့ ပတ်သက်ပြီး တော့တင်ဟမ်နည်းပြ မော်ရင်ဟိုက လူမျိုးရေးခွဲခြားမှုကို လက်မခံဘူးလို့ အတိအလင်း ပြောဆိုခဲ့သလို လမ်းပတ်ကတော့ အမှန်တကယ်ကျူးလွန်တဲ့ သူကို ထိထိရောက်ရောက် အရေးယူသင့်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

မြောက်လန်ဒန်မှာ ဝီလျံရဲ့ ပထမပိုင်းသွင်းဂိုးက လမ်းပတ်ရဲ့ ဧည့်သည်အသင်းအတွက် နိုင်ပွဲနဲ့ ထိုက်တန်ခဲ့ပေမယ့် ပွဲချိန်တစ်နာရီအကြာမှာတော့ အဖြစ်အပျက်က ပွဲကို အကျည်းတန် ရုပ်ဆိုးစေခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ ရူဒီဂါကို ကန်ဖို့ ခြေထောက်ရွယ်ခဲ့တဲ့ ဆွန်ဟောင်မင် တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခဲ့ခဲ့ရပြီးနောက် ဖြစ်ပေါ်ခဲ့တာပါ။

တော့တင်ဟမ်ပရိသတ်တွေက ဆွန်ဟောင်မင် အထုတ်ခဲ့ရတာဟာ ရူဒီဂါရဲ့ ဟန်ဆောင်ကောင်းခြင်းကြောင့်ဆိုတဲ့ အယူအဆနဲ့ ရူဒီဂါကို ပစ်မှတ်ထား လူမျိုးရေးခွဲခြားတဲ့ စကားလုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အိမ်ရှင်အသင်း ပရိသတ်အချို့အနေနဲ့ ချယ်လ်ဆီးဂိုးသမား ကီပါကို အရာဝတ္ထုအချို့နဲ့ ပစ်ပေါက်ခဲ့သေးပါတယ်။

ပရိသတ်တစ်ယောက်က ရူဒီဂါကို ရည်ရွယ်ပြီး "မျောက်အမူအယာ"ပြုလုပ်တာ မြင်တွေ့ခဲ့ရပြီး တော့တင်ဟမ်အသင်းက "ဘောလုံးပွဲမှာ လူမျိုးရေးခွဲခြားတဲ့ အပြုအမှုတွေ ရပ်ဆိုင်းဖို့" ကွင်းအတွင်းမှာ (၃)ကြိမ်ခွဲပြီး တောင်းဆိုခဲ့ရတဲ့အထိ ကြေညာချက်ထုတ်ပြန်ခဲ့ရပါတယ်။

တော့တင်ဟမ်နည်းပြ မော်ရင်ဟိုက "ဒီလူမျိုးရေးခွဲခြားခံခဲ့ရတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ကျနော့်ကို ဝမ်းနည်းစိတ်ပျက်စေတဲ့အရာပါ။ ကျနော်ဟာ လူ့အဖွဲ့အစည်း၊ ဘောလုံးလောကတွေမှာ လူမျိုးရေးခွဲခြားတာတွေကို မုန်းတီးပါတယ်။"လို့ ပြောဆိုခဲ့ပါတယ်။

အင်္ဂလိပ်ဘောလုံးလောကမှာ လူမျိုးခွဲခြားတာ ပိုပြီး ဆိုးရွားလာသလားဆိုတဲ့ ဂျာနယ်လစ်တွေရဲ့ မေးမြန်းမှုကို ချယ်လ်ဆီးနည်းပြ ဖရန့် လမ်းပတ်က "ဒါက ပိုကောင်းလာတာလား၊ ပိုဆိုးရွားလာတာလားဆိုတာ ကျနော် မသိပါဘူး။ ကျနော်တို့မှာ ဒီလိုလူမျိုးရေးခွဲခြားမှုကို သတင်းပေးပို့ဖို့ လုပ်ထုံးလုပ်နည်းတစ်ခုရှိတယ်ဆိုတဲ့ အချက်ကို ပိုပြီး သတိပြုမိတယ်။ ဒါဟာ အပြုသဘောဆောင်တဲ့ ခြေလှမ်းတစ်ခုပါ။

ဟုတ်ပါတယ်။ ပြီးပြည့်စုံတဲ့ကမ္ဘာမှာ လုပ်ထုံးလုပ်နည်းတစ်ခု မလိုပါဘူး။ ဒါက ပိုကောင်းသလား၊ ပိုဆိုးသလားတော့ မသိပေမယ့် တကယ်လို့ ဟုတ်မှန်ခဲ့ရင်၊ ဖြစ်ပျက်လာရင် အဲဒါကို ကိုင်တွယ်ဖြေရှင်းဖို့လိုတယ်။ ပြီးတော့ အပြစ်ပေးမှုက ပြင်းထန်ဖို့လည်း လိုပါတယ်။"လို့ ဖြေကြားသွားခဲ့ပါတယ်။

တော့တင်ဟမ်ကလည်း လန်ဒန်ဒါဘီပွဲစဉ်မှာ ဖြစ်ပျက်ခဲ့တဲ့ လူမျိုးရေးခွဲခြားမှုကို ပြင်းပြင်းထန်ထန် အရေးယူနိုင်ဖို့အတွက်လည်း စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်တယ်လို့ အသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly