အငြင်းပွားတောင်တရုတ်ပင်လယ်တွင် အမေရိကန်က ကင်းလှည့်ရန်စီစဉ်မှု တရုတ်နှင့် တင်းမာမှုမြင့်မားလာနိုင်

အငြင်းပွားတောင်တရုတ်ပင်လယ်တွင် အမေရိကန်က ကင်းလှည့်ရန်စီစဉ်မှု တရုတ်နှင့် တင်းမာမှုမြင့်မားလာနိုင်

ဟောင်ကောင်၊ အောက်တိုဘာ ၂၄ ။               ။ အငြင်းပွားတောင်တရုတ်ပင်လယ်တွင် အမေရိကန်က တရုတ်၏ လူလုပ်ကျွန်းများ၏ ရေမိုင် ၁၂ မိုင်အတွင်း စစ်သင်္ဘောများ သို့မဟုတ် စစ်လေယာဉ်များကို ရက်ပိုင်းအတွင်း စေလွှတ်ရန် စီစဉ်မှုများက တရုတ်-အမေရိကန်ယှဉ်ပြိုင်မှုတွင် တင်းမာသည့်မျက်နှာစာသစ်တစ်ခုဖြစ်လာနိုင်သည်။

အရှေ့တောင်အာရှနှင့် အလွန်ရှိ ပင်လယ်ရေကြောင်းဧရိယာအတွင်း တရုတ်က ၎င်း၏သြဇာကိုဖြန့်ကျက်လိုသည့် ရည်မှန်းချက်များရှိနေစဉ် ဝါရှင်တန်ကလည်း လွတ်လပ်စွာမောင်းနှင်မှုအဖြစ် ကင်းလှည့်မှုများလည်း ပုံမှန်ရှိရန် လိုအပ်လိမ့်မည်ဟု လုံခြုံရေးကျွမ်းကျင်သူများက ပြောသည်။

သို့သော်လည်း တရုတ်က အမေရိကန်၏ ယင်းကဲ့သို့လုပ်ဆောင်ရန် ကြိုးပမ်းမှုများကို ဆန့်ကျင်နိုင်ဖွယ်ရှိကြောင်း အချို့ကပြောကြားခဲ့ရာ နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာလောင်းကြေးများက   မြင့်မားလျက်ရှိနေသည်။

သာဓကအားဖြင့် အမေရိကန်သင်္ဘောများကို တရုတ်ရေတပ်က ဝိုင်းရံ ပိတ်ဆို့ရန် ကြိုးပမ်းနိုင်သည်ဟု ၎င်းတို့က ပြောကြားခဲ့ရာ တင်းမာမှုမြင့်မားလာမည့် အန္တရာယ်ရှိနေသည်။

၂၀၁၂ခုနှစ်နောက်ပိုင်း တရုတ်စခန်းများနှင့် နီးကပ်သော ပထမဆုံးကင်းလှည့်မှုနှင့် ပတ်သက်၍ အခြေအတင်ဆွေးနွေးမှုများ လများစွာရှိနေရာ အမေရိကန်အစိုးရအနေဖြင့် ယင်းကဲ့သို့ပြုလုပ်ရန် ဝန်လေးနိုင်ဖွယ်ရှိသည်ဟု ဒေသဆိုင်ရာလုံခြုံရေးကျွမ်းကျင်သူများနှင့် ရေတပ်အရာရှိဟောင်းများအချို့က ပြောသည်။

အသက်သွေးကြောသဖွယ်အရေးကြီးသော ကုန်သွယ်ရေးလမ်းကြောင်းများတစ်လျှောက် လွတ်လပ်စွာ မောင်းနှင်ရေးအတွက် စိုးရိမ်မှုများရှိသော်လည်း ဂျပန်နှင့် သြစတြေးလျကဲ့သို့ မဟာမိတ်များကလည်း တရုတ်အား တိုက်ရိုက်စိန်ခေါ်မှုတွင် နောက်မှလိုက်ပါလာဖွယ်မရှိဟုလည်း ၎င်းတို့ကဆိုသည်။

"ဒါက တစ်ကြိမ်တည်းပြီးပြတ်သွားတဲ့အရာမဟုတ်ပါဘူး။ အမေရိကန်ရေတပ်အနေနဲ့ သူတို့ပေးချင်တဲ့ မက်ဆေ့ဂျ်ကို ခိုင်မာအောင်လုပ်ဖို့ ဒီလိုကင်းလှည့်မှုမျိုးတွေကို ပုံမှန်လုပ်ပေးဖို့လိုပါတယ်"ဟု စင်ကာပူမှ အရှေ့တောင်အာရှလေ့လာရေးဋ္ဌာနမှ တောင်တရုတ်ပင်လယ်ကျွမ်းကျင်သူတစ်ဦးဖြစ်သူ အီယန်စတိုရေးက ပြောသည်။

ကွန်ဂရက်နှင့် အမေရိကန်စစ်တပ်တို့မှ လများစွာဖိအားပေးနေပြီးနောက် အဆိုပါဧရိယာအား တရုတ်၏ပိုင်ဆိုင်ကြောင်းပြောကြားချက်များကို စမ်းသပ်စစ်ဆေးမည်ဟု အိုဘားမားအစိုးရက   ပြောကြားထားသည်။ သို့သော်လည်း တိကျသောအချိန်ကာလကိုမူ မပြောကြားသေးပေ။

"ကျွန်တော်တို့ ဒီလိုလုပ်ဖို့ ရည်ရွယ်ထားတဲ့အကြောင်း ရှင်းရှင်းလင်းလင်းပြောကြားထားတယ်ထင်ပါတယ်"ဟု အမေရိကန်နိုင်ငံခြားရေးဋ္ဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် မာ့ခ်တိုနာက လွန်ခဲ့သည့်တနင်္လာနေ့က သတင်းထောက်များကို ပြောကြားခဲ့သည်။

လွတ်လပ်စွာမောင်းနှင်ခြင်း၊ ပျံသန်းခြင်းဆိုသည့်အမည်ဖြင့် စပရက်လီကျွန်းများ၏ ၎င်းတို့၏ရေပိုင်နက်၊ လေပိုင်နက်အား ကျူးကျော်ချိုးဖောက်ရန် မည်သည့်နိုင်ငံကိုမျှ ပေကျင်းက ခွင့်ပြုမည်မဟုတ်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနမှ အရာရှိများက ယခုလတွင် ပြောကြားထားသည်။

ပင်လယ်ပြင်ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်ရှင်းအရ ယခင်က ရေအောက်မြုပ်သန္တာကျွန်းများပေါ် ဆောက်လုပ်သော လူလုပ်ကျွန်းများပတ်လည် ရေမိုင် ၁၂မိုင်ကန့်သတ်ချက်များ မပြုလုပ်နိုင်ပေ။

တရုတ်တို့က မြေယာဖော်ယူခဲ့သော သန္တာကျွန်းခုနှစ်ခုအနက် လေးခုမှာ လွန်ခဲ့သည့်နှစ်နှစ်အတွင်းက ဆောက်လုပ်ရေးမလုပ်မီ ဒီရေမြင့်ချိန်တွင် လုံးဝရေအောက်တွင် ရှိနေခဲ့သည်ဟု တရားရေးဆိုင်ရာ ပညာရှင်များက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly