ကလပ်ကမ္ဘာ့ဖလားဆွတ်ခူးမှုနဲ့အတူ နောက်ထပ်စမ်းသပ်မှုတစ်ခုကို အောင်မြင်စွာ ဖြတ်သန်းနိုင်လို့ ဂုဏ်ယူနေတဲ့ ယာဂန် ကလော့ပ်

ကလပ်ကမ္ဘာ့ဖလားဆွတ်ခူးမှုနဲ့အတူ နောက်ထပ်စမ်းသပ်မှုတစ်ခုကို အောင်မြင်စွာ ဖြတ်သန်းနိုင်လို့ ဂုဏ်ယူနေတဲ့ ယာဂန် ကလော့ပ်
Photos: EPA

လီဗာပူးလ်အသင်းဟာ စနေနေ့က ကာတာနိုင်ငံမှာ ဖလာမင်ဂိုအသင်းကို အနိုင်ယူပြီး ပထမဆုံးအကြိမ် ကလပ်ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာပြီးနောက်မှာ ယာဂန်ကလော့ပ်က "စမ်းသပ်မှုတစ်ခုပြီး နောက်တစ်ခုကို အောင်မြင်တဲ့"အတွက် သူ့ရဲ့ ကစားသမားတွေကို ချီးကျူးခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ကာလီဖာ အင်တာနယ်ရှင်နယ်ကွင်းမှာ ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာ ရော်ဘတ်တို ဖာမီနိုရဲ့ အချိန်ပို သွင်းဂိုးနဲ့အတူ (၁-၀)ဂိုးနဲ့ နိုင်ကာ ဗိုလ်စွဲသွားခဲ့တာပါ။

ကြိုးကြာနီတို့ဟာ သြဂုတ်လက ချယ်လ်ဆီးကို အနိုင်ယူပြီး ယူအီးအက်ဖ်အေ စူပါဖလားကို ဆွတ်ခူးခဲ့ပြီးနောက် ဒီရာသီမှာ ဒုတိယမြောက် ဆုဖလားကို သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။

"ကောင်လေးတွေက ထပ်ပြီး လုပ်ပြလိုက်ပြီး ပြောင်မြောက်တဲ့ စွမ်းဆောင်မှုတစ်ခုပြလုပ်ခဲ့တယ်။"လို့ ကလော့ပ်က ပြောပါတယ်။

"သူတို့ဟာ အဆက်မပြတ် အစမ်းသပ်ခံရမှုတွေ ရှိနေမှာပါ။ ကျနော်တို့ဘဝက ဒီလိုပါပဲ။ အခု ကျနော်တို့ စမ်းသပ်မှုတစ်ခုပြီးနောက်တစ်ခု၊၊နောက်တစ်ခုကို အောင်မြင်တယ်။ နောက်ထပ်စမ်းသပ်မှုတွေကိုလည်း ဖြတ်ကျော်နိုင်ဖို့ သေချာအောင်ပြုလုပ်ရပါမယ်။"

လီဗာပူးလ်ဟာ ချန်ပီယံလိဂ်၊ ယူအီးအက်ဖ်အေ စူပါဖလား၊ ကလပ်ကမ္ဘာ့ဖလား သုံးလုံးစလုံးကို ရရှိခဲ့တဲ့ ပထမဆုံးအင်္ဂလန်အသင်းအဖြစ် စံချိန်မှတ်တမ်းသစ်တစ်ခု ရေးထိုးနိုင်ခဲ့ပါတယ်။

ကလော့ပ်က ဗိုလ်လုပွဲမှာ အရမ်းကောင်းတဲ့ စွမ်းဆောင်ရည်တွေ ပြသခဲ့တဲ့အတွက် သူ့ရဲ့ကစားသမားတွေကို ဂုဏ်ယူခဲ့တယ်လို့ ဆိုပါတယ်။

သူက ဆက်လက်ပြီး "ကောင်လေးတွေ လုပ်ပြခဲ့တာတွေအတွက် ကျနော့်ရဲ့ လေးစားမှုကို ဖော်ပြဖို့ စကားလုံးကို ရှာတွေ့ဖို့တောင် ခက်ခဲပါတယ်။ တကယ့်ကို မယုံနိုင်စရာပါ။ ကျနော်တို့ ကောင်းမွန်တဲ့အရာတွေ အများကြီး လုပ်ပြနိုင်ခဲ့တယ်။

"အရမ်းကောင်းတဲ့ စွမ်းဆောင်ရည်တွေကို မြင်တွေ့ခဲ့ပါတယ်။ ကျနော် တကယ်ပျော်နေပါတယ်။

"အကြောင်းအမျိုးမျိုးကြောင့် ဒီပွဲဟာ ပြိုင်ဆိုင်မှု အတော် ပြင်းထန်ခဲ့တယ်။ ဒါဟာ ကျနော်တို့ ကစားခဲ့ဖူးသမျှ ပွဲတွေထဲမှာ အကောင်းဆုံးမဟုတ်ပေမယ့် အနိုင်ရဖို့ လုံလောက်ခဲ့ပါတယ်။"

"ဒါက ကလပ်အတွက် အံ့သြစရာကောင်းတဲ့ ညဖြစ်တယ်။ ဘယ်လိုခံစားရမယ်ဆိုတာတောင် မသိခဲ့ဘူးလို့ ကျနော် အရင်က ပြောခဲ့ဖူးတယ်။

"အခုတော့ ဒါကို ကျနော် သိပြီ။ ကောင်းမွန်လှပြီး လုံးဝ စိတ်လှုပ်စရာကောင်းတယ်လို့ ခံစားရတယ်။ ကျနော့်ကောင်လေးတွေအတွက် အရမ်းဂုဏ်ယူမိတယ်။"

လီဗာပူးလ်ဟာ အသင်းသမိုင်း တစ်လျှောက် (၁၂၇)နှစ်အတွင်းမှာ ပထမဆုံး ကလပ်ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ လက်ရှိအချိန်မှာ ဆုဖလား (၄၇)လုံးအထိ ဆွတ်ခူးသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပြီး ဒါဟာ မန်ချက်စတာယူနိုက်တက်ထက် နှစ်လုံးအသာ ရရှိသွားတာဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly