နိုင်ဂျီးရီးယားတွင် ဗလီများ၌ ဗုံးခွဲတိုက်ခိုက်မှုများကြောင့် အနည်းဆုံး ၅၅ ဦးသေဆုံး

နိုင်ဂျီးရီးယားတွင် ဗလီများ၌ ဗုံးခွဲတိုက်ခိုက်မှုများကြောင့် အနည်းဆုံး ၅၅ ဦးသေဆုံး

မိုင်ဒူဂူရီ၊ အောက်တိုဘာ ၂၄ ။           ။ အိမ်နီးချင်း ကင်မရွန်းနိုင်ငံတွင် မြို့တစ်မြို့ကို ဘိုကိုဟာရမ်စစ်သွေးကြွ တိုက်ခိုက်ရေးသမားများက သိမ်းပိုက်လိုက်စဉ် အောက်တိုဘာ ၂၃ ရက်က နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းရှိ ဗလီများတွင် ဗုံးခွဲတိုက်ခိုက်မှုနှစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၅၅ဦးသေဆုံးခဲ့ပြီး ၁၀၀ကျော်ဒဏ်ရာရရှိခဲ့သည်။

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း မိုင်ဒူဂူရီမြို့တွင် အောက်တိုဘာ ၂၃ ကရိုက်ယူခဲ့သော ဓါတ်ပုံတစ်ခုတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုဖြစ်ပြီးနောက် ဗလီတစ်ခုတွင် လူများမတ်တပ်ရပ်နေပုံ ကိုပြသထားသည်။

စစ်တပ်က နယ်မြေသိမ်းပိုက်မှုများရရှိထားသည်ဟု ပြောကြားနေသည့်တိုင် မိုင်ဒူဂူရီ၊ ယိုလာနှင့် ကေရာဝါတို့တွင် တိုက်ခိုက်မှုများပြန်လည်ဖြစ်ပေါ်လာခြင်းမှာ နိုင်ငံအဆင့် သာမသာ ဒေသတွင်းအဆင့် တွင်ပါ အစ္စလာမ္မစ်စစ်သွေးကြွတို့၏ ခြိမ်းခြောက်မှုရှိနေသေးကြောင်း မီးမောင်းထိုးပြနေသည်။

အထူးသဖြင့် မိုင်ဒူဂူရီတွင် စိုးရိမ်မှုများ ဆက်လက်မြင့်မားနေမည်ဖြစ်ပြီး ယခုလအတွင်းမှာပင် ခြောက်ကြိမ်တိုက်ခိုက်ခံရပြီးဖြစ်ကာ သေဆုံးသူစုစုပေါင်း ၇၆ ဦးအထိရှိနေသည်ဟု အေအက်ဖ်ပီက ဖော်ပြ ထားသည်။

လွန်ခဲ့သည့်လကလည်း ယင်းမြို့တွင် အလားတူတိုက်ခိုက်မှုများကြောင့် လူ၁၁၇ဦးသေဆုံးခဲ့ရာ စစ်သွေးကြွများက ယခုကဲ့သို့တိုက်ခိုက်မှုများ မည်သို့ပြုလုပ်နိုင်ရသနည်းဆိုသည့် မေးခွန်းများလည်း များပြားမည်ဖြစ်သည်။ ယခုကဲ့သို့ ဗုံးခွဲတိုက်ခိုက်မှုများက လွန်ခဲ့သည့်သီတင်းပတ်က ကင်မရွန်းမြောက်ပိုင်းတွင် တပ်ဖွဲ့ဝင် ၃၀၀အထိချထားခဲ့သော အမေရိကန်အတွက် စိန်ခေါ်မှုများရှိနေကြောင်း ပြသ လျက်ရှိသည်။

ယခုကဲ့သို့ အရပ်သားများအပေါ် တိုက်ခိုက်မှုများမြင့်မားလာချိန်တွင် နိုင်ငံစုံတပ်ဖွဲ့များအနေဖြင့် နိုင်ဂျီးရီးယားနိုင်ငံအတွင်းအပါအဝင် ဘိုကိုဟာရမ်တို့အပေါ်စောင့်ကြည့်ထောက်လှမ်းမှု စစ်ဆင်ရေးများ လည်း ပြုလုပ်ရမည်ဖြစ်သည်။

နိုင်ဂျီးရီးယားအရှေ့မြောက်ပိုင်းတွင် သဘောထားတင်းမာသော အစ္စလာမ္မစ်နိုင်ငံတစ်ခု ထူထောင်ချင်သော ဘိုကိုဟာရမ်တို့သည် ယခင်ကတည်းက ဗလီများနှင့် ၎င်းတို့၏သဘောတရားကို လက်မခံသော ဘာသာရေးခေါင်းဆောင်မျာကို ပစ်မှတ်ထားလေ့ရှိသည်။ ဘိုကိုဟာရမ်တို့၏ တိုက်ခိုက်မှုကြောင့် ၂၀၀၉ခုနှစ်ကစ၍ ယခုအချိန်အထိ လူ ၁၇,၀၀၀ခန့်သေဆုံးကာ နှစ်သန်းခွဲကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ ယခုနှစ်ဒီဇင်ဘာလတွင် သောင်းကျန်းမှုကို အဆုံးသတ်ပစ်ရန် နိုင်ဂျီးရီးယားသမ္မတမူဟမ်မက်ဒူဘူဟာရီက ၎င်း၏တပ်မှူးများကို အမိန့်ပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly