ရာသီဥတု ပြောင်းလဲမှုကြောင့် ပြောင်းရွေ့ကြသူများ

By အိခင်ခင်
20 December 2019
ရာသီဥတု ပြောင်းလဲမှုကြောင့် ပြောင်းရွေ့ကြသူများ
ပုံ -  Green Lotus ပုံစာ - ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်ရှိ ရွှေ့ပြောင်းအခြေချအိမ်ခြေတစ်စု

ဒီဇင်ဘာ ၂၀။        ။ “ကျွန်တော်တို့က ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု အကြီးအကျယ် ခံစားနေရတဲ့ ကမ္ဘာကြီးရဲ့ အစိတ်အပိုင်းမှာ နေထိုင်ကြရပါတယ်။ ဒီလိုရုတ်ချည်းနဲ့ မမျှော်လင့်ထားတဲ့ ပုံစံပြောင်းလဲခြင်းတွေကြောင့် စိုက်ပျိုးရေးနဲ့ စားနပ် ရိက္ခာလုံခြုံရေးအပေါ် ထိခိုက်မှုတွေက အတိုင်းအဆ မသိနိုင်အောင်ပါပဲ။ လူတွေက သူတို့ နေထိုင်နေကြရာ ဘဝတွေ၊ နေထိုင်နေကြရာ ဒေသတွေမှာနေဖို့ မဖြစ်နိုင်တော့ လောက်အောင်ပါ” လို့ ဒေါက်တာ သန့်မြင့်ဦးက ၂၀၁၈ ခုနှစ်မှာ ပြောခဲ့ပါတယ်။                                    

‘ရာသီဥတု ပြောင်းလဲခြင်း’နှင့် ‘ရွေ့ပြောင်း အခြေချခြင်း’ဆိုတဲ့ ကြီးထွားလာနေတဲ့ ကိစ္စရပ်နှစ်ရပ်ဟာဆိုရင် ကမ္ဘာ့နေရာ အနှံ့အပြားမှာ အငြင်းအခုန် ဖြစ်နေကြသော်လည်း တစ်ခုနဲ့တစ်ခု ဆက်စပ်လိမ့်မယ်လို့ ထင်ဖို့ ခက်ပါ တယ်။ တကယ်တော့ ကျွန်မတို့လို စိုက်ပျိုးရေးကို များစွာအခြေခံတဲ့ စီးပွားရေးရှိတဲ့ နိုင်ငံတစ်ခုအနေနဲ့ရော ရာသီဥတု ဆိုးရွားစွာ ပြောင်းလဲမှုဒဏ်ကို ပြင်းထန်စွာ ခံရမယ့် နိုင်ငံတစ်ခု အနေနဲ့ပါ ကြည့်ရင်တော့ ရာသီဥတု ပြောင်းလဲမှုနဲ့ ရွေ့ပြောင်း အခြေချခြင်းဆိုတာ အတော်ကြီးကို သက်ဆိုင်တဲ့ ခေါင်းစဉ် ၂ ခု ဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်ကနေ ထုတ်ပြန်ခဲ့တဲ့ ၂၀၁၈ Groundwell Report အရဆိုရင် ၂၀၅၀ လောက်မှာ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုကြောင့် လူဦးရေ ၁၄၃ သန်းကျော်ဟာ သူတို့နိုင်ငံတွေ အတွင်းမှာ ရွေ့ပြောင်း နေထိုင်မှာ ဖြစ်ပါတယ်။ အဲဒီမှာဆိုရင် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ဒေသဖြစ်တဲ့ တောင်အာရှဒေသမှာ သန်း ၄၀ ပါဝင်ပါတယ်။

ခြောက်သွေ့တဲ့ ဒေသတွေဟာ ကန္တာရအဖြစ်သို့ ပြောင်းလဲသွားခြင်းနှင့် မြစ်ဝကျွန်းပေါ် ဒေသတွေဟာလည်း ပြင်းထန်သော မုတ်သုံလေနဲ့ အပူပိုင်း လေမုန်တိုင်းတွေကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိလာခြင်းတွေကြောင့် လူသားတွေဟာ ထွက်ပြေး ပြောင်းရွေ့နေကြရပါတယ်။ ရာသီဥတု ပြောင်းလဲမှုဒဏ်တွေကနေ လွတ်မြောက်ဖို့ အတွက် လူတွေဟာ ကြိုးစားနေ ကြရပါတယ်။ အနာဂတ်ဟာလည်း တဖြည်းဖြည်း ဆိုးရွားလာနေပါပြီ။ မြန်မာ ကတော့ ခြွင်းချက် မရှိပါဘူး။

၂၀၁၇ ခုနှစ် မြန်မာနိုင်ငံအတွင်း ရာသီဥတု ဘေးအန္တရာယ်ဆိုင်ရာ သုံးသပ်တင်ပြချက်အရဆိုရင် ၂၀၅၀ မှာ မြန်မာ နိုင်ငံရဲ့ အပူချိန်တွေဟာ ၁.၃ ͘C ကနေ ၂.၇͘C အထိ၊ ပင်လယ်ရေမျက်နှာပြင်ဟာလည်း ၂၀ စင်တီမီတာနဲ့ ၄၀ စင်တီမီတာကြားအထိ မြင့်တက်လာနိုင်ခြေ ရှိပါတယ်။

မြန်မာ့ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာအဖွဲ့(MCCA)ကတော့ မြန်မာနိုင်ငံဟာ မိုးခေါင်ရေရှားခြင်း၊ မိုးဦးနဲ့ မိုးနှောင်း မှာ ဖြစ်ပေါ်လာမယ့် ပြင်းထန်တဲ့ မုန်တိုင်း အရေအတွက် များပြားလာခြင်းနဲ့ မုတ်သုံရာသီ ပြောင်းလဲ လာခြင်း၊ အလွန်အမင်း မိုးရွာခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ မုန်တိုင်း အရေအတွက် များပြားလာခြင်း၊ အပူချိန် မြင့်တက် ခြင်း၊ ပင်လယ် ရေမျက်နှာပြင် မြင့်တက်လာခြင်းနဲ့ ဆားငံရေ ဝင်ရောက်ခြင်း စတဲ့ ရာသီဥတု ကပ်ဘေးတွေကို ပိုမို ကြုံတွေ့လာရမှာ ဖြစ်တယ်လို့ ပြောထားပါတယ်။

အလွန်အမင်း သစ်ထုတ်လုပ်ခြင်းနဲ့ ဓာတုဗေဒ မြေသြဇာတွေကို အများအပြား သုံးစွဲခြင်းလို အရင်က မဆင်မခြင် ပြုမူခဲ့တဲ့ အပြုအမူတွေဟာလည်း မြေပြိုခြင်းနဲ့ စိုက်ပျိုးမြေတွေ ပျက်စီးစေခြင်းကိုလည်း ဖြစ်စေတာကြောင့် မြန်မာ့ ကျေးလက်နေ ပြည်သူအများစုရဲ့ ဘဝတွေကို တိုက်ရိုက် သက်ရောက်စေမယ့် အန္တရာယ်တွေ ရှိစေမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အပူပိုင်းဒေသနဲ့ ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသတွေက လယ်သမားတွေ၊ လယ်ပိုင်ရှင် တွေဟာ ရွေ့ ပြောင်း နေထိုင်ကြဖို့ ဖြစ်လာရပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က မိုးစွေတိုင်း အဖိုးပြောဖူးတဲ့ စကားတစ်ခွန်းကို သတိရမိပါတယ်။ တစ်နေကုန် မိုးစွေနေရင် ဒါမှမဟုတ် တစ်ရက်ထက် ပိုပြီး မိုးရွာနေခဲ့ရင် မိုးကိုကြည့်ပြီးတော့ “ဆင်းရဲသား ငိုမယ့်မိုးပဲ၊ တစ်နေ့လုပ် မှ တစ်နေ့စားရတဲ့သူတွေ ဘယ်လိုများ လုပ်ကြမလဲ”တဲ့။

ရာသီဥတုဒဏ်ကို အဓိက ခံစားရမယ့်သူတွေဟာ အခြေခံ လူတန်းစားတွေပါ။ မိမိနေထိုင်တဲ့ နေရာဟာ ဆက် လက် နေထိုင်နိုင်ဖို့အတွက် အခြေအနေ မပေးတော့ဘူးဆိုရင်၊ အစာရေစာ မဖူလုံတော့ဘူးဆိုရင်၊ နေထိုင်ဖို့ အတွက် လုံခြုံမှု မရှိတော့ဘူးဆိုရင် ပိုပြီးအခြေအနေကောင်းတဲ့၊ ပိုပြီး အစာရေစာပေါတဲ့၊ ပိုပြီး လုံခြုံတဲ့ နေရာကို ပြောင်းရွေ့ အခြေချကြတာ ဓမ္မတာပါပဲ။

ရေကြည်ရာ မြက်နုရာ ပြောင်းရွေ့ အခြေချတယ်ဆိုတာ ကမ္ဘာဦးကတည်းက ရှိခဲ့တဲ့ လူသားတို့ရဲ့ အမူအကျင့် တစ်ခုပါ။နေ့စဉ် လုပ်ကိုင် စားသောက်နေကျ လယ်ယာလုပ်ငန်းတွေက အဆင်မပြေတာတွေ များလာတဲ့အခါ အသက်ရှင် ရပ်တည်နိုင်ဖို့အတွက် တခြား  အလုပ်အကိုင် ကောင်းမွန်တဲ့ ဒေသတွေဆီကို ရွေ့ပြောင်း ကြရပါ တော့တယ်။
 
The United Nations Development Program အရဆိုရင်၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံအတွင်း ပြည်တွင်း ရွေ့ ပြောင်း အခြေချသူ ၉ သန်းရှိနေပါပြီ။ သူတို့ထဲက အများစုကတော့ မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသနဲ့ ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသတို့ကပဲ ဖြစ်ပါတယ်။သူတို့ ဦးတည်သွားကြတဲ့ နေရာတွေကတော့ မြို့ကြီးတွေ ဖြစ်ကြတဲ့ ရန်ကုန်နဲ့ မန္တလေးမြို့တို့ပဲ ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်အတွင်း ရန်ကုန်မှာ ရွေ့ပြောင်း အခြေချတဲ့ လူဦးရေဟာ ၈၀၀၀၀၀ ရှိပါတယ်။ ပြောင်းရွေ့ လာသူအများစုဟာ ရန်ကုန်ရဲ့ အစွန်အဖျား မြို့နယ်တွေဖြစ်တဲ့ လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်း၊ မင်္ဂလာဒုံ စတဲ့ စက်မှုဇုန် မြို့တွေမှာ နေထိုင်ကြပါတယ်။

အဲသလို ပြောင်းရွေ့ လာတဲ့လူတွေဟာ စားဝတ်နေ အဓိကမို့ စားဖို့ ရရာ အလုပ်လုပ်ကြမယ်၊ ဝတ်ဖို့ကလည်း ရှာဖွေလို့ ရနိုင်သေးတယ်၊ နေဖို့ကတော့ လက်လှမ်းမမီရင် ရတဲ့နေရာမှာ အဖီဆွဲလို့ လုံခြုံမှုမရှိတဲ့ ကျူးဆိုသူတွေ အဖြစ် မြို့ကြီးတွေမှာ ပေါ်လာမှာပါ။

ရန်ကုန်မှာရှိတဲ့ ကျူးကျော်နေထိုင်သူ ဦးရေဟာ ၃၅၀၀၀၀ ဝန်းကျင်ရှိတယ်လို့ UN Habitat က ၂၀၁၇ မှာ ခန့်မှန်း ထားပါတယ်။ အဲဒီ လူဦးရေဟာ အဆက်မပြတ် တိုးပွားလာနေပါတယ်။ ထိုကျူးကျော် နေထိုင်သူတွေရဲ့ တစ်ဝက် ကျော်လောက်ဟာ ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်းအပြီးမှာ ပြောင်းရွေ့ လာကြသူများ ဖြစ်ကြပါတယ်။

ကျူးကျော် နေထိုင်သူတွေရဲ့ ၄၀ ရာခိုင်နှုန်းဟာ လှိုင်သာယာမြို့နယ်မှာ နေထိုင်ကြပါတယ်။ လှိုင်သာယာမြို့နယ် မှာဆိုရင် လူဦးရေ ၇၀၀၀၀၀ လောက်ရှိပါတယ်။ ဒီအရေအတွက်ဟာ ချင်းပြည်နယ်နဲ့ ကယားပြည်နယ် ၂ ခုမှာ ရှိ တဲ့ လူဦးရေလောက် ရှိပါတယ်။ ဒီလိုမျိုး ကျူးကျော်နေထိုင်သူတွေ တိုးပွားလာခြင်းဟာ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုရဲ့ အကျိုးဆက်တွေပဲ ဖြစ်ပါတယ်။

တကယ်တော့ ဒါဟာ အစပဲ ရှိပါသေးတယ်။ အလုပ်အကိုင် အခွင့်အလမ်းကို ဖန်တီးကြသူတို့အဖို့ လူသား အရင်းအမြစ်ဆိုတာ တန်ဖိုးရှိလှတဲ့ လုပ်သားအင်အား ဖြစ်ပါတယ်။ စက်မှုဇုန်တွေ ၊ မြို့တော်တွေ တည်ဆောက် ကြတဲ့ အခါ လုပ်သားအင်အား အလွယ်တကူ ရနိုင်ဖို့ကိုလည်း ထည့်သွင်း စဉ်းစားလေ့ ရှိပါတယ်။ အဲဒါကြောင့်မို့ ရွေ့ပြောင်း အခြေချသူတွေနဲ့ စီးပွားရေး မြို့တော်တွေဟာ အပြန်အလှန် သဘောကျစရာ ဖြစ်ပါတယ်။

အကယ်၍ ဒီလိုရွေ့ပြောင်း အခြေချသူတွေကို လျှပ်စစ်၊ ရေ၊ ဆေးဝါး အစရှိတဲ့ ထောက်ပံ့မှုတွေ ပေးခြင်းအားဖြင့် သင့်တင့်စွာ ကိုင်တွယ်မယ်ဆိုရင် ရွေ့ပြောင်း အခြေချခြင်းကို အခွင့်အရေး တစ်ရပ်အနေနဲ့ ပြောင်းလဲနိုင်ပါ တယ်။

ရွေ့ပြောင်း နေထိုင်ရခြင်း အကြောင်းအရင်း များစွာရှိတဲ့အနက်မှာတော့ ရာသီဥတု ပြောင်းလဲမှူဟာ အဓိက အကြောင်းအရင်း တစ်ခုဖြစ်လို့ ရာသီဥတု ပြောင်းလဲခြင်းဒဏ်ကို ဆိုးရွားစွာ ခံစားရမယ့် မြန်မာနိုင်ငံအတွက် ပြည်တွင်း/ပြည်ပပြောင်းရွေ့ အခြေချမှုတွေကို ရှေ့လာမယ့်အနာဂါတ်မှာ များစွာတွေ့ကြုံရအုံးမှာ ဖြစ်ပါတယ်။

ရာသီဥတု ပြောင်းလဲမှု ဒဏ်ကြောင့် စားဝတ်နေရေး အခြေအနေ ခက်ခဲလို့ အလုပ်အကိုင် အခွင့်အလမ်း ပိုများတဲ့ မြို့ကြီးတွေဆီကို ပြောင်းရွေ့ အခြေချဖို့ လာကြတဲ့သူတွေကို ဘယ်လိုကြိုဆို နေရာပေးမလဲ ဆိုတာကလည်း ယခု လက်ရှိနဲ့ နောင်လာမယ့် အနာဂါတ်မှာ မြို့ပြစီမံကိန်း ရေးဆွဲသူတွေ ရင်ဆိုင်ကြုံတွေ့ရမယ့် အဓိက စိန်ခေါ်မှု တစ်ရပ် ဖြစ်ပါတယ်။

ပြည့်စုံတဲ့ ဖြေရှင်းနည်း တစ်ခုအနေနဲ့ ရေတို ကိစ္စရပ်တွေဖြစ်တဲ့ ကျူးကျော် နေထိုင်သူတွေကို အခြေခံ လိုအပ် ချက်တွေ ဖြည့်ဆည်း ပေးခြင်းသာမက သူတို့ ပြောင်းရွေ့ လာရတဲ့ အကြောင်းအရင်းကိုပါ ကိုင်တွယ် ဖြေရှင်း သင့်ပါတယ်။ သစ်တောပြုန်းတီးမှု တားဆီးခြင်း၊ စိုက်ပျိုးရေး ပုံစံအသစ်တွေ ရေးဆွဲခြင်း၊ ပြန်ပြည့်မြဲ စွမ်းအင်တွင် ရင်းနှီးမြှုပ်နှံမှု လုပ်ခြင်း၊ စီးပွားရေး မညီမျှမှုတွေကို တားဆီးခြင်း ကဲ့သို့သော ဖြေရှင်းနည်းတွေသည် ရွေ့ပြောင်း အခြေချခြင်း ရေရှည် ကိစ္စရပ်တွေအတွက် အဓိက ဖြေရှင်းနည်းတွေ ဖြစ်ကြပါတယ်။

မြန်မာနိုင်ငံမှာ ထင်ရှား ကျော်ကြားတဲ့၊ ကွယ်လွန် သွားပြီဖြစ်တဲ့ မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင် ပြောခဲ့သလိုပဲ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုက ကျွန်မတို့ရဲ့ လူနေမှု ဘဝတွေကို ပြောင်းလဲနေပါတယ်။

သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းစေမှုတွေနဲ့ စီးပွားရေး မညီမျှမှုတွေကို မဖြေရှင်းဘူးဆိုလျှင် သဘာဝ ပတ်ဝန်းကျင် ဖောက်ပြန် ပြောင်းလဲမှုဟာ လူမှုရေး တင်းမာမှုတွေနဲ့ ပဋိပက္ခတွေကို ဖြစ်ပေါ်စေပါတယ်။

ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုကြောင့် ရွေ့ပြောင်း အခြေချခြင်း ကိစ္စရပ်ဟာဆိုရင် မြန်မာနိုင်ငံရဲ့ အနာဂတ်ကို တည်ဆောက်မယ့် နိုင်ငံ့ အကြီးအကဲတွေနဲ့ နိုင်ငံရေး သမားတွေအတွက် တိုက်တွန်းလိုတဲ့ ပြဿနာတစ်ရပ်ပဲ ဖြစ် ပါတယ်။

စာရေးသူ အိခင်ခင်သည် Green Lotus ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required