တောမီးကြောင့် အင်ဒိုနီးရှားတွင် နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာရန်အခြေအနေဆိုက်

တောမီးကြောင့် အင်ဒိုနီးရှားတွင် နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာရန်အခြေအနေဆိုက်

အင်ဒိုနီးရှားနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသော တောမီးလောင်ကျွမ်းပြီး မီးခိုးဖုံးလွှမ်းမှု ပြဿနာကြောင့် နိုင်ငံတော်အရေးပေါ် အခြေအနေကြေညာသင့်မသင့် မကြာမီ ဆုံးဖြတ်ကြမည်ဖြစ်သည်။

နိုင်ငံရေး၊ တရားရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ဝန်ကြီး လူဟတ်ပန်ဂျာတန်က အစိုးရအနေဖြင့် ဆုံးဖြတ်ချက်မချမှတ်မီ ပြန်လည်သုံးသပ်ခြင်းများကို ဆွေးနွေးမည်ဖြစ်သည်ဟု ပြောသည်။

သမ္မတဂျိုကိုဝီဒိုဒို အောက်တိုဘာ ၂၄ ရက်တွင် အမေရိကန် ခရီးစဉ် မထွက်ခွာမီ ၎င်းနှင့် အခြားသော ဝန်ကြီးများက တွေ့ဆုံကာ တောမီးပြဿနာအား ဆွေးနွေးခဲ့ကြောင်း အောက်တိုဘာ ၂၃ ရက်တွင် လူဟတ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

"တောမီးပြဿနာအတွက် လုပ်ဆောင်ဖြေရှင်းနေရမှုတွေက နိုင်ငံတော်အရေးပေါ် အခြေအနေအဆင့်မှာ ရှိနေတာပါပဲ။ဘာကြောင့်လည်းဆိုတော့ ပြည်သူတွေအနေနဲ့ မခံနိုင်တော့ဘူးဆိုတာ ကျွန်တော် တို့သိပါတယ်။ ဆူမတြားနဲ့ ကာလီမန်တန်မှာဆိုရင် စစ်သင်္ဘောတွေနဲ့ အခြားနိုင်ငံပိုင်သင်္ဘောတွေကို ယာယီခိုလှုံရေးစခန်းတွေအဖြစ် အသုံးပြုနိုင်ရေး ကျွန်တော်တို့တွေ ပြင်ဆင်နေရပါပြီ။"ဟု ၎င်းကပြော သည်။

ယခုလအစောပိုင်းက အင်ဒိုနီးရှားနိုင်ငံက အိမ်နီးချင်း စင်ကာပူနှင့် မလေးရှားအပြင် ရုရှနိုင်ငံတို့ အပါအဝင် နိုင်ငံအချို့ကို တောမီးငြိမ်းသတ်နိုင်ရေးနှင့် မီးခိုးဖုံးလွှမ်းမှု ပြဿနာများအတွက် အကူအညီများ တောင်းခံထားခဲ့သည်။

ရုရှနိုင်ငံက ပေးသည့် Be200 ရေအမြှေက်ဗုံးများကဲ့သို့ လေယာဉ်ဖြင့် မီးငြိမ်းသတ်နိုင်ရေး အကူအညီများအတွက် ကနေဒါ၊ အမေရိကန်နှင့် ပြင်သစ်နိုင်ငံများထံလည်း အကူအညီတောင်းထားကြောင်း လူဟတ်က ပြောခဲ့သည်။

Ref: CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly