World Jin အထည်ချုပ်စက်ရုံ အလုပ်သမား ၂၀၀ ကျော် ရန်ကုန်တိုင်းဝန်ကြီးနှင့် တွေ့ခွင့်ပေးရန် တောင်းဆို

By ဆုမြတ်မေဇော်၊ မိုင်းယိုင်နီ
19 December 2019
World Jin အထည်ချုပ်စက်ရုံ အလုပ်သမား ၂၀၀ ကျော် ရန်ကုန်တိုင်းဝန်ကြီးနှင့် တွေ့ခွင့်ပေးရန် တောင်းဆို
ဓာတ်ပုံ - ဆုမြတ်မေဇော်

ဒီဇင်ဘာ၁၉၊ ရန်ကုန်။           ။ World Jin အထည်ချုပ်စက်ရုံက အလုပ်သမား ၂၀၀ ကျော်သည် နစ်နာနေသော လူမှုဖူလုံရေး အကျိုးခံစားခွင့်များကို တောင်းဆိုနိုင်ရေးအတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံခွင့်ရရန်  ဒီဇင်ဘာလ(၁၉)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးရှေ့တွင် လာရောက်စောင့်ဆိုင်းခဲ့ကြသည်။

ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်အတွင်းရှိ World Jin အထည်ချုပ်စက်ရုံအလုပ်သမားများသည် လူမှုဖူလုံထည့်ဝင်ကြေးငွေ လစဉ်သွင်းထားသော်လည်း မီးဖွားခွင့်၊ ဆေးကုသခံယူခွင့်နှင့် အခြားအကျိုးခံစားခွင့်များကို ဆုံးရှုံးနစ်နာနေရသောကြောင့်  ဖြေရှင်းပေးရန် လာရောက် တောင်းဆိုခြင်း ဖြစ်သည်။

“မီးဖွားခွင့်နဲ့ နေမကောင်းတဲ့သူတွေ သွားပြီး ခွင့်ယူတဲ့အခါ နင့်တို့စက်ရုံက လူမှုဖူလုံကြေးတွေ မသွင်းထားဘူး၊ ရှစ်လ မသွင်းထားတဲ့အတွက်ကြောင့် နင့်တို့အတွက် ခံစားခွင့်မရှိဘူးတဲ့၊ ကိုယ်တွေကတော့ လတိုင်း နှစ်ထောင် ကျော် သုံးထောင် နီးပါး သွင်းရတယ်၊ ဒါပေမဲ့ အလုပ်ရှင်က အလွဲသုံးစားမှု လုပ်ထားတယ်၊ အဲတာကို လူမှုဖူလုံရေး ဌာနက အရေးမယူဘူး။ ရှစ် လဆိုတဲ့ဟာက မနည်းဘူး” ဟု World Jin အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်နေသူ မဇင်မာဦးက ဆိုသည်။

အကြောင်းအမျိုးမျိုးကြောင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်သည် အလုပ်သမားများဖြင့် မတွေ့ဆုံနိုင်သော်လည်း အလုပ်သမားများ၏ ရပိုင်ခွင့်ကို ဥပဒေလမ်းကြောင်းအတိုင်း ဖြေရှင်းပေးသွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ဝင်ရောက်ဖျန်ဖြေပေးခဲ့သည်။

“သူကို ရှာဖွေနိုင်ဖို့အတွက် သံရုံးကို ချိတ်ဆက်ဆောင်ရွက်နေတယ်၊ ရှာဖွေနေတယ်၊ အလုပ်သမားတွေကို ပစ်ထားတယ်လို့ ထင်ချင်ထင်လိမ့်မယ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကို တိုက်ရိုက်ဆွေးနွေးဖြေရှင်းတာထက် အဆင့် အဆင့်ဖြေရှင်းခွင့်ကိုပေးပြီး တရားဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းကနေ ဖြေရှင်းတာကို စောင့်ရတယ်”ဟု လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ေဒါ်မိုးမိုးစုကြည်က ဆိုသည်။  

လူမှုဖူလုံရေးဥပဒေတွင် အလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အလုပ်သမားဘက်က နှစ်ရာခိုင်နှုန်း နှင့်  အလုပ်ရှင်ဘက်က သုံးခိုင်နှုန်း ထည့်သွင်းဖို့ ပြဌာန်းထားသည်။

အဆိုပါကိစ္စရပ်ကြောင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနကို တိုင်ကြားထားသော်လည်း ထိထိရောက်ရောက် ဖြေရှင်းပေးခြင်းမရှိဟုဆိုကာ ယခုကဲ့သို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံခွင့်ပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

လာမည့် ဒီဇင်ဘာ(၂၃)ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့်  အလုပ်ရှင် အလုပ်သမားများ က တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်မည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly