ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်မှု ၇၀ ရာခိုင်နှုန်းပြီးစီး

ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်မှု ၇၀ ရာခိုင်နှုန်းပြီးစီး
ဓာတ်ပုံ-ရထား ဝန်ထမ်းများ

ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ။           ။ ရန်ကုန်မြို့နှင့် ဆင်ခြေဖုံး ရပ်ကွက်များကို ပြေးဆွဲပေးနေသည့် ရန်ကုန်မြို့ပတ်ရထားလမ်း ပြင်ဆင်မှု ၇၀ ရာခိုင်နှုန်း ပြီးစီး နေပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

မြန်မာ့မီးရထားသွားလာရေး တိုင်းအမှတ်(၇) အထွေထွေမန်နေဂျာ ဦးကျော်မျိုးလွင်ကတော့ ၂၀၂၀ ခုနှစ်၊ မေလမှာ ပြီးရန် လျာထားကြောင်း၊ သို့သော်လည်း ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်မှုနှင့် ပတ်သက်ပြီး လုပ်ငန်းလုပ်ကိုင်နေဆဲ နောက်တိုး လုပ်ငန်းများ၊ ပုရွတ် ဆိတ်ကုန်း၊ ဒညင်းကုန်း၊ မင်္ဂလာဒုံ လမ်းပိုင်းတွင် တာဘောင်မြေသား အစားထိုး လုပ်ကိုင် နေရသည့်အတွက် သတ်မှတ် ထားသည့် ၂၀၂၀ ခုနှစ်၊ မေလထက် နောက်ကျမှ ပြီးစီးနိုင်ကြောင်း ပြောသည်။

“ ဒီလုပ်ငန်းတွေ စလုပ်နေတဲ့ နေရာမှာ ၇၀ ရာခိုင်နှုန်း ပြီးဆုံးသွားပြီ။ သံလမ်းအပိုင်းမှာက သံလမ်းကိုးချောင်း ဆက်တွေကိုလဲလှယ်တယ်။ တာဘောင်တွေမှာ တချို့ကို မြေသားတွေ အစားထိုးတယ်။ ရထားလမ်းမှာ လမ်းခင်းကျောက်တွေဖြည့်တဲ့ အပိုင်း ရှိတယ်။ ကားလမ်းကူးတွေမှာ ချောချောမွေ့မွေ့ဖြစ်အောင် ပြုပြင်တဲ့ လုပ်ငန်းတွေပါတယ်။ ရထားလမ်း အလယ်မှာ ဘေးမှာ ရှိတဲ့ ရေဆင်းမြောင်းတွေ ပြုပြင်တာတွေ ရှိတယ်။ အဲဒီ လုပ်ငန်းတွေက ၇၀ ရာခိုင်နှုန်းလောက် ပြီးသွားပြီ။ ၂၀၂၀ ခုနှစ်၊ မေလမှာ ပြီးဖို့ဆိုပြီ လျာထားတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မြို့ပြ အင်ဂျင်နီယာ လုပ်ငန်းများဖြစ်သည့် ရထားသံလမ်း လဲလှယ်ခြင်း၊ သံလမ်းအောက်ခံ မြေသားလုပ်ငန်း၊ ရေဆင်းမြောင်း၊ ကားလမ်းကူး ဂိတ်ပြုပြင်ခြင်း၊ ရထား ခုံးကျော် တည်ဆောက်မှု၊ ရထားလမ်း ခြံစည်းရိုး ကာရံမှုများကို လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများ ပြီးစီးပါက ဂျပန်ချေးငွေဖြင့် ဆောင်ရွက်သည့် အချက်ပြစနစ်များ လဲလှယ်ခြင်း လုပ်ငန်းများကို ၂၀၂၁ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်းနှင့် ရထားတွဲဆိုင်းအသစ်များ လဲလှယ်ခြင်းလုပ်ငန်းများ ၂၀၂၂ ခုနှစ်၌  လုပ်ငန်းများ အားလုံး ပြီးဆုံးမည် ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

လှိုင်မြို့နယ်နေကိုထွန်းအောင်က “ရထားအချိန်တွေ ပြောင်းထားတော့ ရုံးဆင်းရုံးတက်ချိန်တွေက ရထား ကြပ်တယ်။ မနက် ရုံးတက်ချိန်ထက် စောရင်တော့ မြို့ထဲကိုသွားရင် နည်းနည်းချောင်တယ်။ ၈ နာရီခွဲ နောက် ပိုင်းဆို လူကြပ်တယ်။ ကြားထဲမှာ အမြန်ရထားတို့၊ စာပို့တို့ ဝင်လာရင် ၁၅ မိနစ်လောက် နောက် ကျပြန်ရော။ ခု ရထားကနေ ကားစီးလို့ရတဲ့ သမိုင်းဘူတာဆိုရင်တော့ ခရီးသွား ပြည်သူတွေအတွက် တော်တော် အဆင်ပြေ နေပါပြီ”ဟု ပြောသည်။

လတ်တလောတွင် ရထားလမ်းများ ပြုပြင်နေသည့်အတွက် တချို့လမ်းပိုင်းများတွင် ရထားလမ်း တစ်ဖက်ပိတ်ကာ သွားလာနေရသည့်အတွက် ခရီးသွားပြည်သူများအကြား အခက်အခဲတချို့ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

၂၀၂၂ ခုနှစ်တွင် ရထားတွဲဆိုင်း အသစ်များဖြင့် ပြေးဆွဲမည်ဖြစ်သည့်အတွက် ရန်ကုန်မြို့တစ်ပတ် စုစုပေါင်း ကြာချိန် ၂ နာရီ ၅၀ မိနစ်မှ ကြာမြင့်ချိန် ၁ နာရီအထိ သက်သာ သွားမည်ဖြစ်ကြောင်း သိရသည်။

ကမာရွတ်မြို့နယ်နေ ကိုလှိုင်မင်း က “ရထားတွေမှာ ပစ္စည်းအတင်အချ တွေကလည်း ဒီမြို့ပတ်ရထားနဲ့ လုပ် တာဆိုတော့ သူတို့ကို ကုန်ပစ္စည်းတင် တဲ့ ရထား သပ်သပ်လုပ်ပေးရင် မြို့ပတ်က ပိုစီးမယ်လို့ ထင်တယ်။ မိုးတွင်းဆိုရင်တော့ အတက် အဆင်းတွေ သတိထားရမယ်။ခုက ဘူတာဘောင်တွေက မြှင့်ထားတာတွေလည်း ရှိတော့ မိုးတွင်းဆို ခရီးသွားပြည်သူတွေ ပိုဂရုတစိုက် စီးရမယ်လို့ ထင်တယ်”ဟု ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေသည့်အတွက် ယခင်က တစ်ရက်လျှင် ခရီးသွားပြည်သူ ၉၀၀၀၀ နီးပါး စီးနင်းနေရာမှ လက်ရှိတွင် တစ်ရက် ပျှမ်းမျှ ၅၀၀၀၀ နီးပါးသာ စီးနင်း နေကြောင်း မြန်မာ့မီးရထားမှ သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly