ပျံကျစျေးသည်များနှင့် ကျိုက်ထီးရိုးဂေါပကအဖွဲ့ကြား စျေးရောင်းချခွင့်အတွက် တင်းမာနေ

ပျံကျစျေးသည်များနှင့် ကျိုက်ထီးရိုးဂေါပကအဖွဲ့ကြား စျေးရောင်းချခွင့်အတွက် တင်းမာနေ

မော်လမြိုင်၊ ဒီဇင်ဘာ ၁၉ ။              ။ ကျိုက်ထီးရိုးတောင်ပေါ်တွင်  ဈေးရောင်းချခွင့် နှင့် ပတ်သက်ပြီး ပျံကျဈေးသည်များနှင့် ဂေါပကအဖွဲ့ကြား ဖြစ်ပွားနေသည့် နေရာအငြင်းပွားမှု အခြေအနေတင်းမာနေကြောင်း စုံစမ်းသိရသည်။

 စျေးသည်များဘက်ကလည်း  အစဉ်အဆက်ရောင်းချလာသည်ဟု ပြောဆိုကြပြီး ဂေါပကအဖွဲ့ကလည်း  သတ်မှတ်နေရာတွင်သာ ရောင်းချစေလိုသည့် အငြင်းပွားမှု ပြသနာ ဖြစ်သည်။

 “ဟိုးအရင် ဟိုတယ်တွေ မဆောက်ခင်ကတည်းက ဒီလိုပဲ ရောင်းစားခဲ့တာပဲ၊ လှေခါးတွေ မဖြစ်ခင် ကတည်းက ရောင်းစားခဲ့တာပဲ၊ အားလုံးရဲ့နောက်မှာက မိသားစုတွေ ကျောင်းသားတွေရှိတာ သိသိကြီးကြီးနဲ့လုပ်နေတာပဲ၊ ကိုယ်တွေလည်းတောင်းပန်ပါတယ်၊ ကျွန်မတို့မှာ ဒီလိုအခက်အခဲတွေရှိလို့၊ မဖြစ်မနေရောင်းမှ စားရမယ့်ဘဝတွေမို့လို့ ပြောတာတောင် သူတို့ကနားလည်မှုမပေးဘူး၊ ရင်ထဲမှာတော့ မကောင်းဘူး၊ သူတို့တွေက ကြီးနိုင်ငယ်ညှင်းပုံစံမျိုးလုပ်နေတယ်၊ သူတို့က လာလို့ရှိရင် အဖွဲ့အစည်းစုံနဲ့ လာမယ်၊ ဖမ်းမယ်၊ အချုပ်ကားပေါ်တစ်ခါထဲခေါ်သွားမယ်၊ တရားစွဲမယ်၊ ထောင်ချမယ်၊ သူတို့ဘက်က အမြဲတမ်း ဒီလိုစကားတွေ ထွက်လာနေတာ” ဟု ပျံကျဈေးသည် မစိုးသန္တာ ပြောသည်။

လက်ရှိတွင်  ပျံကျဈေးသည်များကို မုဆိုးတောင် လေယာဉ်ကွင်းအနီးတွင် ဘုရားဂေါပကအဖွဲ့က ဈေးရောင်းချခွင့်နေရာ သတ်မှတ်ပေးထားသည်။ သို့ရာတွင် အဆိုပါ နေရာသည် လည်ပတ်သူနည်းပါးသောကြောင့်  စျေးရောင်းရန် အဆင်မပြေကြောင်း စျေးသည် များကပြောသည်။

“ပျံကျဈေးသည်နဲ့ပတ်သက်ပြီးတော့ လုပ်ပေးနိုင်တဲ့ နေရာကို မုဆိုးတောင်မှာ နေရာပေးခဲ့တာ ရှိတယ်။အဲနေရာ သွားမရောင်းပဲနဲ့ ဘုရားဖူးပြည်သူတွေ သွားလာနေတဲ့လမ်းပေါ်မှာ ရောင်းနေတဲ့ အတွက် အမျိုးမျိုးမေတ္တာရပ်ခံတယ်၊ သတိပေးတယ်၊ အကြိမ်ကြိမ်အခါခါလည်း ခေါ်ယူဆွေးနွေးညှိနှိုင်း ပြီးတော့မှ လုပ်လို့မရတော့တဲ့ အခြေအနေကျတော့မှ တရားဥပဒေလမ်းကြောင်းအတိုင်း ဖယ်ရခြင်း ဖြစ်တယ်။ ရှေ့ဆက်ဥပဒေအတိုင်းသွားမယ်။ မေတ္တာရပ်ခံမယ်၊ သွားနိုင်တဲ့နေရာသွားပါ။ မသွားနိုင်ရင် ဥပဒေအတိုင်း ဆက်လက်ပြီးတော့ တရားစွဲဆိုပြီး သွားမှာပါ”ဟု ကျိုက်ထီးရိုး ဂေါပက အဖွဲ့ ဒုတိယခေါင်းဆောင် ဦးစိုးလှိုင်က  ပြောသည်။

 ပြီးခဲ့သည့်  နိုဝင်ဘာလ ၄ ရက်နေ့က ကျိုက်ထီးရိုးရင်ပြင်တော်အတက်လမ်း ခြင်္သေနှစ်ကောင် မုဒ်ဦးဝမှ မောင်းတိန်းတော့ပ်ဟိုတယ်အထိ ပျံကျဈေးသည်များအား ဈေးမရောင်းရန် ဂေါပကအဖွဲ့ဝင်များ၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဈေးကော်မတီများမှ  အင်အား ၆၀ ဦးခန့်က လိုက်လံအသိပေးတားမြစ်ရာမှ ပျံကျဈေးသည်များနှင့် အပြန်အလှန် အဓိကရုဏ်းဆန်ဆန်  ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ဆက်စပ်ပြီး  သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် နှစ်ဦးနှစ်ဖက် အပြန်အလှန် အမှု(၁၃)မှု ဖွင့်ထားသည်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ရင်ပြင်သည်  ကိုးဧကကျော်ကျယ်ဝန်းပြီး တစ်ရက်လျှင် အနည်းဆုံး လူတစ်ထောင်ကျော်မှ အများဆုံး လူဦးရေ တစ်သိန်းကျော်အထိ လာရောက်ဖူးမျှော်လျက် ရှိကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

 စေတီတော်ရင်ပြင်ပေါ်တွင် စားသောက်ဆိုင်၊ အထည်ဆိုင်၊ ပစ္စည်းမျိုးစုံအရောင်းဆိုင်၊လက်ဘက် ရည်ဆိုင်၊ တည်းခိုခန်း၊ ဟိုတယ်ဈေးဆိုင်ခန်း စုစုပေါင်း ၁၂၀ ကျော်ရှိသည့်အပြင် ပျံကျဈေးသည်ဦးရေ ၁၀၀ ကျာ် ဈေးရောင်းချလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly