လေဒီတို့ ပုရိသတွေနဲ့ ပြိုင်မသောက်သင့်တဲ့ အကြောင်းရင်း

လေဒီတို့ ပုရိသတွေနဲ့ ပြိုင်မသောက်သင့်တဲ့ အကြောင်းရင်း

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

သောက်ရတာကြိုက်တဲ့ လေဒီတို့ ဒီဆောင်းပါးခေါင်းစဉ်ကို မြင်မိပါစေနော်။ ဒီနေ့ခေတ်မှာ အရာရာရင်ဘောင်တန်းနိုင်ပြီဆိုပေမယ့် ပုရိသတွေနဲ့ ယှဉ်မသောက်ကြဖို့ သတိလေးပေးလိုက်ချင်လို့ပါ။

သောက်တာချင်းတူတူကို မိန်းကလေးတွေက ယောကျာ်းလေးတွေထက် အရက်နာကျတဲ့ဝေဒနာ ပိုခံစားရလို့ပဲဖြစ်ပါတယ်။ ဒီအကြောင်းကို လေ့လာတွေ့ရှိခဲ့တဲ့ သုတေသနတစ်ခုအကြောင်း ဆက်ပြီး ကြည့်ရအောင်။

အမေရိကန်သုတေသနပညာရှင်တွေက အရက်နာကျခြင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေကို တိုင်းတာဖို့ အရက်နာကျလက္ခဏာတိုင်းတာမှုစနစ်သစ်တစ်ခုကို ရေးဆွဲခဲ့ကြပါတယ်။

ဒီတိုင်းတာမှုမှာ ရေဓာတ်ခန်းခြောက်ခြင်း၊ ပင်ပန်းနုံးချိခြင်း၊ ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အားနည်းခြင်း၊ အာရုံစိုက်မရခြင်း၊ စိုးရိမ်ပူပန်ခြင်းနဲ့ အိပ်မရခြင်းတို့လို အရက်နာကျလက္ခဏာ ၁၃ မျိုးကို ဖြစ်လေ့ရှိမှုနဲ့ ပြင်းထန်မှုတို့အပေါ် အဆင့်တွေသတ်မှတ်ခဲ့ပါတယ်။

ဒါကို စမ်းသပ်နိုင်ဖို့ သုတေသီတွေက တက္ကသိုလ်ကျောင်းသား ၁၂၃၀ ဦးကို ပြီးခဲ့တဲ့နှစ်အတွင်း သူတို့ရဲ့ သောက်တတ်တဲ့အလေ့အကျင့်နဲ့ အရက်နာကျလက္ခဏာတွေအကြောင်း စစ်တမ်းကောက်ယူခဲ့ပါတယ်။

စစ်တမ်းမှာ ကျောင်းသားတွေရဲ့ အယ်လ်ကိုဟောသောက်သုံးမှုရာဇဝင်၊ အရက်ကြောင့်ဖြစ်တဲ့ ပြဿနာတွေ၊ ဒီလိုပြဿနာတွေရှိခဲ့တဲ့ မိသားစုရာဇဝင်တွေကိုလည်း မှတ်တမ်းယူခဲ့ပါတယ်။

ဒီသုတေသနရလဒ်တွေကို Alcoholism: Clinical and Experimental Research စာစောင်မှာ စက်တင်ဘာလက ဖော်ပြခဲ့တာပါ။

မိန်းကလေးတွေမှာ ပိုဆိုးနိုင်တယ်

လေ့လာမှုအရ သောက်လိုက်တဲ့ အယ်လ်ကိုဟောပမာဏချင်း မတူတာတောင် အရက်နာကျတဲ့လက္ခဏာတွေမှာ အမျိုးသမီးတွေက ပိုပြီးဆိုးဆိုး ခံစားရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မိန်းကလေးတွေမှာ ယောကျ်ားလေးတွေထက် ခန္ဓာကိုယ်တွင်း အဆိပ်အတောက်ဖြစ်နိုင်ခြေပိုများပြီး အရက်နာကျလက္ခဏာကိုခံစားရတာ အချိန်လည်းပိုကြာနိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။

ဒါတင်မကသေးပါဘူးနော်။ အရင်တည်းက အရက်ကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေ ခံစားရဖူးသူတွေမှာ အရက်နာကျလက္ခဏာ ပိုခံစားရလေ့ရှိပါတယ်တဲ့။

လူဦးရေ ၇၆၀၀၀ ကို လေ့လာခဲ့တဲ့ ဒိန်းမတ်နိုင်ငံက နောက်ထပ် သုတေသနတစ်ခုကလည်း အလားတူတွေ့ရှိချက်ကို ထုတ်ဖော်ခဲ့ပါတယ်။

နွမ်းနယ်နေတာ၊ အာခေါင်ခြောက်တာ၊ ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာ၊ အစားပျက်တာ၊ ခေါင်းမူးတာ၊ ဗိုက်အောင့်တာ၊ ပျို့အန်တာ၊ ရင်တုန်တာတို့လို အရက်နာကျတဲ့လက္ခဏာတွေက အမျိုးသမီးတွေမှာ ပိုဆိုးတတ်တယ်လို့ သူတို့ကလည်း ဖော်ပြခဲ့ပါတယ်။

ကဲ… လေဒီတို့ရေ။ ကြည့်ကျက်သောက်ကြပါနော်။ အရက်နာကျလက္ခဏာမှာတောင် ပိုဆိုးနေတာ၊ အရက်ကြောင့်ဖြစ်မယ့် ပိုအန္တရာယ်ကြီးတဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေဆိုရင် ဘယ်လိုနေမယ် သုတေသနတွေ မရှိလာသေးတော့ မသိနိုင်ပါဘူး။ တခြားနေရာ ရင်ဘောင်တန်းပါ၊ အရက်မှာတော့ ယှဉ်မသောက်ပါနဲ့လို့ အကြံပေးလိုက်ပါရစေ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly