Single – ၁ အတွဲရှိသူတွေ – ဝ

Single – ၁ အတွဲရှိသူတွေ – ဝ

ရေးသားသူ Dr. Yee Mon Lwin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ခုလို ပိတ်ရက်တွေများ၊ ရာသီဥတုတွေအေးနေတဲ့ချိန်ဆို အတွဲရှိတဲ့သူတွေက နင်တို့မှာ ချမ်းရင် ဖက်ထားစရာလူရှိလား၊ ပွဲဈေးတွေ၊ ပျော်ပွဲရွှင်ပွဲတွေကို လက်ချိတ်ပြီး ကြည်ကြည်နူးနူးလျှောက်လည် ရမယ့်သူရှိလားဆိုပြီး ခနဲ့တဲ့တဲ့ စကားသံတွေကို ဆင်ဂယ်လ် ဖြစ်နေတဲ့သူတွေ သည်းခံနေကြရပြီလား။

ကဲ ဒါဆိုရင်တော့ ဒီဆောင်ပါးလေးမှာတော့ အချစ်ရှိတာ၊ အတွဲရှိတာကောင်းတယ်ဆိုတဲ့သူတွေကို ပြန်လည်ချေပဖို့အတွက် ကျန်းမာရေး ကောင်းကျိုးလေးတွေကို ဖော်ပြလိုက်ပါတယ်။

၁။ ကူညီအားပေးမယ့်သူ တစ်ပုံတစ်ပင်ရှိမယ်။

ရည်းစားရှိတဲ့သူတွေကိုဆိုရင် “သြော် သူ့ကို အားပေးမယ့်ရည်းစားရှိတာပဲ” ဆိုပြီး ထင်ကြပေမယ့် ဆင်ဂယ်လ်တွေအနေနဲ့ဆိုရင်တော့ တစ်ခုခုဖြစ်လာရင် ကိုယ့်ကို ကူညီမယ့်သူ အားပေးမယ့်သူ အများကြီးဖြစ်နေမှာအသေအချာပါပဲ။

ကိုယ်တိုင်ကလည်း သူငယ်ချင်းတွေ၊ မိသားစုတွေကို ပိုပြီး အချိန်ပေး ဂရုစိုက်ဖြစ်ပါတယ်။

၂။ ငွေကြောင့် စိတ်ဖိစီးမှုနည်းမယ်။

ပြတ်တုန်း လတ်တုန်း နှစ်ဆယ်သုံးတွေဟာ ရည်းစားရှိတဲ့ချိန်မှာ ၁၅ ရက်နေ့လောက်တဲ့က ပြတ်လတ်နေတာကို တွေ့ရပါလိမ့်မယ်။ အတွဲရှိနေရင် အပြင်သွား၊ မုန့်စား၊ ရုပ်ရှင်ကြည့်ဖို့အတွက် ငွေပိုကုန်ပါတယ်။

လေ့လာချက်တွေအရ ငွေကြောင့်ရတဲ့ စိတ်ဖိစီးမှုတွေဟာ နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ လေဖြတ်တာတွေကို ပိုဖြစ်စေပါတယ်တဲ့။ ဒါကြောင့် စိတ်ဖိစီးမှုနဲ့ အကြွေးတွေကို တတ်နိုင်သလောက် လျှော့ချထားပါ။

၃။ ညဘက်ကောင်းကောင်း အိပ်ရတယ်။

ရည်းစားနဲ့ တစ်ညလုံး ဖုန်းထဲမှာ၊ မက်ဆေ့ပို့ရင်း ရန်ဖြစ်ရလို့ တစ်ညလုံး မအိပ်လိုက်ရဘူးဆိုတာမျိုး ဆင်ဂယ်လ်တွေမှာ ဖြစ်မှာမဟုတ်ပါဘူး။ လင်မယားတွေဆိုရင်လည်း ညဘက်စောင်တစ်ထည်ကို တူတူခြုံပြီး အိပ်နေရင် စောင်ကိုဆွဲတတ်တဲ့သူဆိုရင် ညဘက်နိုးတာတွေဖြစ်နိုင်သေးတယ်။ အတူတူ တစ်ကုတင်တည်း အိပ်တဲ့သူက ညဘက်တွေ ထယောင်တတ်တာ၊ ဟောက်တတ်တာတွေဆိုရင်လည်း နေရင်းထိုင်ရင်း အိပ်ရေးတွေပျက်ရဦးမယ်နော်။ 

အိပ်ရေးမဝရင် ဖြစ်မယ့် ဆိုးကျိုးတွေကတော့ အထူးအထွေပြောစရာလိုမယ် မထင်ပါဘူးနော်။ အာရုံစူးစိုက်မှုတွေ၊ မှတ်ဉာဏ်တွေလျော့နည်းလာမယ်။ ဝိတ်တက်မယ်။

ညကို တစ်ခုခုကို ဖက်အိပ်ရမှ အိပ်တတ်တယ်ဆိုလည်း ဖက်ခေါင်းအုံး ရှိနေတာပဲလေနော်။

၄။ ကိုယ်လက်လှုပ်ရှားမှုပိုလုပ်ဖြစ်တယ်။

ကလေးကိစ္စ၊ မိသားစုကိစ္စနဲ့ gym ဖိုးတွေသွင်းထားပြီး မသွားဖြစ်တာတွေလည်း ဖြစ်မှာမဟုတ်ပါဘူး။ ကိုယ့်အချိန်ကို ကိုယ်ပိုင်တဲ့အတွက် လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွ လှလှပပ ကျော့ကျော့ရှင်းရှင်း နေနိုင်မှာဖြစ်ပါတယ်။

၅။ အရေးအကြောင်းတွေလျော့နည်းပြီး နုပျိုလှပတယ်။

ကိုယ့်ရည်းစား၊ အမျိုးသားညဘက် နိုက်က်အောက်ထွက်လို့ ပြန်မလာသေးလို့ စိတ်ပူပန်ပြီး အိပ်ရေးတွေပျက်ရတာမျိုးလည်း ဖြစ်မှာမဟုတ်ပါဘူး။ ကိုယ့်အတွက် ကိုယ်ပဲ စိတ်ပူစရာရှိတာကြောင့်လည်း စိတ်ပူပန်ရတာတွေလည်း နည်းမယ်။ အရွယ်မတိုင်မီ အရေးအကြောင်းတွေလည်း ထွက်မှာမဟုတ်တာကြောင့် ငယ်ရွယ်နုပျိုလှပနေမှာပါ။

၆။ ကိုယ့်အချိန်ကိုယ်ပိုင်တယ်။

နှစ်ယောက်ဖြစ်သွားတဲ့အခါ ကိုယ်ပိုင်အချိန်ဆိုတာ လျော့နည်းသွားမယ်။ တစ်ခုခုလုပ်ဖို့ဆိုရင် အချိန်တွေလိုက်ညှိနေရတယ်။ ကိုယ်က အိမ်မှာ နားချင်တယ်။ သူက အပြင်ထွက်ချင်တယ်။ ကိုယ်က လူမှုရေးကိစ္စတွေရှိတယ်။ သူကလည်း ဒီတစ်ရက်ပဲအားလို့ တွေ့ချင်တယ်။

အချိန်တွေကို ညှိရတာ စိတ်ဖိစီးမှုတွေဖြစ်စေနိုင်ပါတယ်။

၇။ ပြဿနာတွေကို တစ်ယောက်တည်း ရင်ဆိုင်ဖြေရှင်းနိုင်တယ်။

တစ်ယောက်ယောက် ကိုယ့်ဘေးမှာရှိရင် အနည်းနဲ့ အများတော့ အားကိုးမိမှာပဲနော်။ တစ်ယောက်တည်းဆိုရင်တော့ ကိုယ့်ဘာကိုပဲ ပြဿနာရဲ့ ရင်းမြစ်ကို စဉ်းစား၊ ဖြေရှင်းနိုင်တယ်။ အခက်အခဲတွေတွေ့လာရင်လည်း ကိုယ့်ဘာကိုယ်ဖြေရှင်းနိုင်တာပဲဆိုတဲ့ အတွေးအမြင်တွေကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေလည်း တိုးပွားစေပါတယ်။

၈။ တစ်ယောက်တည်းနေတဲ့သူတွေက ပိုပျော်ရွှင်တယ်တဲ့။

ဖေ့ဘွတ်ခ်က သတင်းတစ်ခုတောင် ဟိုးတလောက တက်လာသေးတယ်။ အသက် ၁၁၀ လောက်ရှိနေတဲ့ ဘွားဘွားတစ်ယောက်ကို အင်တာဗျူူးထားတာ။ ဘွားဘွားရဲ့ အသက်ရှည်ကျန်းမာတဲ့ လျို့ဝှက်ချက်က ဘာလဲဆိုတော့ တစ်သက်လုံး အပျိုကြီးလုံးပြီး တစ်ယောက်တည်းနေတာပါတဲ့။

ကဲ အတွဲတွေ အက်ဖ်အေလေးတွေကို မလှောင်နဲ့တော့နော်။ Single is the best တစ်ယောက်တည်းနေတာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အသက်ရှည်ရှည်နေရတယ်တဲ့။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly