“တရားခံ အစစ်ကိုပဲ ဖော်ထုတ်ပြီးတော့ ဖမ်းပါ၊ ကျွန်တော် တရားခံအစစ် မဟုတ်ပါဘူး”- ကိုအောင်ကြီး

“တရားခံ အစစ်ကိုပဲ ဖော်ထုတ်ပြီးတော့ ဖမ်းပါ၊ ကျွန်တော် တရားခံအစစ် မဟုတ်ပါဘူး”- ကိုအောင်ကြီး

နေပြည်တော် ၊ ဒီဇင်ဘာ ၁၈ ။         ။ နေပြည်တော်က ဗစ်တိုးရီးယားအမှုလို့ လူသိများတဲ့ အသက်သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုမှာ သံသယတရားခံအဖြစ် ရဲက ဖမ်းဆီးထားတဲ့ ကိုအောင်ကြီး(ခ) အောင်ကျော်မျိုးကို ဒက္ခိဏခရိုင်တရားရုံးက ဒီဇင်ဘာလ ၁၈ရက်၊ တရားခွင်အပြီးမှာ တရားရှင် ပြန်လွတ်ပေးလိုက်ပါတယ်။

တရားလိုပြသက်သေ ၂၆ယောက်ထဲက ၁၉ဦးကို စစ်ဆေးပြီးချိန်မှာ အမှုကျူးလွန်ကြောင်း (ကနဦးသက်သေခံချက်)မပေါ်ပေါက်ဘူးလို့ ခရိုင်တရားသူကြီးက ဆုံးဖြတ်ပြီး ရာဇဝတ်ကျင့်ထုံးပုဒ်မ ၂၅၃(၂)အရ အခုလို ပြန်လွတ်ပေးလိုက်တာပါ။

ပြန်လည်လွတ်မြောက်လာတဲ့ ကိုအောင်ကြီးကို ဒက္ခိဏခရိုင်တရားရုံးက ပြန်ထွက်ထွက်ချင်းမှာပဲ မဇ္ဈိမ အပါအဝင် မီဒီယာတွေက မေးမြန်းထားချက်တွေကို ဖော်ပြလိုက်ပါတယ်။

မေး။ ။ အထဲမှာ ခြောက်လလောက်နေလိုက်ရပြီး အခုလို ပြန်လွတ်လာတော့ ပထမဆုံး ဘာပြောချင်လဲ။

ဖြေ။ ။ အဓိကက ကျွန်တော် ဒီကလေး အပေါ်မှာ မယုတ်မာခဲ့ပါဘူး။ ကျွန်တော် သန့်ရှင်းပါတယ်။ အဲ့ဒီအတွက်လည်း ကျွန်တော့ ရှေ့နေကြီး ဦးခင်မောင်ဇော်တို့၊ ဆရာမ ဒေါ်စုဒါလီအောင်တို့ ကျေးဇူးတင်ရမယ့်သူတွေ အများကြီးပါပဲ။ မီဒီယာတွေကော၊ မြန်မာပြည်သူ၊ ပြည်သားတွေ အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ကျွန်တော် ပြောချင်ပါတယ်(လက်အုပ်ချီလျက်)

မေး။ ။ ပီတိစကားလေး ပြောပေးပါ။

ဖြေ။ ။ အတိုင်းမသိအောင် ဝမ်းသာပါတယ်။ ထင်တောင် မထင်ထားဘူး။ ဒီနေ့ ဒီလို ဖြစ်သွားမယ်ဆိုတာလေ။ ကျွန်တော် အရမ်း ဝမ်းသာပါတယ်။

မေး။ ။ ကလေးလေး(ဗစ်တိုးရီးယား)အတွက်ကော

ဖြေ။ ။ ကလေးလေးအတွကလည်း အမှန်တရားကို ပေါ်ပါစေလို့ ဆုတောင်းပါတယ်။ ကျေးဇူးတင်ရမယ့်သူတွေအားလုံးကို တစ်ကယ်ကို ကျေးဇူးတင်ပါတယ်။

မေး။ ။ ခြောက်လလောက် အဖမ်းခံထားရတဲ့အပေါ်မှာကော ဘာပြောချင်လဲ။

ဖြေ။ ။ အဲ့လိုတော့ ကျွန်တော် မပြောပြတတ်ဘူး။ ကျန်တာကတော့ လူကြီးတွေ ဘယ်လို စီစဉ်ကျမလဲ မသိဘူး။ ကျွန်တော်ကတော့ ဝမ်းသာတာ တစ်ခုပဲ သိတယ်။ ဘယ်လို ပြောပြရမလည်းဗျာ…ကျွန်တော် မဟုတ်ဘူးဆိုတာပဲ သိတယ်။ ကျွန်တော့ရဲ့ နစ်နာမှုတွေ အားလုံးအတွက် ရှေ့နေကြီးတွေ ဘာလုပ်မလဲပေါ့နော်။ လူကြီးတွေ စီစဉ်သလိုပဲ ကျွန်တော်လုပ်သွားမှာပါပဲ။

မေး။ ။ (မေလ)၁၆ရက်နေ့က အခြေအနေ ပြန်ပြောပြပါလား။

ဖြေ။ ။ လောလောဆယ် ဘာမှ မပြောပြတတ်ဘူးဗျာ(စိတ်လှုပ်ရှားလျက်)။ ဘာပြောချင်လည်းဆိုတော့ အကိုတို့ စီစီတီဗီထဲမှာ မြင်နေရတဲ့ အတိုင်းပါပဲ။ ကျွန်တော် ရိုးသားတယ်ဆိုတာကို စီစီတီဗီထဲမှာ မြင်နေတဲ့ အတိုင်းပါပဲ။ ကျွန်တော့ရဲ့ ဖြစ်စဉ် အမှန်ပါပဲ။

မေး။ ။ နေ့ခင်းဘက် ကျောင်းကိုလာတော့ ဆိုင်ကယ်နဲ့ လာတာလား။ ကားနဲ့လာတာလား။

ဖြေ။ ။ ကျွန်တော် ကားနဲ့ပဲ လာတာပါ။ အမှန်တရားက အဲ့ဒါပဲဗျာ။ ကျွန်တော် ဘာတွေ ပြောလို့ ပြောပြရမှန်း မသိဘူး။ ကျွန်တော့ကို နားလည်ပေးပါ။ မဟုတ်တာ မလုပ်တာတော့ လုံးဝ ကျိန်းသေပါတယ်။ ကျွန်တော် ကလေးအပေါ် သန့်ရှင်းပါတယ်။

မေး။ ။ ရဲစခန်းမှာ စစ်ဆေးခံနေရတုန်းက တစ်စုံတစ်ယောက်၊ တစ်ဖွဲ့ဖွဲ့က လာပြီးတော့ ညှိနှိုင်တာမျိုးကော ရှိပါသလားခင်ဗျ။ တစ်ခုခု ဘယ်လိုထွက်ဆိုပါတို့ လာပြောတာမျိုးကော ရှိပါသလား။

ဖြေ။ ။ အဲ့လိုမျိုးတော့ မရှိပါဘူး။

မေး။ ။ ထောင်ထဲမှာ ဒီကာလတွေမှာ ဘယ်လို ဖြတ်သန်းခဲ့ရလဲ။

ဖြေ။ ။ စားလို့တော့ ဝင်တယ်ဗျာ။ အိပ်လို့ လုံးဝ မပျော်ဘူး။ ဘာကြောင့်လည်းဆိုတော့ မဟုတ်ဘဲနဲ့ ဒီအပြစ်ကြီးကို ခံရမလားဆိုတဲ့စိတ်နဲ့ လုံးဝကို ခံစားရပါတယ်။ ဒါရင်ထဲက အမှန်တရားပါ။ အခုလိုမျိုး လွတ်မြောက်ခဲ့တဲ့အတွက် အတိုင်းမသိ ဝမ်းသာပါတယ်။ ကျွန်တော် စကားအများကြီး မပြောတတ်တော့ အမှားရှိရင် ကျွန်တော့ကို ခွင့်လွတ်ပါ(လက်အုပ်ချီလျက်)

မေး။ ။ အကယ်၍ ဗစ်တိုးရီးယားအမှုမှန် ပေါ်ဖို့ကို ကိုအောင်ကြီးရဲ့ အတွေ့အကြုံတစ်ခုခု၊ သက်သေတစ်ခုခု ထုတ်ဖော်ပြောဆိုမှ ရမယ်ဆိုရင် ပြောမှာလား။

ဖြေ။ ။ အားလုံးကို ကျွန်တော်သိတဲ့ အရှိကို အရှိအတိုင်းပဲ ပြောမှာပါပဲ။

မေး။ ။ ဒီအမှုမှာ ကိုအောင်ကြီးဘက်က လိုက်ပေးတဲ့ ရှေ့နေ ဦးခင်မောင်ဇော်တို့ကို ဘာများပြောချင်လဲဗျ။

ဖြေ။ ။ အရမ်း ကျေးဇူးတင်တာပေါ့ဗျ။ ကျွန်တော့ဘဝရဲ့ ကျေးဇူးရှင်၊ ကယ်တင်ရှင်တွေပါပဲ။ အဘ ဦးခင်မောင်ဇော်နှင့်တကွ ရှေ့နေ ဆရာ၊ ဆရာမများအားလုံး အကုန် ကျေးဇူးတင်တယ်။ ပြီးတော့ အကိုတို့ မီဒီယာတွေ အားလုံး၊ မြန်မာပြည်သူ၊ ပြည်သားတွေအားလုံးကို ကျေးဇူးတင်ပါတယ်။

မေး။ ။ ပထမတစ်ကြိမ် ဖမ်းပြီးတုန်းက ကိုအောင်ကြီးကို ဘာလို့ ပြန်လွတ်ပေးတာလဲဗျ။

ဖြေ။ ။ ကျွန်တော့မှာ ဘာမှ ငြိစွန်းမှု မရှိဘူးလေ။ ကျွန်တော်လည်း ကလေးအပေါ် ဘာမှ မကျူးလွန်ခဲ့ဘူး။ ဆရာဝန် ဆေးစစ်ချက်ကော၊ DNA ကော အကုန်လုံး အောင်ပြီးတော့ တရားရုံးက တရားသူကြီးကိုယ်တိုင် ကျွန်တော့ကို ပြန်လွတ်ပေးခဲ့တာပါ။ ပြီးတော့မှ တရားခံရှာလို့မရတော့ ကျွန်တော့ကို နောက်တစ်ကြိမ် ပြန်(ဖမ်း)ခေါ်တယ်။

မေး။ ။ ကိုအောင်ကြီး သိရှိထားတာနဲ့ တရားခွင်ထဲက ထွက်ဆိုချက်တွေနဲ့ ကွဲလွဲနေတာမျိုး ဘာတွေများ ရှိလဲ။

ဖြေ။ ။ ကွဲလွဲသွားတာလေးက တစ်ခုပါပဲ။ ကျွန်တော်က ကားနဲ့လာပါတယ်ဆိုတာကို ဆရာမကြီး(ဒေါ်ဥမ္မာလှိုင်)က ဆိုင်ကယ်နဲ့ လာပါတယ်လို့ ပြောခိုင်းလိုက်လို့။ ဘယ်လိုပုံစံမျိုးနဲ့ ပြောခိုင်းလဲတော့ ကျွန်တော်လည်း မသိဘူးပေါ့ဗျာ။

မေး။ ။ ကိုအောင်ကြီး နစ်နာမှုအတွက် တစ်ခုခု ပြန်လုပ်ဖို့များ ရှိပါသလားခင်ဗျ။

ဖြေ။ ။ ကျွန်တောကတော့ လွတ်မြောက်ခဲ့တဲ့အတွက် ဝမ်းသာတာပဲ သိပါတယ်။ ကျန်တာကတော့ ကျွန်တော့ရဲ့ လူကြီးတွေဘာဆက်လုပ်ကြမလဲဆိုတာတော့ သူတို့ရဲ့ အောက်မှာပဲ ရှိနေပါမယ်။

မေး။ ။ ဘဝကို ဘယ်လိုဆက်ပြီး ရပ်တည်သွားဖို့ စဉ်းစားထားလဲ။ ဘာဆက်စဉ်းစားထားလဲ။ ကိုယ်ဘဝအတွက်ကိုပေါ့။

ဖြေ။ ။ ကျွန်တော်က ကားသမားပဲ။ ကားပဲ မောင်းမှာပေါ့။ ကားမောင်းရင်းနဲ့ပဲ ကျွန်တော့ အဖေ၊ အမေ၊ မိဘကို လုပ်ကျွေးမှာပါ။

မေး။ ။ အမှုရင်ဆိုင်နေရတဲ့ အချိန်မှာ ကိုအောင်ကြီး အလုပ်ရှင် ဒေါ်ဥမ္မာလှိုင်တို့ဘက်က ဘာတွေ့တာများ ရှိပါသလား။

ဖြေ။ ။ မရှိပါဘူးဗျ။

မေး။ ။ လက်ရှိ တရားစီရင်ရေးစနစ်ကို ဘာများ ပြောချင်လဲ။

ဖြေ။ ။ ကျွန်တော်လည်း အဲ့ဒီအပိုင်းနဲ့ ပတ်သက်ပြီး ဘာမှ မပြောတတ်ဘူးခင်ဗျ။ အခု ရင်ထဲမှာ ရှိတာကတော့ မဟုတ်တဲ့အတွက် ကျွန်တော့ကို တရားရုံးက တရားသူကြီး ကိုယ်တိုင် လွတ်ပေးခဲ့တယ်။ ကျွန်တော် အရမ်းပဲ ကျေးဇူးတင်ပါတယ်။

မေး။ ။ ဗစ်တိုးရီးယားလို ကလေးငယ်တွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့အပေါ် ကိုအောင်ကြီး ဘယ်လို ခံစားရလဲ။

ဖြေ။ ။ ရွံရှာပါတယ်၊ စက်ဆုပ်ပါတယ်။ လုံးဝ အောက်တန်းကျတဲ့ အမှုကြီးပါပဲ။ အဲ့လို အောက်တန်းကျတဲ့ အမှုကြီးနဲ့ ကျွန်တော် စွပ်စွဲခံရတယ်။ လုပ်ကြံခံရတယ်ပေါ့။ အဲ့အတွက်လည်း အခုလို လွတ်မြောက်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော် ဝမ်းသာတယ်။ ပြီးတော့ ဘာပြောချင်လည်းဆိုတော့ တရားခံ အစစ်ကိုပဲ ဖော်ထုတ်ပြီးတော့ ဖမ်းပါ။ ကျွန်တော် တရားခံအစစ် မဟုတ်ပါဘူး။ လိမ်ပြီး ပြောတာ မဟုတ်ပါဘူး။ ကျွန်တော် တရားခံအစစ် မဟုတ်ပါဘူး။ သေတဲ့အထဲ ကျွန်တော့ရဲ့ ဖြူစင်တဲ့ သစ္စာစကားပါပဲ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly