လက်ရှိအစိုးရလက်ထက်အတွင်း YBS ယာဉ်အားလုံး ကုမ္ပဏီပိုင်ဖြစ်ရေးမသေချာ

လက်ရှိအစိုးရလက်ထက်အတွင်း YBS ယာဉ်အားလုံး ကုမ္ပဏီပိုင်ဖြစ်ရေးမသေချာ

ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ။            ။ လက်ရှိအစိုးရ၏ ကျန်ရှိနေသည့်သက်တမ်းအတွင်း YBS ယာဉ်များအားလုံး ကုမ္ပဏီပိုင်ဖြစ်ရန်မသေချာကြောင်း YRTA အဖွဲ့မှ ဒီဇင်ဘာ ၁၈ ရက်တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲမှသိရသည်။

YBS စနစ်ကိုစတင်အကောင်အထည်ဖော်ခဲ့သည့် ၂၀၁၆ ခုနှစ်မှစတင်ကာ YBS ယာဉ်များကုမ္မဏီပိုင်ဖြစ်ရေးနှင့် ကုမ္ပဏီများ အားလုံးကို အများပိုင်ဖြစ်လာစေရန် ရန်ကုန်တိုင်း အစိုးရမှ ဦးဆောင်သည့် YRTA မှကြိုးပမ်း နေခြင်းလည်း ဖြစ်သည်။

“ ကျွန်တော်တို့ သေချာပြန်ပြီး တွက်ချက်ပြီးလုပ်မယ်ဆိုရင် ဖြစ်နိုင်အောင် ကြိုးစားဖို့ဆိုတာလည်း ကျွန်တော်တို့ အားလုံးပေါ်မှာလည်း မူတည်တယ်။ အားလုံးကတပြေးညီ ဒီကားတွေကို ကုမ္မဏီရှယ်ယာအနေနဲ့ ဝယ်မယ်ဆိုရင် အကုန်ဖြစ်သွားမှာ။ ဒါကယာဉ်ပိုင်ရှင်တွေရဲ့ အနေအထားပေါ်မှာလည်းမူတည်တယ်” ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) တွဲဖက်အတွင်းရေးမှူး ဦးလှအောင်ကပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းအစိုးရမှဝယ်ယူထားသည့် Yutong နှင့် Ankai  ကားအစီးရေ ၁၀၀၀၊ Foton  ၁၀၀၀တို့အပြင် ပါရမီကုမ္ပဏီမှ ကား အစီးရေး ၄၀၀ ကျော်နှင့် အခြားအပြင် ကုမ္ပဏီတို့မှကားအစီးရေ ၅၀၀ ကနေ ၆၀၀ ကြားတို့မှာ ကုမ္ပဏီပိုင်စနစ်အောက် သို့ရောက်ရှိ နေပြီ ဟုလည်း ၎င်းကဆိုသည်။

“ ဒါကြောင့်အခု ကား ၄၀၀၀ ကျော်နေ့စဉ်ထွက်တဲ့အထဲမှာ ကျွန်တော်ထင်တယ် ၃ ပုံ ၂ ပုံလောက်က ကျွန်တော်တို့ရဲ့ ကုမ္ပဏီပိုင်ကား အများစုဖြစ်နေပါပြီ” ဟု ဦးလှအောင်ကပြောသည်။

ရန်ကုန်မြို့အတွင်း နေ့စဉ်ပြေးဆွဲနေသည့်ကားများထဲမှ အစီးရေ ၁၀၀၀ ဝန်းကျင်မှာ တစ်ဦးချင်းပိုင်ကားများ အဖြစ်ရှိနေဆဲ လည်းဖြစ်သည်။

ယခင် မ.ထ.သ စနစ်မှနေ၍ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ရန်ကုန်ဘတ်စ်ကား ဝန်ဆောင်မှု (YBS) စနစ်ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ တွင်စတင်‌ ပြောင်းလဲခဲ့ခြင်းဖြစ်ကာ စတင်ပြေးဆွဲချိန်တွင် ကုမ္ပဏီ ၃၂ ခုနှင့် စတင်တည်ထောင် ပြေးဆွဲခဲ့ခြင်း လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags