"အခြေခံဥပဒေ ပြင်နိုင်အောင် ကြိုးစားရပါမယ်"

"အခြေခံဥပဒေ ပြင်နိုင်အောင် ကြိုးစားရပါမယ်"

မကြာသေးခင်က တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်တွင် လက်မှတ်ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) ၏ ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းသည် ယခင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၏ လူငယ်လုပ်ငန်းအဖွဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်သည်။

စစ်အစိုးရကကျင်းပပေးပြီး ရလဒ်ကို လျစ်လျူရှုခဲ့သည့် ၁၉၉ဝ ရွေးကောက်ပွဲတွင် ရွေးချယ်ခံရ သူတစ်ဦးဖြစ်သူ ဦးခွန်မြင့်ထွန်းသည် ၇ နှစ်ကျော်ကြာ ထိန်းသိမ်းခံရသည်။ NLD တွင် နှစ်ပေါင်း ၂ဝ နီးပါး လုပ်ကိုင်ပြီးနောက်ပိုင်းတွင် နယ်စပ်ဒေသရှိ ပအိုဝ်းတိုင်းရင်းသားများ၏ တော်လှန်ရေးနယ်မြေ သို့  ရောက်ရှိသွားသည်။ 

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရန်ကုန်မြို့ Myanmar Now ရုံးခန်းသို့လာရောက်စဉ် အသက် ၅၂ နှစ်အရွယ် ဦးခွန်မြင့်ထွန်းက အားလုံးပါဝင်နိုင်ခြင်း မရှိသေးသည့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး စာချုပ် တွင် PNLO  လက်မှတ်ထိုးရသည့် အကြောင်းရင်း၊ တပ်မတော်နှင့်ဆက်ဆံရေး၊ ၂ဝ၁၅ ရွေးကောက်ပွဲ၊ ကိုးကန့်ဒေသအရေး စသည့် အကြောင်းအရာများကို ပြောပြခဲ့သည်။

ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့က  တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မှာ ဘာကြောင့် လက်မှတ် ထိုးဖြစ်တာလဲ။

နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းအရဖြေရှင်းရမယ့်စိတ် အစဉ်တစ်စိုက်ရှိခဲ့ပါတယ်။   NCA စာချုပ်က ဘယ်ကိစ္စပဲလုပ်လုပ်၊ ကြေညာချက် ထုတ်ပြန်တာကအစ နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး လုပ်ဆောင်ရမှာပါ၊ အရင်က လက်နက်နဲ့ ငြိမ်းချမ်းရေး လဲတယ်ဆိုတာမျိုးပဲ ရှိခဲ့တယ်၊ လက်တွေ့မှာ တော့ လက်နက်ချရေးမှာပဲ အခြေခံခဲ့တယ်။ အခုတော့ နိုင်ငံရေး လမ်းပြမြေပုံဆိုတာမျိုးတွေ ချမှတ် တာမျိုးကအစ နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီးမှပဲ ချမှတ်ရပါမယ်။ တစ်ဖက်ဖက်ကနေပြီး အပေါ်စီးယူထားတာ မျိုးတွေ မဟုတ်ဘဲနဲ့ အပြန်အလှန် တန်းတူပေးပြီးတော့မှ ညှိနှိုင်းဆောင်ရွက်တယ်ဆိုပြီး NCA စာချုပ် မှာ ပါရှိပါတယ်။ ဒါကြောင့် လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို လက်မှတ်ထိုးဖို့ဆုံးဖြတ်ခဲ့တဲ့ အဓိက အကြောင်းအရင်းတွေက ဘာတွေလဲ။

ကျွန်တော်တို့အဖွဲ့ရဲ့ ဒေသတွင်းစစ်ရေး၊ နိုင်ငံရေးပေါ်မှာလည်း မူတည်တယ်၊ မူဝါဒတွေနဲ့ လည်း ဆိုင်တယ်၊ တစ်ပြည်လုံးအရေး ကိစ္စနဲ့လည်း ဆိုင်ပါတယ်။ နိုင်ငံရေး ဆွေးနွေးဖို့ကိုတော့ နောက်အစိုးရ လက်ထက်ကျမှ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ နောက်အစိုးရက အရပ်သားလွမ်းမိုးမှု ပိုများမယ်လို့ ထင်တယ်။ နောက်တက်မယ့် အစိုးရက စစ်တပ်နဲ့အဆင်ပြေမလား၊ မပြေဘူးလားဆိုတာ မသေချာဘူး။ ဒါကြောင့် ဒီလိုအချိန်မှာ အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးရတာပါ။ (ယခင် စစ်အ စိုးရရဲ့) ၂ဝဝ၄ ခုနှစ် လမ်းပြမြေပုံမှာ တိုက်တဲ့သူက တိုက်ခဲ့တယ်။ လိုက်တဲ့သူက လိုက်ခဲ့တယ်။ အဲဒီ တုန်းက KNU ဦးဆောင်ပြီး ကျွန်တော်တို့က တိုက်ခဲ့တယ်။ KIO အပါအဝင် (မြန်မာပြည်) မြောက်ပိုင်း မှာရှိတဲ့ ကိုးကန့်တို့၊ SSPP/SSA တို့က  အစိုးရလမ်းပြမြေပုံကို လိုက်ခဲ့တယ်။ အခုတော့ KNU အပါအဝင် ကျွန်တော်တို့က လိုက်ခဲ့ပြီး KIO အပါအဝင် မြောက်ပိုင်းအဖွဲ့တွေက တိုက်နေတယ်။ တိုက်သူမရှိ နိုင်ငံရေး လမ်းပြမြေပုံကို လိုက်ပါဆောင်ရွက်တဲ့ ပုံစံမျိုး ဖြစ်ချင်ပါတယ်။ အခုလက်မှတ် မရေးထိုးရတဲ့တဲ့ အဖွဲ့တွေထဲမှာ မထိုးဘူးဆိုတဲ့ အဖွဲ့မရှိဘူး။ သို့သော် မိမိလိုလားတဲ့ ပတ်ဝန်းကျင် အခြေအနေမျိုးရရင်၊ အချိန်အခါသင့်ရင်တော့ ထိုးကြမှာပဲ။ အစိုးရကရော၊ လက်မှတ်ထိုးပြီးတဲ့ အဖွဲ့တွေကရော ကျန်နေသေးတဲ့  အဖွဲ့တွေ လက်မှတ် ရေးထိုးလို့ရအောင် ဖန်တီးပေးရပါမယ်။ လက်မှတ်ရေးထိုးချင်သော်လည်း သူတို့ဒေသတွင်း နိုင်ငံရေး၊ စစ်ရေး အခြေအနေကြောင့် မထိုးဖြစ် တာလို့ပဲ ကျွန်တော် မြင်ပါတယ်။

လက်မှတ်ထိုးဖို့အတွက်  တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဘယ်ဘက်က ပိုပြီး လျှော့ပေးခဲ့ရသလဲ။ 

နှစ်ဘက်စလုံးက အရွေ့တွေ ရှိပါတယ်။ အပြောင်းအလဲတွေ ရှိတယ်။ တပ်မတော် အဆင့်မြင့် အရာရှိကြီးတွေက ကျွန်တော်တို့နဲ့ အသက်သိပ်မကွာပါဘူး၊ သောင်းကျန်းသူ ဟူသမျှ အမြစ်ပြတ် ချေမှုန်းကြဆိုတဲ့ ဆိုင်းဘုတ်ကြားထဲက ထွက်လာခဲ့တဲ့အခါကျတော့ ကျွန်တော်တို့ကို သောင်းကျန်းသူ ဆိုတဲ့ အမြင်နဲ့ပဲ ဆက်ဆံခဲ့တယ်။   DDR (Disarmament, Demobilization and Reintegration) ကိုလည်း လက်နက်ဖြုတ်သိမ်းရေး လို့ပဲ အဓိပ္ပာယ်ဖွင့်ဆိုတယ်။ ကျွန်တော်တို့ကတော့ ဒီစာချုပ်ပေါ်မှာ မူတည်ပြီး အစိုးရ၊  တပ်မတော်တို့နဲ့က ပြည်ထောင်ဘက်တွေ ဖြစ်တယ်၊ ဖက်ဒရယ် ပြည်ထောင်စုကို ပြန်ထူထောင်မယ်၊ ပြည်ထောင်ဘက်အနေနဲ့ စဉ်းစားတယ်။ နောက်ဆုံး စာချုပ်မှာ သဘောတူညီ ခဲ့တာက လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းဆိုသည်မှာ SSR, DDR ကို ဆိုလိုသည် ဆိုပြီး အဓိပ္ပာယ်ဖွင့်နိုင်ခဲ့တယ်။ အခုလိုမျိုး သူတို့ဘက်ကသဘောထားပြောင်းလာတာ လေ့လာမှု၊ ဆည်းပူး မှုတွေရှိတယ်လို့ မြင်တယ်။  ဒီနေ့နိုင်ငံရေးဖြစ်စဉ်မှာ အားလုံးရိုးသားဖို့လိုတယ်။   စာချုပ်အတိုင်း အကောင်အထည်ဖော်နိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့လိုလားချက်ကိုရမယ်။  စာချုပ်ရဲ့အခြေခံမူများ နံပါတ်တစ်မှာ ဘာရှိလဲဆို အစိုးရရဲ့ ဒို့တာဝန် အရေးသုံးပါးကို ကျွန်တော်တို့က လက်ခံပေးမယ်၊ ကျွန်တော်တို့ရဲ့တန်းတူရေး၊ ဒီမိုကရေစီရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အစိုး ရက လက်ခံပေး။ တိုင်းပြည်လုံခြုံရေးကို ကျွန်တော်တို့အားလုံး စုပေါင်းပြီး တာဝန်ယူကြမယ်။  တပ်က တစ်တပ်တည်းရှိရမယ်။ တစ်သွေးတစ်သံ တစ်မိန့်တည်းရှိတဲ့ တပ်မျိုးကို အနာဂတ်ကာလမှာ ပြန်လည် ဖွဲ့စည်းရပါမယ်။ ဒါပေမဲ့ ပြည်သူ့စစ်တို့၊ နယ်ခြားစောင့်တပ်တို့လိုမျိုး အသွင်ပြောင်းရမယ် ဆိုရင်တော့ ဆွေးနွေးပွဲတွေက အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။

လက်မှတ်ထိုးပြီးပေမယ့်  လက်နက်ကိုင်တပ်တွေရဲ့ နယ်မြေ သတ်မှတ်မှု မရှိသေးတဲ့အတွက် ပြဿနာ မဖြစ်နိုင်ဘူးလား။

နယ်မြေသတ်မှတ်မှုတွေ တပ်နေရာချထားမှုတွေက စာချုပ်အရတော့ ကျွန်တော်တို့ ဆက် လက် ဆွေးနွေးရမှာ ဖြစ်ပါတယ်။ NCA စာချုပ် လက်မှတ်မထိုးသေးတဲ့ သူတွေကတော့ ဒီကိစ္စကို ဆွေးနွေးလို့ မရပါဘူး။

စာချုပ်ပါ  အချက်တွေကို လာမယ့် အစိုးရသစ်လက်ထက်မှာ ဆက်ပြီးတော့ ဆွေးနွေးနိုင်မယ်လို့ ထင်သလား။

 ဦးသိန်းစိန်က ပြည်ထောင်စု သမ္မတအနေနဲ့ ထိုးတာဖြစ်တယ်။ ရွေးကောက်ပွဲအပြီး ပထမဆုံး လွှတ်တော်မှာ အခုအစိုးရက ရှိနေဦးမှာဖြစ်တယ်။ အစိုးရက ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းပြီး အတည်ပြုချက်ရယူမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးပြီဆိုရင် ဘယ်အစိုးရပဲ တက်လာတက်လာ ဒါက တိုင်းပြည်ရဲ့ အရေးကြီးတဲ့ စာချုပ်စာတမ်း တစ်ရပ် ဖြစ်လာမှာပါ။

စာချုပ် ဖြစ်မြောက်သွားတာက အာဏာရပါတီအတွက် အမြတ်ထုတ်စရာ ဖြစ်သွားနိုင်သလား။ 

စာချုပ် လက်မှတ်ရေးထိုးခြင်း မထိုးခြင်းအပေါ်မှာ မူတည်ပြီး လူထုက ပါတီတစ်ရပ်ကို သိပ်အ လေးပေးမယ်လို့ မထင်ဘူး။ တိုင်းပြည် အပြောင်းအလဲဖြစ်ရေးအတွက် သူတို့နှစ်သက်တဲ့ ပါတီကို မဲပေးလိမ့်မယ်လို့ ထင်ပါတယ်။ စာချုပ်လက်မှတ် ထိုးနိုင်လို့အစိုးရကို မဲပေးတယ်ဆိုရင်လည်း ဒါက လူထုရဲ့ အဆုံးအဖြတ်ပါပဲ။ စာချုပ် လက်မှတ်ရေးထိုးခြင်းကြောင့် (ပါတီတစ်ခု) ရွေးကောက်ပွဲမှာ မဲရသွားရေး မရသွားရေး ဆိုတာကို  ကျွန်တော်တို့က မစဉ်းစားပါဘူး။

အပစ်ရပ်စာချုပ်ချုပ်ပြီးချိန် တပ်နေရာချထားရေးဆုံးဖြတ်တဲ့ ကာလမှာ တိုက်ပွဲဖြစ်နိုင်သေးလား။

တိုက်ပွဲတွေကတော့ ရှေ့လျှောက်တော့ နည်းသွားမယ်။  မဖြစ်တော့ဘူးလို့တော့ ပြောလို့မရပါ ဘူး။ ဒီစာချုပ်လက်မှတ်ထိုးတဲ့ အခါမှာ ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် နှစ်ဦး စလုံး ပါတဲ့အတွက် ဒီစာချုပ်အပေါ်မှာ တာဝန်ခံရမယ်၊ တာဝန်ယူရမယ်။ သမ္မတလက်မှတ်ထိုး၊ လွှတ်တော်ဥက္ကဋ္ဌလည်း လက်မှတ်ထိုး၊ ကာကွယ်ရေးဦးစီးချုပ်တွေလည်း လက်မှတ်ထိုးထားတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိတယ်လို့ ထင်တယ်။

နိုင်ငံတကာ   အသိသက်သေတွေလည်း စာချုပ်မှာ ပါဝင်တဲ့အတွက် နိုင်ငံတကာဖိအား ဘာတွေ ရှိလာနိုင်မယ်လို့ မျှော်လင့်သလဲ။

သံတမန်တွေအနေနဲ့ လက်မှတ် ရေးထိုးနိုင်သူတွေလည်း ရှိပါတယ်။ တချို့က အသိသက်သေ အဖြစ် လက်မှတ် ရေးထိုးတဲ့သူရှိတယ်၊  မထိုးတဲ့သူ ရှိတယ်။ အမေရိကန်၊ အင်္ဂလန်တို့က လက်မှတ် ရေးထိုးပွဲနဲ့ ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ခဲ့တယ်လို့ ကြားတယ်။ သူတို့က မျက်မြင်သက်သေ တွေအနေနဲ့ ထုတ်ပြန်တယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကူညီ ဆောင်ရွက်ပေးမယ်လို့ပြောတယ်။   ကူညီ ဆောင်ရွက်ပေးတာဟာ ပိုက်ဆံထောက်ပံ့တာ တစ်ခုတည်းကို ပြောတာမဟုတ်ပါဘူး။ ငြိမ်းချမ်းရေး ဖြစ်စဉ် အောင်မြင်ဖို့အတွက် နိုင်ငံရေးအရရော ဆောင်ရွက်ပေးရမယ့် တာဝန်ရှိတယ်လို့ မြင်ပါတယ်။

ကိုးကန့်ပြဿနာကို အစိုးရက ဘယ်လို ကိုင်တွယ်သင့်သလဲ။

၁၉၈၉ မှာ အစိုးရနဲ့ ပထမဆုံး အပစ်ရပ်ခဲ့တာ ကိုးကန့်ဖြစ်ပါတယ်။ ၂ဝဝ၈ အခြေခံဥပဒေ ပေါ်ပေါက်ရေးမှာလည်း ကိုးကန့်အဖွဲ့က ထောက်ခံပေးခဲ့ပါတယ်။  ကိုးကန့်အဖွဲ့နဲ့အစိုးရကြားမှာ တစ်ဦးနဲ့တစ်ဦး ကျေးဇူးရှိခဲ့တာတွေကို စာနာထောက်ထားပြီး ပြဿနာတွေ အပေါ်မှာ ချဉ်းကပ်ရင် ကောင်းမယ်။

ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်မယ်ဆို ဘာတွေ အရင်ဆုံး လုပ်ရမလဲ။ 

၂ဝဝ၈  အခြေခံဥပဒေ ပြင်နိုင်အောင် ကြိုးစားရပါမယ်။ ကျွန်တော်တို့ နိုင်ငံရေးဆွေးနွေးပွဲက မျက်မှောက်နဲ့ကင်းလွတ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲလည်း မဖြစ်သင့်ပါဘူး။ ၁၉၉၃ (စစ်အစိုးရ စီစဉ်တဲ့) ညီလာခံတုန်းက အနာဂတ်ကိုပြောရင်းနဲ့ မျက်မှောက်မှာ ပါဝင်ဆောင်ရွက်ခွင့်မရခဲ့ပါဘူး။ လာမယ့် နိုင်ငံရေးဆွေးနွေးပွဲက အနာဂတ်အတွက်ရော မျက်မှောက်ရေးရာကိုပါ ဆွေးနွေးဖို့လိုတယ်။

ပအိုဝ်းအဖွဲ့က အစိုးရစစ်တပ်နဲ့ ပေါင်းဖို့ရော စိတ်အား ထက်သန်သလား။

ကျွန်တော့်နာမည်ရှေ့မှာ ဘာမှ မတပ်ထားဘူး။ ကျွန်တော်လည်း တပ်ချင်ရင်  ဗိုလ်တွေ၊ ဘာတွေ ညာတွေ တပ်လို့ရပါတယ်။ ဒါပေမဲ့ ပအိုဝ်း တိုင်းရင်းသား လွတ်မြောက်ရေး အဖွဲ့ချုပ်မှာ စစ်ဘက်သည် နိုင်ငံရေး အဖွဲ့အောက်မှာ ရှိရမယ်ဆိုတဲ့ အခြေခံစည်းမျဉ်း ရှိပါတယ်၊  စစ်ရာထူးတွေ တပ်လိုက်ရင် စစ်ဘက်သည် နိုင်ငံရေးအဖွဲ့အောက်မှာ ရှိရမယ် ဆိုတဲ့ အနှစ်သာရက ပျောက်သွား မှာပါ။ အနာဂတ်တပ်မတော်ထဲမှာ ရာထူးယူပြီးလုပ်ဖို့ အစီအစဉ်မရှိပါဘူး။ တိုင်းပြည်လုံခြုံရေးအတွက် ပေါင်းစည်းခြင်းမှာတော့ လူမျိုးအလိုက်သော်လည်းကောင်း တာဝန်ယူနိုင်ဖို့တော့ လုပ်ရမှာပေါ့။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့က မဲဆွယ်နေတဲ့ နိုင်ငံရေးသမားတွေကို ခြိမ်းခြောက်၊ တိုက်ခိုက်တာတွေ ရှိတယ်။ ပအိုးဝ်အဖွဲ့ရဲ့ မူဝါဒက ဘယ်လိုလဲ။

လွတ်လပ်သန့်ရှင်းတဲ့ ရွေးကောက်ပွဲဖြစ်ဖို့၊ ရွေးကောက်ပွဲရလဒ်  အသိအမှတ်ပြုခံရဖို့ လိုလား တယ်။ ကျွန်တော်တို့ပါတီက ဘယ်ပါတီ ဘယ်အဖွဲ့အစည်းကို ထောက်ခံတယ်လို့ မပြောဘူး။ ကန့်ကွက်ခြင်းလည်း မလုပ်ဘူး။ တစ်ဦးချင်းအနေနဲ့က ကိုယ်ကြိုက်တဲ့သူကို ထောက်ခံခြင်း၊ ကန့်ကွက် ခြင်း ရှိမှာပေါ့။ လူထုရွေးတဲ့သူကို ကျွန်တော်တို့ လက်ခံပေးမှာပါ။ ကျွန်တော်တို့ အဖွဲ့အနေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို မနှောင့်ယှက်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဒီရွေးကောက်ပွဲကို တန်ဖိုးထားလို့ပဲ ဖြစ်ပါတယ်။ ။

Mizzima Weekly

Tags