ကထိကရာထူး တိုးပေးရန်ကျန်နေသည့် ဆရာ/ဆရာမများ ရာထူးတိုးပေးရန် တောင်းဆို

ကထိကရာထူး တိုးပေးရန်ကျန်နေသည့် ဆရာ/ဆရာမများ ရာထူးတိုးပေးရန် တောင်းဆို
ပုံ-မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၇။      ။ တက္ကသိုလ်အသီးသီးမှ ရာထူးတိုးပေးရန်ကျန်သည့် လက်ထောက်ကထိကများအား ရာထူးတိုးပေးရန် ပညာရေးဝန်ကြီးဌာနသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ်က ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက် တွင် ထုတ်ပြန် တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က ရာထူးတိုးပေးမှု များရှိသော်လည်း တစ်ဝက်လောက် ကျန်နေခြင်းကြောင့် ကျန်နေသူများကိုပါ ကထိက ရာထူးကို တိုးမြှင့်ပေး ရန် တောင်းဆိုခြင်းဖြစ်ကြောင်း ဆိုသည်။

“ ဒီဆရာ/ဆရာမတွေက လုပ်သက်အတူတူ၊ အရည်အချင်းကလည်း အနမ့်ဆုံးသတ်မှတ်တဲ့ အရည်အချင်း တွေ ကလည်း ရှိတယ်။ ဒါပေမယ့် ဝန်ကြီးဌာန ကတော့ သူတို့တွေရဲ့ အငြင်းပွားမှုကို အခြေပြုပြီးတော့ တပြိုင် နက် အကုန်လုံး တိုးမပေးတော့ဘူး။ လုပ်သက်ရယ်၊ စာတမ်းထွက်ထားမှု အရေအတွက်ပေါ် မူတည်ပြီး လက်ရှိ သက်ဆိုင်ရာ ဘာသာရပ်အလိုက် လစ်လပ် ကျောင်း ဖွဲ့စည်းပုံအရပဲ တိုးပေးမယ်ပြောတယ်။ အဲဒီလို လုပ်လိုက် တဲ့အတွက် တော်တော်များများက ကျန်ခဲ့ပြီ” ဟု ၎င်းက ပြောသည်။

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနအနေဖြင့် တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များရှိ လက်ထောက် ကထိကများအား ကထိကအဖြစ် ရာထူးတိုးမြှင့်ခံထားရန် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်က အမိန့်စာများ ထုတ်ပြန် ကြေညာခဲ့သည်။

သို့သော်လည်း ၂၀၀၉ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်တွင် စတင်အလုပ်ဝင်သည့်  သရုပ်ပြ(နည်းပြ)များကနေ လက်ထောက် ကထိကအဖြစ် ၂၀၁၆ ခုနှစ် တပြိုင်တည် ရာထူးတိုးမြှင့်ပေးခဲ့သော်လည်း ကထိက အဖြစ် တစ်ဝက်ခန့်သာ ရာထူးတိုးပေးခဲ့ခြင်းကြောင့် ယခုနှစ်(၂၀၁၉ ခုနှစ်)အတွင်းမှာ ကျန်သူများကို ကထိက အဖြစ် ရာထူးတိုးမြှင့်ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ်က တောင်းဆိုလာခြင်းဖြစ်သည်။

မုံရွာစီးပွားရေးတက္ကသိုလ်မှ ကထိက ဦးကျော်ဝေဖြိုးက “ ၂၀၀၉ ခုနှစ်ခန့်နဲ့  ၂၀၁၂ ခုနှစ်ခန့် ဆရာ/ဆရာမ တွေကိုလည်း တပြိုင်နက်တည်း သရုပ်ပြကနေ လက်ထောက် ကထိက ကနေ ရာထူးတိုးပေးလိုက်တဲ့ အငြင်း ပွားမှုကနေ ဖြစ်တာပါ။ အရင်တုန်းကတော့ လက်ထောက် ကထိကနေ ကထိကကို အကုန်လုံး ရာထူးတိုးပေး တဲ့ အစဉ်အလာပါ။ အခုအခါမှာတော့ ကျန်တဲ့သူတွေ ကျန်နေတာ။ ၂၀၀၉ တွေလည်း အကုန်မတိုးဘူး၊ ၂၀၁၂ ခုနှစ်က သူတွေလည်း အကုန်မတိုးဘူး။ ဥပမာ မြန်မာစာမှာ ဘယ်နှစ်ယောက် လစ်လပ်တယ်။ လစ်လပ်တဲ့ အတိုင်း ရာထူး တိုးပေးတယ်။ ရူပဗေဒက လစ်လပ်မှု နည်းတယ်ဆိုရင် မတိုးဘူး။ အဲဒီတော့ နှစ်ဖက် စလုံး နစ်နာတာပါ” ဟု ပြောသည်။

ယခင်က နည်းပြ၊ သရုပ်ပြရာထူးမှ လက်ထောက် ကထိက ရာထူးတိုးရန်အတွက် အနည်းဆုံး ၇ နှစ်စောင့်ရပြီး ၂၀၁၄ ခုနှစ် နိုင်ငံဝန်ထမ်းဥပဒေ ပေါ်လာပြီးနောက်တွင် ၃ နှစ်ခွဲဖြင့် ရာထူးတိုးပေးခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်က တက္ကသိုလ်ဆရာ/ဆရာမများ ရာထူးတိုးမြှင့်ပေးရာတွင် နိုင်ငံ့ဝန်ထမ်းဥပဒေအရ ၂၀၀၉ ခုနှစ်  ခန့်နှင့် ၂၀၁၂ ခုနှစ်ခန့် ဆရာ/ဆရာမ အားလုံးကို လက်ထောက်ကထိက ရာထူးတိုးပေးလိုက်သည့်အတွက် တက္ကသိုလ် ဆရာ/ဆရာမများအကြားတွင် ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သေးကြောင်း သိရသည်။

၂၀၀၉ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်ခန့် လက်ထောက်ကထိကပေါင်း ၄၀၀၀ ကျော်ရှိပြီး ၂၀၁၉ ခုနှစ်တွင် လက်ထောက် ကထိကမှ ကထိက ရာထူးတိုးကို ဆရာ/ဆရာမ ၂၀၀၀ ကျော်တိုးပြီး တစ်ဝက်ခန့် ရာထူးတိုး ကျန်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

ရာထူးတိုး လုပ်သက်၊ သက်ဆိုင်ရာ စာတမ်းပြုစုမှုများ ရှိရက်သားဖြင့် လွဲချော်မှုတချို့ကြောင့် ရာထူးတိုးများ ကျန်ခဲ့သည့်အတွက် ဆရာ/ဆရာများ အချင်းချင်း စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်လာပြီး ကာယကံရှင် ဆရာ/ဆရာမ များ အနေဖြင့် ရာထူး၊ လစာ နစ်နာမှုများ ရှိလာသည့်အတွက် သင်ကြားရေးအပိုင်းတွင် အဆင်မပြေမှုများ ဖြစ် ပေါ်လာနိုင်ကြောင်း ဒေါက်တာဇော်မျိုးလှိုင်က ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့် ရာထူးတိုးအတွက် လုပ်ငန်းစဉ်များကို လက်ရှိ တွင် ဆောင်ရွက်နေပြီဖြစ်ကြောင်း ဆရာ/ဆရာမ အသိုင်းအဝန်းက သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly