ချန်ပီယံလိဂ် ရှုံးထွက်(၁၆)သင်းအဆင့်မှာ ခက်ခဲတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရမယ့် အင်္ဂလန်ကလပ်များ

ချန်ပီယံလိဂ် ရှုံးထွက်(၁၆)သင်းအဆင့်မှာ ခက်ခဲတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရမယ့် အင်္ဂလန်ကလပ်များ
Photos: EPA

ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် မဲခွဲမှုကို တနင်္လာနေ့ ညပိုင်းက ပြုလုပ်ခဲ့ပြီးနောက် အင်္ဂလန်ကလပ်အသင်းတွေကတော့ ခက်ခဲတဲ့ ပြိုင်ဘက်တွေနဲ့ တွေ့ဆုံနေပြီး လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းက စပိန်ကလပ် အက်သလက်တီကို၊ မန်စီးတီးအသင်းက ချန်ပီယံလိဂ်ဖလား (၁၃)ကြိမ်ရ ရီးယဲလ်မက်ဒရစ်တို့နဲ့ အသီးသီး ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

ယာဂန် ကလော့ပ်ရဲ့ အသင်းဟာ ဇွန်လက ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်ခဲ့တဲ့ အောင်မြေ ဝန်ဒါမက်ထရိုပိုလီတာနိုကွင်းကို အက်သလက်တီကိုအသင်းနဲ့ ပထမအကျော့ယှဉ်ပြိုင်ဖို့ သွားရောက်မှာဖြစ်ပါတယ်။

"ကျနော်တို့မှာ လက်ရှိချန်ပီယံဖြစ်တဲ့ ပြိုင်ဘက်နဲ့ တွေ့ဆုံနေလို့ ဒီအလုပ်က ခက်ခဲပါလိမ့်မယ်။"လို့ အက်သလက်တီကိုရဲ့ ဒါရိုက်တာ ဗီလာဗယ်လ်ဒီက ပြောပါတယ်။

"သူတို့ဟာ ချန်ပီယံတွေပါ။ သူတို့မှာ ဥရောပမှာ အကောင်းဆုံးအသင်းလို့ ခေါ်ခံရတဲ့ ပိုင်ဆိုင်မှုတွေ ရှိတယ်။ ကျနော်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေ၊ အတွေ့အကြုံတွေကို သုံးရလိမ့်မယ်။"

ချန်ပီယံလိဂ်ဖလားကို ပထမဆုံးအကြိမ်အဖြစ် ဆွတ်ခူးဖို့ ကြိုးစားနေတဲ့ ဂွာဒီယိုလာရဲ့ စီးတီးအသင်းဟာ ဥရောပဖလားစံချိန်တင်ဆုရှင် ရီး   ယဲလ်အသင်းနဲ့ တွေ့ဆုံနေလို့ ကွထာတားဖိုင်နယ် တစ်နေရာစာအတွက် ခက်ခဲနေမှာဖြစ်ပါတယ်။

ဒီကလပ် နှစ်သင်းဟာ ၂၀၁၅-၁၆ ရာသီက ဆီးမီးဖိုင်နယ်မှာ တွေ့ဆုံခဲ့ဖူးပြီး မက်ဒရစ်က နှစ်ကျော့ပေါင်း (၁-၀)ဆိုတဲ့ ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ နောက်တစ်ဆင့်ကို တက်ရောက်ခဲ့ပါတယ်။

"ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲဆိုတာ အမှန်ပါပဲ။ ရီးယဲလ်မက်ဒရစ်က (၁၃)ကြိမ်ဖလား ဆွတ်ခူးခဲ့တယ်။ ဒါ့ကြောင့် သူတို့ဟာ အကောင်းဆုံးဖြစ်တယ်။"လို့ စီးတီးရဲ့ အားကစားဒါရိုက်တာ ဘီဂီရီစတိန်းက ပြောပါတယ်။

"ကျနော်တို့က အကောင်းဆုံးဖြစ်ချင်တယ်။ ဒါ့ကြောင့် ကျနော်တို့ သူတို့ကို အနိုင်ယူချင်တယ်။"

ဒီပွဲစဉ်ဟာ ဂွာဒီယိုလာနဲ့ ၂၀၁၆ ခုနှစ်ကနေ (၃)ကြိမ်ဆက် ချန်ပီယံလိဂ်ဖလား ရယူထားတဲ့ ဇီဒန်းတို့အကြား ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်ပါတယ်။

"သူတို့ဟာ ပြိုင်ဘက် အသင်းကြီးတစ်သင်းပါ။ အဖက်ဖက်မှာလည်း အလွန်အင်အားကြီးမားပါတယ်။"လို့ ရီးယဲလ်အသင်း ဒါရိုက်တာ အီမယ်လီယို ဘူချာဂွယ်နိုက ပြောပါတယ်။

"'ဒါဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲတစ်ပွဲဖြစ်လာမှာပါ။ အဲဒီထဲက တစ်ခုက ကျနော်တို့ကို ဒီအံ့အာင်းသင့်စရာ အားကစားကို ချစ်မြတ်နိုးစေပါတယ်။"

ချယ်လ်ဆီးအသင်းအနေနဲ့တော့ ၂၀၁၂ ဗိုလ်လုပွဲမှာ အနိုင်ယူခဲ့တဲ့ ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်နဲ့ ထပ်မံရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။

ဒါပေမယ့် ဘိုင်ယန်ဂိုးသမား နူအာက ဝင်ဘလေကွင်းမှာ ၂၀၁၃ ဗိုလ်လုပွဲမှာ ဒေါ့မွန်အသင်းကို အနိုင်ရခဲ့တဲ့နေရာ လန်ဒန်မြေမှာ အမှတ်ရစရာ အမှတ်တရတွေ ရှိပါတယ်။

"ကျနော်တို့ လန်ဒန်ကို သွားရတာ ပျော်ပါတယ်။ ကျနော် အဲဒီနေရာကနေ အတွေ့အကြုံအများကြီး ရရှိထားပါတယ်။ ချယ်လ်ဆီးအသင်းဟာ အန္တရာယ်များတဲ့ အသင်းပါ။ ကျနော်တို့ သူတို့ကို အရမ်းပဲ အလေးအနက်ထားရပါမယ်။"လို့ နူအာက ပြောပါတယ်။

ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါ့စကီးဟာ အုပ်စုအဆင့် (၅)ပွဲမှာ သွင်းဂိုး (၁၀)ဂိုး သွင်းယူထားပြီးနောက် ဒီရာသီ ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဦးဆောင်နေပါတယ်။

ရှုံးထွက် (၁၆)သင်းအဆင့်ကနေ (၄)ရာသီဆက် ထွက်ခွာရတဲ့အဖြစ်မျိုး ရှောင်ရှားဖို့ ကြိုးစားသွားမယ့် ပီအက်စ်ဂျီအသင်းကတော့ ၁၉၉၇ ချန်ပီယံ ဒေါ့မွန်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

ကျန်တွဲဖက်အသင်းတွေကတော့ အတ္တလန်တာ - ဗလင်စီယာ၊ စပါး - လိုက်ပ်ဇစ်နဲ့ နာပိုလီ - ဘာစီလိုနာတို့ပဲဖြစ်ပါတယ်။

ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့တွေကို ဖေဖော်ဝါရီ ၁၈၊ ၁၉၊ ၂၅ နဲ့ ၂၆ ရက်နေ့မှာ ကစားသွားမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ မတ်လ ၁၀၊ ၁၁၊ ၁၇ နဲ့ ၁၈ ရက်တို့မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly