လေလွင့်လူငယ်များနှင့် ကော်ရှူခြင်း ပြဿနာ

လေလွင့်လူငယ်များနှင့် ကော်ရှူခြင်း ပြဿနာ

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ။            ။ ကော်ရှူလိုက်သည့်အခါ ဗိုက်ဆာမှန်း မသိတော့ခြင်း၊ စိတ်ညစ်ခြင်း၊ ပျော်ခြင်း စသည့် ခံစားချက်မှုများ မရှိတော့ ခြင်းတို့ကြောင့် လေလွင့်လူငယ်များကြားတွင် ကော်ရှူခြင်းသည် အလ့အထ တစ်ခုသဖွယ် ဖြစ်လာသည်။

ကော်ရှူခြင်းကြောင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ကျန်းမာရေး ဆိုးကျိုး များ ဖြစ်ပွားနိုင်ကြောင်း ရန်ကုန်စိတ်ကျန်းမာရေး ဆေးရုံကြီး၊ မူးယစ်ဆေးစွဲရောဂါ ကုသရေးနှင့် သုတေသန ဌာနမှ တာဝန်ခံဆရာဝန်ကြီး ဒေါက်တာနန္ဒမျိုးအောင်ဝမ်းက မဇ္ဈိမကို ပြောသည်။

“ကော်ရှူတဲ့အတွက် ဖြစ်နိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးက အများကြီးရှိပါတယ်။ သူတို့ ဒီကော်ရှူတဲ့ အခါမှာ ဒီ အသက်ရှူ လမ်းကြောင်းဆိုင်ရာ အန္တရာယ်တွေ ရှိပါတယ်။ ဥပမာဆိုရင် ဒီနှာခေါင်းအတွင်းမှာရှိတဲ့ နုနယ် တဲ့ အရာတွေ ပေါက်သွားတာတို့၊ ပြီးတော့ အဆုပ်ပိုင်းဆိုင်ရာ ရောဂါတွေ ရနိုင်တယ်ပေါ့နော်။ ကော်ရှူတဲ့ အတွက် ဗိုက်မဆာလို့ မစား တာက အာဟာရ ချို့တဲ့တာတွေ ဆက်ဖြစ်နိုင်တယ်။ အဲဒီကနေ နောက်ဆက်တွဲတွေ အများကြီး ဆက်ဖြစ်လာနိုင်ပါတယ်။ ဒီကော်ရှူတာက ဦးနှောက် အာရုံကြောကိုလည်း သွားဖျက်စီး နိုင်တယ်။ အာရုံကြောတွေက ပုံမှန် အလုပ်မလုပ်တာတွေ ဖြစ်နိုင်ပါတယ်။ တုံ့ပြန်မှုတွေ မလုပ်နိုင်တော့တာ၊ အာရုံစူးစိုက်လို့ မရတာတွေ ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး ဒီကော်က လည်း ရှူရင် စွဲလာနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

ကော်ရှူသည့် လူငယ်များအတွက် ကျန်းမာရေး ဆိုးကျိုးများ ရှိနေသည့်နည်းတူ ဘေးပတ်ဝန်းကျင် ပြည်သူများ အနေဖြင့် လည်း ကော်ရှူသည့် လေလွင့်လူငယ်တချို့ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရသည့်အပေါ် ထိထိ ရောက်ရောက် ထိန်း သိမ်း ဆောင်ရွက်ရန် လိုအပ်နေကြောင်း Peace Development and Civil Engagement ၏ အစီအစဉ် ဒါရိုက်တာ ကိုဘိုဘိုမျိုးက ပြောသည်။

“ ဒီကလေးတွေက ဒီနေ့ ဒီအချိန်မှာ သူတို့ အချင်းချင်းပဲ ရန်ပြုတာပါ။ နောင်တစ်ချိန် ဒီကလေးတွေက ဘာဖြစ်လာနိုင်လဲ ဆိုတော့ သူတို့ တစ်သီးတခြား နေရင်းနဲ့ ဘာဖြစ်လာနိုင်လဲဆိုတော့ ဒုစရိုက်လုပ်တဲ့သူတွေက အသုံးချလာနိုင်ပါတယ်။ အဲတော့ ဒေသအတွင်း တရားဥပဒေစိုးမိုးရေး တည်ဆောက်မယ်ဆိုရင် ဒီကလေးငယ်တွေကို ဒီအရွယ်မှာပဲ စတင် ထိန်း သိမ်းဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ ဒီကော်ရှူတာနဲ့ ပတ်သက်ပြီး တရားဝင် စစ်တမ်းတွေ ကောက်ယူဖို့လည်း လိုပါတယ်။ စစ်တမ်းတွေအပေါ် မူတည်ပြီး မူဝါဒတွေ ချဖို့လည်း လိုပါတယ်” ဟု ၎င်းက ပြောသည်။

တောင်းရမ်း စားသောက်သည့် ကလေးများ၊ အမှိုက်ကောက်သည့် ကလေးများ စသည့် လေလွင့်လူငယ်များသည် အဖိုး အခ သိပ်မများသော သစ်သားဆက်ကော်၊ ပိုက်ဆက်ကော်၊ အိမ်သုံးပစ္စည်းကော်၊ ဓာတ်ဆီ၊ ရေနံဆီများကို ရှူရှိုက် မှုများ ပြုလုပ်လျက်ရှိပြီး ထိုသို့ ရှူရှိုက်ခြင်းသည် တစ်လွဲ အသုံးချမှုသာဖြစ်ပြီး ဥပဒေအရ အရေးယူ တားမြစ်ရန် မဖြစ်နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။   

“ကော်က မူးယစ်ဆေးဝါးအနေနဲ့ ထုတ်တာ မဟုတ်ဘူးလေ။ အဲဒါကို ဥပဒေကြောင်းအရ ဆောင်ရွက်လို့ မရဘူး။ ဒီကော်ကို ပိတ်ပင်လို့ မရဘူး။ မူးယစ်ဥပဒေထဲမှာ ကော်ကိုသွားထည့်လို့ မရဘူး။ ဒါက ရှူတဲ့ ဓလေ့စရိုက်ပေါ့ဗျာ။ ဆေးလိပ် ဆေးရွက် ကြီး ဥပဒေနဲ့တောင် သဘော သဘာဝချင်း မတူဘူး။ ဆေးလိပ်နဲ့ ဆေးရွက်ကြီးကို ထိန်းချုပ်ဖို့ဆိုရင် ရောင်းချမှုကို ထိန်း ချုပ်မယ်။ နောက်ပြီးတော့ အခွန်တိုး ကောက်တဲ့နည်းနဲ့ ထိန်းချုပ်မယ်။ ဒါမျိုးတွေက လုပ်လို့ ရသေးတယ်။ အခု ကော်ဆို တာက အိမ်ဆောက်ပစ္စည်းတွေ၊ တခြား အသုံးပြုဖို့ ထုတ်ထားတာ။ ဘယ်လို တားမြစ်လို့ရမလဲ” ဟု ၎င်းက ပြောသည်။

လေလွင့် လူငယ်များအကြား ကော်ရှူသော အလေ့အထ လျော့နည်းစေရန် မှန်ကန်သည့် နည်းလမ်းဖြင့် တည့်မတ် ပေးရန် လိုအပ်ကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။

“ဒီကလေးတွေနဲ့ပတ်သက်ပြီး အမှန်တကယ် ဆိုလို့ရှိရင် သူတို့ ကော်မရှူဖို့ဆိုရင် ဘယ်လိုပြန်ပြီး တည့်မတ်ပေးမလဲဆိုတဲ့ ကိစ္စတွေ ရှိလာတာပေါ့နော်။ အစ်မတို့အမြင်မှာ တစ်ပြိုင်နက်တည်း လုပ်ရမယ့် အချက်တွေ။ ကော်မရှူနဲ့ဆိုပြီး တစ်ဖက်က တားရမှာဖြစ်သလို၊ တစ်ဖက်ကလည်း လူမှုရေးအရ ဘယ်လို ကူညီထောက်ပံ့ပေးမလဲ လုပ်ရမှာပါ” ဟု ၎င်းက ပြောသည်။

လေလွင့်ကလေးများအပြင် ကျောင်းသား လူငယ်များလည်း ကော်ရှူရှိုက်ကြောင်း တွေ့ရသည်ဟု ကျန်းမာရေးဦးစီးဌာန မူးယစ်ဆေးစွဲ ရောဂါကုသရေးနှင့် သုတေသနဌာနက ကျွမ်းကျင်သူ အစုအဖွဲ့၏ ၂၀၁၂ ခုနှစ် လေ့လာဆန်းစစ်ချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly