၂၀၂၀ မြန်မာနေရှင်နယ်လိဂ်အတွက် အသင်းကြီးအများစု ကစားသမားအင်အားဖြည့်တင်း

၂၀၂၀ မြန်မာနေရှင်နယ်လိဂ်အတွက် အသင်းကြီးအများစု ကစားသမားအင်အားဖြည့်တင်း
Myanmar National League

ဒီဇင်ဘာ ၁၆။       ။ ၂၀၂၀ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အသင်းကြီးများအစုက ပြည်တွင်းကစားသမားများ စာချုပ်ချုပ်ဆိုခြင်းနှင့် ပြည်ပကစားသမားများကို ပြန်လည်ဖြည့်တင်း ခြင်း တို့ကို ပြုလုပ်ခဲ့ကြသည်။

ဒီဇင်ဘာလ ၁၆ ရက်အနေ့ထိ အသင်းကြီး ငါးသင်းမှ ကစားသမားခေါ်ယူမူ စုစုပေါင်း ၂၀ နီးပါးခန့် စာချုပ်ချုပ် ဆိုထားကြောင်း စုံစမ်းသိရှိရသည်။

နာမည်ကြီး ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၀ ဘောလုံးရာသီ အတွက် ကစားသမားအင်အားဖြည့် ခေါ်ယူခဲ့ရာ ပြည်တွင်းကစားသမားများအဖြစ်  သိန်းသန်းဝင်း၊ ကြည်လင်း၊ မောင်မောင်ဝင်း၊ အောင်ကျော်နိုင်၊ ရန်ပိုင်စိုး နှင့် ထိုက်ထိုက်အောင် တို့ကို ပါဝင်ခဲ့ပြီး ပြည်ပကစားသမားများ အဖြစ် ဘာဖို၊အီမာနျုရယ်၊ ရှိုရီ နှင့် အဘူဘာကာကွန်ဂို တို့ကို ခေါ်ယူခဲ့သည်။

AFC Cup ပြိုင်ပွဲအတွေ့အကြုံရှိသည့် သိန်းသန်းဝင်း က "ရန်ကုန်ယူနိုက်တက်အသင်းကို အားပေးနေတဲ့ ပရိသတ်တွေကို ပြောချင်တာကတော့ ကျွန်တော့်အပေါ်ကို ယုံကြည်မှုထားပေးကြပါ။ အသင်းအတွက် ပြည်တွင်း ပြိုင်ပွဲမှာရော ပြည်ပပြိုင်ပွဲတွေမှာပါ အကောင်းဆုံးဖြစ်အောင် ပေးဆပ်သွားပါမယ်"ဟု ပြောကြားခဲ့သည်။

စစ်ကိုင်းယူနိုက်တက်အသင်းအနေနဲ့ လာမယ့် MPT Myanmar National League 2020 ရာသီအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေရာမှာ ဂိုးသမား၊ နိုင်ဇေယျာထွန်း၊ နောက်ခံလူ အောင်ဟိန်းကျော်၊ ချစ်စိုးပိုင်၊ ကွင်းလယ်လူ အောင်ကိုကိုဝင်း၊ အောင်ဖြိုးလင်း၊ ဇွန်မိုးအောင်၊ တိုက်စစ်မှူး ဝေလု စတဲ့ ကစားသမားများစွာကို ခေါ်ယူအားဖြည့်ထားကြောင်း သိရသည်။

ဧရာဝတီယူနိုက်တက်အသင်းဟာ မနှစ်က အသင်းမှာကစားခဲ့တဲ့ တိုက်စစ်မှူး Success ကို ၂၀၂၀ ဘောလုံးရာသီသစ်အတွက် ပြန်လည်ခေါ်ယူခဲ့သည်။

၂၀၂၂ ကမ္ဘာ့ဖလားခြေ စစ်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်း ပဏာမကစားသမားစာရင်း တွင်ပါဝင်သည့်တိုက်စစ်မှူး သန်းထက်အောင်ကို ဧရာဝတီအသင်း က ၂ နှစ်စာချုပ်ဖြင့်ခေါ်ယူနိုင်ခဲ့သည်။

၎င်းသည် ၂၀၁၈ ဘောလုံးရာသီတွင် မြန်မာလိဂ် တစ်လတာ အကောင်းဆုံးကစား သမားဆုသုံးကြိမ်တိုင် ရရှိခဲ့ သည်။

ဧရာဝတီအသင်းသည် ပြီးခဲ့ သည့် ဘောလုံးရာသီတွင် မြန်မာလိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ၌ ၁၂ ပွဲနိုင်၊ နှစ်ပွဲသရေ၊ နှစ်ပွဲရှုံး၊ ရ မှတ် ၄၄ မှတ်ဖြင့် ဒုတိယဆုရရှိခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းသည် အသင်းအတွက် လိုအပ်နေသည့် ဗဟိုခံစစ်မှူးတစ်ဦးဖြစ်သည့်  ဂါနာနိုင်ငံသား ဒန်နရီရယ်လ် ကို ရာသီအသစ်အတွက်ခေါ်ယူအားဖြည့်နိုင်ခဲ့သည်။

ဒန်နီရယ်လ်၏ စာချုပ်မှာ ၂၀၁၉ ဒီဇင်ဘာ(၁) ရက်နေ့မှ ၂၀၂၀ ဧပြီလ (၃၀) ရက်နေ့အထိ (၅)လ သက်တမ်းဖြစ်ပြီး အဆိုပါ ကာလအတွင်း နှစ်ဘက်သဘောတူညီမှုဖြင့် စာချုပ်သက်တမ်းတိုးရန် ဆုံးဖြတ်မည်ဖြစ်ကြောင်း လည်း သိရသည်။

ယခင်က ကွင်းလယ်ကစားသမား မက်ဆီမင်နှင့် အဘူဘာကာ၊ တိုက်စစ်မှူး ကိသ်နားတို့ကို ခေါ်ယူထားသည့်အတွက် ယခုအခါ ရှမ်းယူနိုက်တက်အသင်းသည် နိုင်ငံခြားကစားသမား (၄) ဦး အပြည့် ခေါ်ယူပြီးစီးပြီ ဖြစ်ပါ တယ်။

Southern Myanmar FC အသင်းအနေဖြင့် ရခိုင်ယူနိုက်တက်အသင်းနောက်ခံလူ ဇင်မျိုးနိုင်နှင့် ချင်းယူနိုက်တက်အသင်း တိုက်စစ်မှူး အောင်မြတ်သူ တို့ နှစ်ဦးကို စာချုပ်ချုပ်ဆိုနိုင်ခဲ့သည်။

ရာသီပြန်လည်စတင်ဖို့ သီတင်းပတ် သုံးပတ်ခန့်သာ လိုတော့သည့်အချိန်တွင် အသင်းကြီးအများစုက အင်အားများဖြည့်တင်းလျက်ရှိပြီး ပြည်တွင်းပြိုင်ပွဲ နှင့် AFC ပြိုင်ပွဲတို့တွင် အောင်မြင်မှုများရရှိနိုင်ရန်အတွက် ကြိုးစား နေကြခြင်းဖြစ်သည်။

လာမည့် မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီသစ်အတွက် အသင်းအများစုက လေ့ကျင့်ပြင်ဆင်လျက်ရှိပြီး ခြေစမ်းပွဲများလည်း ယှဉ်ပြိုင်လျက်ရှိသည်။

၂၀၁၉ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံအသင်းမှ ရှမ်းယူနိုက်တက်အသင်းက ဗိုလ်ဆွဲထားခြင်းဖြစ်ပြီး ၂၀၂၀ မြန်မာနေရှင်နယ်လိဂ်(၁) အမှတ်ပေးပြိုင်ပွဲကို လာမည့် ဇန်နဝါရီလ ၁၀ ရက်နေ့ တွင် စတင်ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly