မြန်မာအပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ ကျောင်းမနေနိုင်သည့်ကလေးများ ကျောင်းတက်နိုင်ရေးအတွက် ထောက်ခံလက်မှတ်များကောက်ယူမှု တစ်ရက်တာပြုလုပ်

မြန်မာအပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ ကျောင်းမနေနိုင်သည့်ကလေးများ ကျောင်းတက်နိုင်ရေးအတွက် ထောက်ခံလက်မှတ်များကောက်ယူမှု တစ်ရက်တာပြုလုပ်
ဓာတ်ပုံ - လာဘ်ရတနာဗိုလ်

ရန်ကုန်။ ။ ဒီဇင်ဘာ ၁၆ ရက်။               ။ကလေးတိုင်း၊ နေရာတိုင်း၌ ကျောင်းတက်ပညာသင်ကြားနိုင်ရေးအတွက် ရည်ရွယ်လုပ်ဆောင်သည့်ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု "Every Child, Everywhere, In School" လက်မှတ် ကောက်ခံခြင်း လှုပ်ရှားမှုတစ်ခုကို ဒီဇင်ဘာ ၁၆ရက်နေ့က မြန်မာပလာဇာမှာ ပြုလုပ်ခဲ့သည်။

အဆိုပါကမ်ပိန်းကို ADRA မြန်မာနှင့် (Adventist Development and Relief Agency Myanmar) Myanmar Union Mission တို့ ပူးပေါင်း၍ လုပ်ဆောင်ခြင်းဖြစ်ကာ ကမ်ပိန်းအား ဒီဇင်ဘာ ၁၆ရက်တစ်ရက်တာ ပြု လုပ်ခဲ့ခြင်းဖြစ်သည်။

ကျောင်းမနေနိုင်သည့် ကလေးများနှင့်ပတ်သက်၍ ADRA မြန်မာက စည်းရုံးရေးအရာရှိ Francis က "ကျောင်းမနေနိုင်တာကတော့ အခြေအနေအမျိုးမျိုးပေါ့ တစ်ကမ္ဘာလုံးမှာဆိုရင် ဆင်းရဲနွမ်းပါးမှုလည်းဆိုင်တယ်၊ တစ်ချို့ ဝေးလံခေါင်သီလို့ ဆရာအရောက်အပေါက်နည်းလို့ လမ်းပန်းဆက်သွယ်ရေးခက်ခဲလို့ ပြီးတော့ စားဝတ်နေရေးခက်ခဲလို့ အဲ့လိုမျိုး အမျိုးမျိုးပေါ့နော်၊ တချို့ဒေသတွေကလည်း စစ်ဖြစ်လို့" ဟု ပြောသည်။

လက်ရှိတွင် ကမ္ဘာတစ်ဝှမ်းရှိ ကလေးသူငယ်လူငယ်ပေါင်း ၂၆၂သန်းသည် ပညာသင်ကြားနိုင်သည့် အခွင့်အလမ်းများဆုံးရှုံးလျက်ရှိကြောင်းသိရသည်။

ယခုကဲ့သို့ ကမ်ပိန်းများလုပ်ဆောင်မှသာ လူအများသိရှိလာနိုင်မည်ဖြစ်ကာ ယခုကဲ့သို့ ကမ်ပိန်းမျိုး များများလုပ်သင့်ကြောင်း ကမ်ပိန်းတွင် ပါဝင်လက်မှတ်ထိုးခဲ့သူ ကိုအာကာပိုင်က ပြောသည်။

"လူ့အခွင့်အရေးအရတော့ ရသင့်တယ်ပေါ့နော်။ ဒါပေမယ့် ပြောရမယ်ဆိုရင် ကလေးငယ်တွေကျောင်းတက်ဖို့ ပညာတတ်ဖို့ဆိုတာက မဖြစ်မနေလိုတယ်လေ။ လူ့လောကကြီးမှာ ပညာမတတ်ပဲ နေလို့မရဘူးလေ"ဟု ၎င်းကဆိုသည်။

ကျောင်းပြင်ပ ကလေးငယ်တစ်ဦးသည် လူကုန်ကူးခံရခြင်း၊ စစ်သားအဖြစ်စုဆောင်းခံရခြင်းနှင့် အရွယ်မရောက်သေးမီလက်ထပ်ခြင်း၊ ဆယ်ကျော်သက်အရွယ်လေးများ ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးလုပ်သားများအဖြစ် အများဆုံးအသုံးချခံရခြင်းတို့ရှိနိုင်ကြောင်း ADRA မြန်မာက စည်းရုံးရေးအရာရှိ Francis က ဆိုသည်။

တစ်ကမ္ဘာလုံးဆိုင်ရာအတွက် လက်မှတ်ကောက်ခံမှုများအား တစ်မီလီယံ သတ်မှတ်ထားကာ မြန်မာနိုင်ငံအတွက် လက်မှတ်(၇၀၀၀) ဟုသတ်မှတ်ထားကြောင်းသိရသည်။

မြန်မာနိုင်ငံအတွက် သတ်မှတ်ထားသော လက်မှတ် (၇၀၀၀)ပြည့်သွားပါက ADRA ရုံးချုပ်သို့ ပေးပို့ကာ တာဝန်ရှိသူများက လိုအပ်သည်များ ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။

ADRA Myanmar သည် မြန်မာနိုင်ငံတစ်ဝှမ်း၌ ဖွံ့ဖြိုးရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများအား အဓိကထောက်ပံ့ကူညီဆောင်ရွက်ပေးသော NGOအဖွဲ့အစည်းတစ်ခုဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly