မြိတ်မြို့နယ်က တောထွင်ကြီးကျေးရွာကို ဒေါ်လာသန်း ၁၀၀ တန် စီမံကိန်း အကောင်အထည်ဖော်မည်

မြိတ်မြို့နယ်က တောထွင်ကြီးကျေးရွာကို ဒေါ်လာသန်း ၁၀၀ တန် စီမံကိန်း အကောင်အထည်ဖော်မည်

မြိတ်၊ ဒီဇင်ဘာ (၁၆) ။         ။ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ မြိတ်တောင် ကျေးရွာအုပ်စု၊ တာထွင်ကြီးကျေးရွာမှ မြေဧက ၁၉၁၈.၁၀ ပေါ်တွင် ကုမ္ပဏီတစ်ခုက ဒေါ်လာသန်း ၁၀၀ တန် စီမံကိန်းကို အကောင်အထည်ဖော် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒေါ်လာ သန်း ၁၀၀ တန် စီမံကိန်းကို Golden Myeik Development Co.,Ltd က ဖော်ဆောင်သွားမည်ဖြစ်ပြီး စီမံကိန်းမှာ ၁၅ နှစ် နှစ်ရှည်စီမံကိန်းအဖြစ် အကောင်အထည်ဖော်မှုဖြစ်ကြောင်း ကုမ္ပဏီထံမှ သိရသည်။

တောထွင်ကြီးကျေးရွာ စီမံကိန်းသည်၊ မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာအုပ်စု၊ ယောကြီးဝချောင်း တစ်ဖက်ကမ်းမှာ တည် ရှိပြီး၊ ၎င်းစီမံကိန်းကို အကောင်အထည်ဖော်ရန်အတွက် ၂၀၁၈ ခုနှစ်၊မေလ အကုန်ပိုင်မှာ စတင်၍ လွှတ်တော် ကိုယ်စား လှယ်များနှင့် ဒေသခံ ပြည်သူများအား တွေ့ဆုံခဲ့ကြအပြီး ယခုလို အကောင်အထည်ဖော်ရန် ဖြစ်လာခြင်း ဖြစ်ကြောင်း သိရသည်။

Golden Myeik Development Co.,Ltd မှ ဒါရိုက်တာ တစ်ဦး ဖြစ်သူ ကိုကောင်းမြတ်က“ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး၊ ကျွန်တော်တို့ နိုင်ငံတော်ကနေ အရင်တောင်းဆိုပါတယ်၊ လက်ရှိ ဒီမြေပေါ်မှာ နေထိုင်တဲ့ သူတွေနဲ့လည်း သဘောတူညီမှု ရထားပါတယ်၊ ဒေါ်လာ သန်း ၁၀၀ နဲ့ ကနဦး ရင်းနှီးမြှုပ်နှံဖို့ လျာထားတယ်”ဟု ပြောသည်။

အဆိုပါ စီမံကိန်း မြေဧရီယာထဲတွင် လက်ရှိ နေထိုင်သော ဒေသခံ ပြည်သူများကို နေအိမ်နှင့် အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးပေး သွားမည် ဖြစ်ပြီး၊ စီမံကိန်း မြေပေါ်တွင် ငါးသိုလှောင်ရေးစခန်း၊ ငှက်သိုက် မွေးမြူရေး၊ စက်မှု လက်မှု လုပ်ငန်းများ၊ လူနေ အဆောက်အအုံနှင့် ရေ/ မီး ပေးဝေရေး တို့ကို ထည့်သွင်း ဖော်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ တောထွင်ကြီး ကျေးရွာမှာ အိမ်ထောင်စုပေါင်း ၁၀၀ ကျော်နဲ့ လူဦးရေ ၃၀၀ ကျော် ရှိပြီး၊ ငါးပိ လုပ်ငန်းကို အဓိက ထား လုပ်ကိုင်နေသည့် ရွာတစ်ရွာ ဖြစ်ကြောင်း သိရသည်။

တောထွင်ကြီးကျေးရွာမှ ရာအိမ်မှူး ဦးညီညီထွေးက “စီမံကိန်းက လာလုပ်မယ် ဆိုတာပဲ ကြားပါတယ်၊ ဘယ်ကုမ္ပဏီက ဘယ်သူတွေ ပါတယ် ဆိုတာ မသိသေးဘူး၊ အိမ်ယာမြေတွေက လှုပ်လှုပ်ရွရွ ဈေးတက်တာမျိုးလည်း မရှိသေးဘူး”ဟု ပြောသည်။

ထိုတောထွင်ကြီး စက်မှုဇုန် စီမံကိန်းကို တရုတ်နိုင်ငံကုမ္ပဏီ တစ်ခုနှင့် သဘောတူညီချက် MoU ရေးထိုးထားကြောင်း သိရသည်။

စီမံကိန်းကို အကောင်အထည်ဖော်မှု ကုမ္ပဏီများမှာ Golden Myeik Development ကုမ္ပဏီတွင် Shwe Myan Aung ကုမ္ပဏီ၊ Lin Phyo Aung ကုမ္ပဏီ၊ Lin Sandar Aung ကုမ္ပဏီ၊ One Ship Distribution ကုမ္ပဏီ၊ Pyi Phyo Tun International ကုမ္ပဏီနှင့် Aung Myat Phyo International ကုမ္ပဏီတို့ ပါဝင်ပြီး အကျိုးတူ မိတ်ဖက် ကုမ္ပဏီများ အနေဖြင့် Sweety Home Industry ကုမ္ပဏီ၊ Myat Noe Thu Construction ကုမ္ပဏီနှင့် Khin Maung Nyunt Group ကုမ္ပဏီတို့ ပါဝင်ကြောင်း သိရသည်။

Golden Myeik Development ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ကိုလင်းထက်အောင်က “ဒီစီမံကိန်းက ကျွန်တော်တို့ လူငယ် လုပ်ငန်းရှင်တွေ စုပေါင်းပြီး လုပ်တာဖြစ်လို့ နှစ်ရှည် စီမံကိန်း ဖြစ်တာကြောင့် ဖြစ်အောင်လုပ်ဖို့ ရည်ရွယ် ထားပါ တယ်”ဟု ပြောသည်။

တောထွင်ကြီး စီမံကိန်းတည်နေရာသည် ချောင်း တစ်ဖက်ကမ်းတွင် ရှိနေ၍ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့် ကျေးရွာဖြစ်ပြီး၊ ရင်းနှီးမြှုပ်နှံသူများက စီမံကိန်း အကောင်အထည်ဖော် လာပါက ပေ ၂၀၀၀ ရှိ မြစ်ကူးတံတား တစ်စင်းကို သိန်းပေါင်း မြောက်များစွာ ကုန်ကျခံ၍ ပြုလုပ်မည် ဖြစ်ပြီး၊ ဒေသခံများလည်း လက်ရှိ အခြေအနေထက် အလုပ်အကိုင် အခွင့်လမ်းနှင့် လူနေမှုအဆင့်တန်း မြင့်မားလာမည်ဖြစ်၍ ဒေသခံ ပြည်သူများက စီမံကိန်းအပေါ် ကန့်ကွက်မှု မရှိဘဲ လမ်းပန်း ဆက်သွယ်ရေးနှင့် တခြား ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ တိုးတက်လာမှာကို ရွာသူ/ သားများက မျှော်လင့် ကြောင်း ဒေသခံများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly