ဖိလစ်ပိုင်တွင် လှုပ်ခဲ့သည့် အားပြင်းငလျင်အတွင်း ကလေးငယ်တစ်ဦး သေဆုံး

ဖိလစ်ပိုင်တွင် လှုပ်ခဲ့သည့် အားပြင်းငလျင်အတွင်း ကလေးငယ်တစ်ဦး သေဆုံး

ဒီဇင်ဘာ ၁၆။            ။ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း မန်ဒါနာအိုကျွန်း၌ ဒီဇင်ဘာ ၁၅ ရက်က လှုပ်သွားခဲ့သည့် အားပြင်းငလျင်တွင် ကလေးငယ်တစ်ဦး သေဆုံးပြီး ဒါဇင်များစွာ ဒဏ်ရာရကာ အဆောက်အအုံများ ပြိုကျပျက်စီး သည်။

ပြင်းအား ၆ ဒသမ ၈ အဆင့် ယခု ငလျင် လှုပ်ခဲ့ရာ ဒေသသည် အောက်တိုဘာလအတွင်းက လူအသေအဆုံးများသည့် ငလျင်ဒဏ်ကြောင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေဆဲ အရပ်ဒေသလည်း ဖြစ်သည်။

ငလျင်ဗဟိုနှင့် နီးကပ်ရာ ပါဒါဒါအရပ်တွင် ဈေးအဆောက်အအုံတစ်လုံး ကြီးကြီးမားမား ပြိုကျပျက်စီး၍ ကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိနေသည်ဟု ရဲက ပြောသည်။

ငလျင်ဗဟိုသည် ဒါဗာအိုမြို့မှ ၅၅ မိုင်အကွာခန့်၌ ဗဟိုပြု လှုပ်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ရုံးရဲ့ နံရံတွေ အက်ကွဲကုန်တယ်။ လှေကားတွေလည်း ပြိုကျတာကြောင့် ရုံးကို အသုံးမပြုနိုင်တော့ဘူး။”ဟု ဌာနေရဲဌာန ပြောခွင့်ရသူတစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ ပြောသည်။

လျှပ်စစ်မီးနှင့် ရေပေးဝေမှုများလည်း ပြတ်တောက်လျက် ရှိသည်။

အောက်တိုဘာလအတွင်းက မန်ဒါနာအိုကျွန်းက ယခု အရပ်ဒေသတွင်ပင် ပြင်းအား ရစ်ချ်တာစကေး ၆ ဒသမ ၀ အဆင့်ရှိ ငလျင်လှုပ်ခဲ့ရာ လူ နှစ်ဒါဇင်ခန့်သေဆုံးပြီး အဆောက်အအုံများစွာ ပြိုကျပျက်စီးခဲ့ရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly