လူမှုကွန်ရက် စာမျက်နှာများပေါ်ရှိ သတင်းအမှားများကြောင့် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို ထိခိုက်နိုင်

လူမှုကွန်ရက် စာမျက်နှာများပေါ်ရှိ သတင်းအမှားများကြောင့် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို ထိခိုက်နိုင်
ဓာတ်ပုံ - ဟိန်းသက်ဦး

ရန်ကုန်၊ ဒီဇင်ဘာ ၁၅။         ။ ဆိုရှယ်လူမှုကွန်ရက် စာမျက်နှာများပေါ်ရှိ သတင်းအချက်အလက်မှားများကြောင့် ၂၀၂၀ ခုနှစ် အတွင်း ကျင်းပပြုလုပ်မည့်  အထွေထွေ ရွေးကောက်ပွဲတွင် ပါတီများ၏  မဲဆွယ်စည်းရုံးရေး လုပ်ငန်းများအပေါ် ထိခိုက်လာနိုင်မည်ဟု သုံးသပ်မှုများ ရှိနေသည်။

ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ မှ သတင်းမီဒီယာ နှင့် အနာဂတ် ဆွေးနွေးပွဲကို  ဒီဇင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်မြို့၊ House of Orchid တွင်   ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲတွင် သတင်းမီဒီယာ အခွင့် အရေးများ၊ နည်းဥပဒေ ကျင့်ဝတ် နှင့် ဆိုရှယ်မီဒီယာများပေါ်တွင်  ပျံ့နှံ့လျက်ရှိသည့် သတင်းအမှားများနှင့် ပတ်သက်ပြီး  သက်ဆိုင်ရာ နယ်ပယ်အသီးသီးရွိ ပုဂ္ဂိုလ်များက ဆွေးနွေးခဲ့ကြသည်။

“မီဒီယာရဲ့ သက်ရောက်မှုက အရမ်းပြင်းထန်လာတဲ့အတွက် သတင်းမှားတွေ၊ သတင်းတုတွေက ပါတီတွေရဲ့နိုင်ငံရေး အပေါ် အများကြီး လွှမ်းမိုးလာနိုင်တယ်။ အလားတူဘဲ သတင်းမီဒီယာကို အလွဲသုံးခြင်းအားဖြင့်လည်း ရွေးကောက်ပွဲ ယှဉ်ပြိုင်ကြမယ့် ပါတီတွေ အနေနဲ့ အားသာမှု တစ်ခုလို ဖြစ်လာနိုင်တယ်။ ဒါကြောင့် ငွေအင်အား အားကောင်းတဲ့ ပါတီတွေ အနေနဲ ့ မီဒီယာ ကို ပိုအသုံးချနေတာကို ပွင့်လင်းမြင်သာစွာ တွေ့နေရပါတယ်။ မြန်မာနိုင်ငံမှာ မျှခြေညီတဲ့ မီဒီယာတွေ လိုအပ်ပြီး အဓိက နိုင်ငံရေး အလှည့်အပြောင်းတွေ မှာ အဓိကကျနေတာက မီဒီယာဘဲ ဖြစ်နေတယ်” ဟု  ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ မှ ရန်ကုန်တိုင်းဒေသကြီး ယာယီစည်းရုံးရေး တာဝန်ခံ ဖြစ်သူ ဦးတင်မောင်ဦး မှ ပြောသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရှိ ဆိုရှယ်လူမှုကွန်ရက်စာမျက်နှာ အသုံးပြုသူများ အနေဖြင့်  သတင်းအချက်အလက်မှားများကို စီစစ်ခြင်း မရှိဘဲ တစ်ဦး နှင့် တစ်ဦး ဖြန့်ဝေခြင်း၊ အမုန်းစကားများ ဖန်တီးပြောဆိုခြင်း နှင့် တရားဝင် သတင်းဌာနများ မှ မဟုတ်ဘဲ အချက်အလက်လွဲမှားနေသော သတင်းများကို ရေးသားဖော်ပြနေသည့်  သတင်းစာမျက်နှာများ မှ တစ်ဆင့် ပြည်သူများ၏  အသိအမြင် လွဲမှားလာနိုင်သည့်အတွက် ၂၀၂၀ ခုနှစ် တွင် ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး ပါတီများ အနေဖြင့်  သတင်းအချက်အလက်မှားမျးအပေါ်  အချိန်နှင့် တပြေးညီ သတင်းအချက်အလက်မှန်များအား ထုတ်ပြန်ပေးနိုင်ရေး လိုအပ်ကြောင်း ဆွေးနွေးပြောဆိုခဲ့ကြသည်။

“ပါတီတစ်ခုပေါ်လာရင် နိုင်ငံရေး ပါတီ အသီးသီးရော အဖွဲ့အစည်း အသီးသီးရော က ပါတီရဲ့ ခေါင်းဆောင် နဲ့ ပုံရိပ်တွေကို ထိုးနှက်ကြတာတွေ ရှိတယ်။ ဒါတွေကို ဖြေရှင်းနိုင်ဖို့အတွက်က ပါတီတွေ မဲဆွယ်စည်းရုံးရေးဆင်းတဲ့ အချိန်ရောက်မှ ထိုးနှက်တာကို ခံနေတာထက် ရွေးကောက်ပွဲ ကာလအကြိုမှာထဲက တုံ့ပြန်နိုင်ဖို့ ပြင်ဆင်ထားသင့်တယ်။ ရွေးကောက်ပွဲ ကာလနီးမှ မီဒီယာ အားသုံးရင် ထောက်ခံမှု က အားနည်းနိုင်တဲ့အတွက် ပါတီအနေနဲ့ သတင်းမှားတွေ၊ သတင်းတုတွေ ကို စတင်ဖြေရှင်းနိုင်ဖို့ စီစဉ်ထားတယ်” လို့ ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ မှ တိုင်းစည်းရုံးရေး တာဝန်ခံ ဖြစ်သူ ဦးတင်မောင်ဦး မှ ဆက်လက် ပြောကြားခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံတွင်  အဓိက သုံးစွဲမှုများပြားသည့် Facebook လူမှုကွန်ရက်စာမျက်နှာကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလကုန် အထိ စာရင်းအရ ၂၂ သန်းကျော် အသုံးပြုနေပြီး ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ အမုန်းစကား ဖြန့်ချိမှုများ နှင့် သွေးထိုးလှုံ့ဆော်မှုများ ဖြစ်ပွားစေနိုင်မည့်  အကောင့်များ၊ စာမျက်နှာများကို တင်းကျပ်စွာ စစ်ဆေးသွားမည်ဟု လူမှုကွန်ရက်စာမျက်နှာ Facebook ကုမ္ပဏီက ထုတ်ပြန်ထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly