အောင်ရဲထွေး သေဆုံးမှုကို အပြင်းအထန်နာကျင်စေမှု ပုဒ်မ ပြောင်းလဲ မှုအပေါ် ဥပဒေပညာရှင်များ ဝေဖန်

အောင်ရဲထွေး သေဆုံးမှုကို အပြင်းအထန်နာကျင်စေမှု ပုဒ်မ ပြောင်းလဲ မှုအပေါ် ဥပဒေပညာရှင်များ ဝေဖန်
ဓာတ်ပုံ - သူရ(မဇ္ဈိမ)

ဒီဇင်ဘာ ၁၅။             ။ ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှု နှင့်ပတ်သက်ပြီး အရှေ့ပိုင်းခရိုင်တရားရုံးက လူသတ်မှုပုဒ်မ ဖြင့် စွဲချက်တင် စစ်ဆေးနေသည့် အမျိုးသားသုံးဦး ကို အပြင်းအထန်နာကျင်စေမှု ရာဇတ် သတ်ကြီး ပုဒ်မ ၃၂၅ ဖြင့် ပြောင်းလဲပြီး စွဲချက်တင် စစ်ဆေးရန် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှ အမိန့်ချမှတ်မှုကို တရားလွှတ်တော်ရှေ့နေများ နှင့် ဥပဒေအကြံပေးအချို့က ဝေဖန်ကြသည်။

"အမှုစစ် ကသိန်း ၃၀ လဘ်စားလို့ အဂတိကတရားစွဲလို့ တရားရုံးမှာရင်ဆိုင်နေရတယ်။အဲဒီအမူစစ် တည်ဆောက်ထားတဲ့အမူ ကိုပဲ ဥပဒေရုံးက လက်ခံအသိအမှတ်ပြုပြီးဆက်စစ်ေနတယ်။အဲဒါကမှားနေတာ လဘ်စား ထားတဲ့အမှုစစ် တည်ဆောက်ထားတဲ့ အမှု က ဘယ်လိုလုပ်ကောင်းနိုင်မှာလဲ အဲဒါကိုရှေနေချုပ်ရုံး ဥပဒေရုံးတို့ကိုအကြံပေးပါတယ်။ အပြီးသတ်လွတ်သွားမှ လွတ်အောင်တည်ဆောက်ထားတဲ့အမှု ဆိုတာ သေချာသိလျှက်နဲ့ ထပ်မစစ်ပါနဲ့။  အမှုကို ပြန်လည်ရုပ်သိမ်းလိုက်ပါ ဥပဒေအချက်အလက်အရ စွဲချက်မတင်မှီ လွတ်တာမို့ရုပ်သိမ်းလို့ရပါတယ်။ အမှုစစ်အသစ်နဲ့ အမှုကိုပြန်လည်တည်ဆောက်ပြီး တရားစွဲပါလို့ အကြိမ်ကြိမ် အကြံပေးခဲ့ပါတယ် " ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

ယင်းအမှုတွင် တရားစွဲဆိုခံထားရသည့် သန်းထွဋ်အောင်(ခ)သားကြီး ၊ ပြည့်ဖြိုးအောင်(ခ)အောင်လေး နှင့် ကျော်ဇောဟန်(ခ)ကျော်ဇော တို့သုံးဦး ကို ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဦးဟန်ထူးအပါအဝင် ခြောက်ဦးတို့က အဂတိလိုက်စားပြီး အမှုရုပ်သိမ်းပေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဒုတိယအကြိမ်မြောက် ပြန်လည်ဖမ်းဆီး ပြီး ခရိုင်တရားရုံးမှ စစ်ဆေးနေစဉ် တရားစွဲဆိုခံထားရသူ သုံးဦးတို့ က တိုင်းတရားလွှတ်တော်သို့ ပြင် ဆက်ချက်လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

" သေစေခြင်းကို ဖြစ်စေရတဲ့ကိရိယာက ရန်မှုတဲ့အခါမှာ လက်နက်အဖြစ် အသုံးပြုလို့ရတဲ့ ကိရိယာဟုတ်မဟုတ်ကြည့်ရပါမယ်။ ပြင်ပမှာ ဖြစ်နေတာက အုပ်စုနဲ့ ဖြစ်ရင် လူသတ်မှုမမြောက်ဘူး အပြင်းအထန်နာကျင်စေမှု သာ ဖြစ်တယ်။ထောင်ဒဏ် ၇ နှစ်အထိသာချမှတ်နိုင်တဲ့ပုဒ်မ ၃၂၅ ဖြစ်တယ်လို့ ဝေဖန်မှုကမြင့်တတ်ေနတယ်။ မူလရုံးပညာရှိတရားသူကြီးက ၃၀၂ ပုဒ်မခွဲ၂ နဲ့ အရေးယူတယ်၊စွဲချက်တင်တယ်။ တိုင်းတရားလွှတ်တော်က ပညာ ရှိတရားသူကြီးက သူရဲ့ဆင်ခြင်တုန် တရား က ဘယ်အပေါ်မှာ အခြေခံလဲဆိုတာ မသိဘူး " ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် က မှတ်ချက်ပြုသည်။

မူလတရားရုံး(အရှေ့ပိုင်းခရိုင်တရားရုံး)  က သန်းထွဋ်အောင်(ခ)သားကြီး ၊ ပြည့်ဖြိုးအောင်(ခ) အောင်လေး တို့က သေဆုံးသူ အောင်ရဲထွေးကို လက်သီးဖြင့်ထိုးခြင်း ၊ခြေထောက်နှင့်ကန်ခြင်း ၊ ဗော်ကာပုလင်းခွံဖြင့် ရိုက်နှိက် ခြင်းတို့ကြောင့် သေဆုံးစေသည့်ဟု ဆိုကာ လူသတ်မှု ပုဒ်မ ၃၀၂(၂)၊  ကျော်ဇောဟန်(ခ)ကျော်ဇော ကို  ယင်းအမျိုးသားနှစ်ဦး ပြစ်မှုကျုးလွန်ရန် အားပေးကူညီသည်ဟု ဆိုကာ လူသတ်ရန်အားပေးကူညီမှုပုဒ်မ ၃၀၂(၂) / ၁၁၄ တို့ဖြင့် ဇန်နဝါရီလ ၇ ရက်နေ့တွင်စွဲချက်တင်ခဲ့သည့် အမှု ဖြစ်သည်။

 " နိုင်ငံတော်တရားလိုဘက်က မိမိတည်ဆောက်ထားတဲ့အမှုသည် လူသတ်မှုတစ်ခုကို တည်ဆောက်တဲ့အခါမှာ တိတိကျကျသက်သေပြပြီး ပြည့်ပြည့်စုံစုံတရားစွဲဆို ဖို့တာဝန်ရှိပါတယ်။ အခုလူသတ်မူ တစ်ခုဖြစ်သွားလို့ ထင် ရှားလျှက်နဲ့ အဲဒီလူသတ်မူက ဒီလိုစွဲချက် ၃၂၅ / ၁၁၄ နဲ့ တင်တာက နိုင်ငံတော် တရားလိုဘက်ကကြည့်မယ်ဆိုရင် ဘယ်လိုမှမဖြစ်သင့်တဲ့ အတွက် နောက်တစ်ဆင့် တက်မတက်ဆိုတာက ဆက်လက်စောင့်ကြည့်ရအုန်းမှပါ " ဟု စီးပွားရေးနှင့်ဥပဒေ အကြံပေး ဖြစ်သူ ဦးတင်သန်းဦး က ပြောသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၁၇ ဒီဇင်ဘာလ ၃၁ရက်နေ့ ညပိုင်း က The One Entertainment Park တွင်ပြုလုပ်သည့်ဖျော်ဖြေပွဲတစ်ခုတွင်အောင်ရဲထွေးကိုလူတစုကဝိုင်းဝန်းထိုးကြိတ်ကန်ကြောက်ခဲ့မှုကြောင့်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သဖြင့် ဆေးဝါးကုသနေချိန်  ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ တွင် ကွယ်လွန်သွားခဲ့ ခြင်းဖြစ်သည်။

"အတွေ့အကြုံအရပြောမယ်ဆို အမှုစစ်ရဲအရာရှိကောင်းဖို့လိုတယ်။ ဥပဒေအရာရှိက စေစေစပ်စပ်စစ်ဖို့လို့တယ်။ CCTV မှတ်တမ်းရှိမယ်။ သက်သေတွေ အကုန်ပြည့်ပြည့်စုံစုံစစ်မယ်။ ခိုင်လုံတယ်ဆိုမှ ဘယ်သူက ဘယ်ဒဏ် ရာကိုရိုက်လဲ ၊ဘယ်သူ က ဘယ်ဒဏ်ရာကိုလုပ်လဲ ဆိုတာပေါ်ပေါက်ရင်  တရားသူကြီးက ခွဲခြားပြီး အပြစ်ပေးလို့ရတယ်။ အကုန်လုံးဝိုင်းရိုက်ပြီး ဘယ်ဒဏ်ရာက ဘယ်သူမှန်းမသိဘူး။ ရိုက်တဲ့လူကတော့သိတယ်။

ဘယ်ဒဏ်ရာကဘယ်သူက လုပ်တယ် ဆိုတာ မသိတဲ့ အခါကြတော့ တရားသူကြီးအနေနဲ့ က အထင်အမြင်နဲ့ ချခွင့်မရှိပါဘူး။ အဲလိုမျိုးတော့ရှိပါတယ် "  ဟု အမှုစစ်အရာရှိ အရေးကြီးကြောင်းကို တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုး က ပြောသည်။

အောင်ရဲထွေးသေဆုံးမှုအတွက် အမှုကိုအရှေ့ပိုင်းခရိုင် တရားရုံးမှ ခြောက်လဝန်းကျင်ခန့်စစ်ဆေးပြီး ချိန်တွင် ရာဇဝတ်မှုကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၄(က) အရ အမှုရုပ်သိမ်းကြောင်း ကိုဇူလိုင်လ ၂၅ ရက်နေ့က အမိန့်ချခဲ့ ကြောင်းနှင့် ဖမ်းဆီးထားသည့် သံသယ တရားခံသုံးဦးကို စွဲချက်မတင်ခင် ပြန်လည်လွှတ်ပေးခဲ့သေကြောင့်  ပြည်သူလူထူမှ ဝေဖန်မှုမြင့်တတ်ခဲ့ရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က အောင်ရဲထွေးအမှု နှင့်ပတ်သက်သည့် အကြောင်းအရာများ ကို တိတိကျကျ စိစစ်ကာ ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးရန် ညွှန်ကြားခဲ့ရသည့်အမှု ဖြစ်သည်။

ယခုတစ်ကြိမ်တွင်မှု  မူလတရားရုံး(အရှေ့ပိုင်းခရိုင်) ၏ လူသတ်မှုဖြင့်စွဲချက်ခြင့် အမိန့်ချထားခြင်း ကို ပယ်ဖျက်ပေးရန် လျှောက်ထားမှုအပေါ် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်က မူလတရားရုံးအမိန့်ကို ပယ်  ဖျက်ပြီး အပြင်းအထန်နာကျင်စေမှုဖြင့် စွဲချက်တင်ကြောင်း အမိန့်ချခြင်းအပေါ် ဥပဒေပညာရှင်များ အပါအဝင် ပြည်သူလူထုက  လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပြင်းပြင်းထန်ထန်ဝေဖန် နေကြသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly