အမေရိကန် ဒေါ်လာ ၇၆ သန်း ရင်းနှီး မြှုပ်နှံမည့် ရေချို ပေးဝေရေး စီမံကိန်း မြိတ်တွင် အကောင်အထည်ဖော်မည်

အမေရိကန် ဒေါ်လာ ၇၆ သန်း ရင်းနှီး မြှုပ်နှံမည့် ရေချို ပေးဝေရေး စီမံကိန်း မြိတ်တွင် အကောင်အထည်ဖော်မည်
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ ဒီဇင်ဘာ (၁၅)။          ။ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ထိုင်းကုမ္ပဏီနှင့် မြိတ်အများပိုင်တို့  အကျိုးတူ ပူးပေါင်းကာ အမေရိကန် ဒေါ်လာ ၇၆ သန်း ရင်းနှီးမြှုပ်နှံမည့် ရေချို ပေးဝေရေးစီမံကိန်းတစ်ခုကို လုပ် ဆောင်မည်ဖြစ်ကြောင်း သိရသည်။

 မြိတ်ဒေသသည် မြေအောက် ရေများကို အလွန်အကျွံ ထုတ်ယူသုံးစွဲနေသဖြင့် ပွင့်လင်းရာသီတွင် သောက်သုံးရေရှားပါးခြင်းနှင့် အဝီစိတွင်းများတွင် ဆားငန်ရေ ဝင်ရောက်ခြင်းများ ကြုံတွေ့နေရ၍ ရေချို ပေးဝေနိုင်မည့် စီမံကိန်းကို ပြုလုပ်ရန် စီစဉ်ခြင်းဖြစ်သည်။

အဆိုပါ စီမံကိန်းမှာ မြို့နေ လူထူများအနေဖြင့် အနာဂတ်တွင် သောက်သုံးရေအတွက် ကျန်းမာရေးနှင့် ညီညွတ်ပြီး အလုံအလောက် အသုံးပြုနိုင်ရေးအတွက် ရည်ရွယ်၍ မြိတ် အများပိုင်ကော်ပိုရေးရှင်ကုမ္ပဏီနှင့် ထိုင်းနိုင်ငံ BRIGHT BLUE WATER ကုမ္ပဏီတို့က ပူးပေါင်း အကောင်အထည်ဖော်မည်ဖြစ်သည်။

“ဒီ ရေချို ပေးဝေနိုင်မယ့် စီမံကိန်းကြီးကို အကောင်အထည်ဖော်ဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ MOU စာချုပ်ချုပ်ဆိုထားပြီးဖြစ်ပါတယ်၊ အခု စူးစမ်း လေ့လာမှုတွေ စတင်နေပြီး ဖြစ်တယ်။”ဟု မြိတ် အများပိုင်ကော်ပိုရေးရှင်း ကုမ္ပဏီလီမိတက်မှ တွဲဖက်မန်နေဂျင်း ဒါရိုက်တာ ဦးအောင်ချိန်က ပြောသည်။

အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ ယခုလအတွင်း မြိတ်မြို့တွင် ကျင်းပပြုလုပ်ခဲ့သော ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ပွဲ၌ မြိတ် အများပိုင်ကော်ပိုရေးရှင်းနှင့် ထိုင်းကုမ္ပဏီတို့ MOU ရေးထိုးခဲ့ကြောင်း သိရသည်။

“အခု ဒီစီမံကိန်းကြီးကို အကောင်အထည်ဖော်ပြီးသွားရင်တော့ မြိတ်မြို့မှာ လက်ရှိ ပေးဝေနေတဲ့ ရေမီတာ ယူနစ်ထက် စျေးနှုန်းသက်သာအောင် ဖြန့်ဝေပေးနိုင်မှာဖြစ်တယ်။”လို့ ဦးအောင်ချိန်က ပြောကြား သည်။

လက်ရှိတွင် မြိတ်မြို့၌ ရေအသုံးပြုခ တစ်ယူနစ်လျှင် ကျပ် ၁၄၀၀ မှ ကျပ် ၁၅၀၀ ကြားပေးဆောင်နေရပြီး ပုံမှန်မိသားစုတစ်စု၏ တစ်လရေအသုံးပြုခ ခန့်မှန်းကုန်ကျငွေမှာ ကျပ်တစ်သောင်းမှ ကျပ်တစ်သောင်းခွဲခန့်အထိ ကုန်ကျနေသည်။

အဆိုပါ ရေချိုပေးဝေရေးစီမံကိန်းကို  မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ တနင်္သာရီမြစ်ရေအား စုတ်ယူ၍ ပိုက်လှိုင်းများဖြင့် သွယ်တန်းကာ အဆင့်ဆင့် ရေသန့်စင်ကန်များ ပြုလုပ်၍  မြိတ်မြို့ တမြို့လုံးကို ဖြန့်ဝေမည့်အပြင် အလုပ်ရုံ စက်ရုံများ၊ ရေခဲ စက်ရုံများ၊ ငါးဖမ်း လှေများကိုပါ ဖြန့်ဝေပေးရန် ရည်ရွယ်ထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required