ရီးယဲလ်မက်ဒရစ်က ကလက်စီကိုအကြောင်း တွေးတောမနေပါဘူး - ဇီဒန်း

ရီးယဲလ်မက်ဒရစ်က ကလက်စီကိုအကြောင်း တွေးတောမနေပါဘူး - ဇီဒန်း
Photos: EPA

ရီးယဲလ်မက်ဒရစ်ဟာ ပုံစံကောင်းရနေတဲ့ ဗလင်စီယာနဲ့ တနင်္ဂနွေနေ့ လာလီဂါမှာကစားရတဲ့အခါမှာတော့ လာမယ့် ကလက်စီကိုပွဲစဉ်ကြောင့် အာရုံပျံ့လွင့်စေနိုင်တယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေကို ဇီဒန်းက ပယ်ချလိုက်ပါတယ်။

‘အယ်လ်ကလက်စီကို’ရွှေ့ဆိုင်းပွဲစဉ်အတွက် ရဲနဲ့ လုံခြုံရေး အယောက် (၃,၀၀၀) ဖြန့်ကျက်ထားမည်

မက်ဒရစ်ဟာ ဇယားထိပ်ဆုံးမှာ ဘယ်အသင်းက ရပ်တည်နိုင်မလဲဆိုတာကို နူးကမ့်မှာ ဘာစီလိုနာအသင်းနဲ့ အဆုံးအဖြတ်ပေးမယ့် ပွဲစဉ်မတိုင်ခင် (၃)ရက်သာအလိုမှာ မက်စ်တဲလားကွင်းမှာ ခက်ခဲတဲ့ ပွဲတစ်ပွဲကို ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

ဒါပေမယ့် အင်္ဂါနေ့က ချန်ပီယံလိဂ်မှာ အေဂျက်စ်ကို အဝေးကွင်းမှာ အနိုင်ယူခဲ့တဲ့ ပွဲအပါအဝင် (၃)ပွဲဆက်တိုက် နိုင်ပွဲရယူထားတဲ့ ဗလင်စီယာအသင်းကို ဇီဒန်းရဲ့ အသင်းအနေနဲ့ လျှော့တွက်လို့ မရနိုင်တာလည်းဖြစ်ပါတယ်။

ဗလင်စီယာအသင်းဟာ လက်ရှိအမှတ်ပေးဇယားရဲ့ အဆင့် (၈)မှာ ရပ်တည်နေပြီး ဘာစီလိုနာနဲ့ မက်ဒရစ်တို့ကတော့ အဆင့် (၁)နဲ့ (၂)နေရာမှာ အသီးသီးရှိနေပါတယ်။

စနေနေ့က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ကလက်စီကိုနဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ ဇီဒန်းက"ကျနော် ဒီအကြောင်းကို တွေးတော မနေပါဘူး။ ကျနော်အပါအဝင် ကလပ်မှာ အတူ အလုပ်လုပ်နေကြတဲ့ အယောက်တိုင်းက မနက်ဖြန်ပွဲကိုပဲ စိတ်ဝင်စားကြတာပါ။ ကျနော်တို့ရဲ့ တစ်ခုတည်းသော စိုးရိမ်ပူပန်မှုက မနက်ဖြန်ရဲ့ ပွဲပါ။"လို့ ဖြေကြားသွားပါတယ်။

သူက ဗလင်စီယာနဲ့ပွဲအတွက်လည်း ပြောကြားရာမှာ "သူတို့နဲ့ ကစားဖို့က မှားယွင်းတဲ့ အချိန်လား၊ အသင့်တော်ဆုံး အချိန်လားဆိုတာ ကျနော် မသိပါဘူး။ ဒီတော့ မနက်ဖြန်မှာ ကစားရမယ့် ဗလင်စီယာအသင်းက လတ်တလောမှာ ကောင်းကောင်း ကစားနိုင်နေပါတယ်။ ချန်ပီယံလိဂ်မှာလည်း နောက်တဆင့်ကို တက်ရောက်နိုင်ထားပါတယ်။ သူတို့ဟာ ဂုဏ်သိက္ခာရှိတဲ့ အသင်းတစ်သင်းဆိုတာ ကျနော်တို့ သိထားပါတယ်။ ဒါပေမယ့် ကျနော်တို့လည်း ဒီစိန်ခေါ်မှုကို ရင်ဆိုင်ဖို့နဲ့ အလွန်ကောင်းတဲ့ပွဲတစ်ပွဲကို ကစားဖို့ အဆင့်သင့်ပါပဲ။"

လာလီဂါရဲ့ ခရစ္စမတ်ကာလအနားပေးချိန်မတိုင်ခင် ရီးယဲလ်မက်ဒရစ်ဟာ ဘာစီလိုနာနဲ့ ပွဲအပြီးမှာ အိမ်ကွင်းမှာ ဘီလ်ဘာအိုအသင်းနဲ့ ဆက်တိုက်ယှဉ်ပြိုင်ရမှာမို့ မက်ဒရစ်တို့အတွက် ခက်ခဲတဲ့ ရက်သတ္တပတ်တစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly