အငြင်းပွားဖွယ် နိုင်ငံသား ဥပဒေကြောင့် အိန္ဒိယတွင် ဆန္ဒပြမှုများ ပိုမိုကြီးထွားလာ

အငြင်းပွားဖွယ် နိုင်ငံသား ဥပဒေကြောင့် အိန္ဒိယတွင် ဆန္ဒပြမှုများ ပိုမိုကြီးထွားလာ

ဒီဇင်ဘာ ၁၄ ။         ။ အိန္ဒိယတွင် အငြင်းပွားဖွယ် နိုင်ငံသားဥပဒေတစ်ရပ်ကြောင့် တင်းမာမှုများ အရှိန်မြင့်တက်ကာ ဆန္ဒပြမှုများလည်း ကြီးထွားလာလျက် ရှိသည်။

နိုင်ငံအတွင်း ရွှေ့ပြောင်းဝင်ရောက်သူများတွင် မွတ်စလင်မဟုတ်သူများအား နိုင်ငံသားဖြစ်ခွင့်ပေးသည့် နိုင်ငံသားဥပဒေပြင်ဆင်ချက်ကို လွှတ်တော်တွင် အတည်ပြုလိုက်ခြင်း ဖြစ်သည်။

ထို့အတွက် နိုင်ငံတွင်း ဆန္ဒပြမှုများ ပေါ်ပေါက်နေသကဲ့သို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ဘင်္ဂလားဒေ့ရှ်မှ အဆင့်မြင့်ကိုယ်စားလှယ်များ အိန္ဒိယသို့ လာရောက်ရန် အစီအစဉ်များကို ပယ်ဖျက်ပြီး ကန့်ကွက်ခဲ့သည်။

အာဖဂန်နစ္စတန်၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ရွှေ့ပြောင်းဝင်ရောက်သူများတွင် ဟိန္ဒူ၊ ဆစ်၊ ဗုဒ္ဓဘာသာ၊ ဂျိမ်းဘာသာနှင့် ခရစ်ယာန်ဘာသာများအား နိုင်ငံသားဖြစ်ခွင့်ပေးသည့် ဥပဒေပြင်ဆင်ချက်ကို ကြေညာလိုက်ပြီးနောက်ပိုင်း ဒီဇင်ဘာ ၉ ရက်တွင် လူမှုမီဒီယာများ၌ တင်းမာမှုများ စတင်ပေါ်ပေါက်လာခဲ့သည်။

ယင်းဥပဒေသည် အိန္ဒိယ လူဦးရေ၏ ၁၄ ရာခိုင်နှုန်းရှိသော မွတ်စလင်လူနည်းစုကို ခွဲခြားဆက်ဆံလိုက်ခြင်း ဖြစ်ကြောင်း ဝေဖန်သံများ ပေါ်ထွက်ခဲ့သည်။

အဆိုပါ အဆိုပြုလာသော ဥပဒေပြင်ဆင်ချက်ကို ဒီဇင်ဘာ ၁၁ ရက်၌ လွှတ်တော်တွင် အတည်ပြုလိုက်ခြင်းပင် ဖြစ်သည်။

မြို့တော် နယူးဒေလီတွင် ဂျာမီယာ မီလီယာ အစ္စလာမ်တက္ကသိုလ်မှ ကျောင်းသားရာပေါင်းများစွာ ပါဝင်သည့် ဆန္ဒပြပွဲကို ရဲက မျက်ရည်ယိုဓာတ်ငွေ့များနှင့် နံပါတ်တုတ်များဖြင့် နှိမ်နင်းသည်။

ကိုလ်ကတ္တား၊ ဘန်ဂေါစသည့် မြို့များအပါအဝင် ဒေသအချို့တွင်လည်း ဆန္ဒပြမှုများ ဖြစ်ပွားပေါ်ပေါက်လျက် ရှိနေသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly