ပြင်သစ်တွင် ဘတ်စ်ကားနှင့် ထရပ်ကားတိုက်မိရာမှ အနည်းဆုံးလူ ၄၂ ဦးသေဆုံး

ပြင်သစ်တွင် ဘတ်စ်ကားနှင့် ထရပ်ကားတိုက်မိရာမှ အနည်းဆုံးလူ ၄၂ ဦးသေဆုံး

ဘော်ဒိုး၊ အောက်တိုဘာ၂၃ ။         ။ အောက်တိုဘာ၂၃က ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းတွင် အဝေးပြေးဘတ်စ်ကားတစ်စင်းနှင့် ကုန်တင်ကားတစ်စင်းတို့ တိုက်မိခဲ့ရာ မီးလောင်မှုများဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ ၄၂ဦးသေဆုံးခဲ့သည်။ ၎င်းဖြစ်ရပ်မှာ ဆယ်စုနှစ် သုံးနှစ်အတွင်း အဆိုးဝါးဆုံးလမ်းမတော်တဆမှုဖြစ်သည်ဟု အရာရှိများက ပြောကြားခဲ့သည်။

သေဆုံးသူအများအပြားမှာ မီးလောင်မှုကြောင့်သေဆုံးခဲ့သည်ဟု ယူဆရပြီး ကုန်တင်ကားမောင်းသူလည်း သေဆုံးခဲ့သည်ဟု မီးသတ်အရာရှိများနှင့် ဂီရွန်ဒေး ဒေသရှိအာဏာပိုင်များက ပြောကြားခဲ့သည်။

ယာဉ်မောင်းနှစ်ဦးစလုံးသေဆုံးခဲ့ပြီး ကျန်သေဆုံးသူများမှာ ဘတ်စ်ကားပေါ်မှ ခရီးသည်များဖြစ်သည်ဟု အရာရှိများက ပြောသည်။ ခရီးသည်များမှာ အသက်ကြီးသူများဖြစ်သည်ဆိုသည်။

ဘတ်စ်ကားမှာ လုံးဝမီးလောင်ကျွမ်းနေကြောင်း ပြင်သစ်၏ i-Tele TV ရုပ်သံက ပြသခဲ့သည်။ ယာဉ်နှစ်စီးမှာ ဘော်ဒိုးမြို့၏ မြောက်ဘက် ပွတ်ဆေဂွင်ကျေးရွာအနီး ခေါင်းချင်းဆိုင်တိုက်ခဲ့သည်။

ယာဉ်တိုက်မှုဖြစ်သော နေရာမှာ အန္တရာယ်ကြီးသည်ဟု သိရှိထားသော အချိုးအကွေ့တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ရုပ်သံသို့ ပြောကြားခဲ့သည်။ မီးစွဲနေသော ဘတ်စ်ကားမှ လူငါးဦးသာ လွတ်မြောက်လာခဲ့သည်ဟုသိရသည်။ အခင်းဖြစ်ပွားရာသို့ ဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးနှင့် ပို့ဆောင်ရေးဝန်ကြီးတို့ သွားရောက်နေသည်ဟု ပို့ဆောင်ရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ခဲ့သည်။

၁၉၈၂ခုနှစ် သြဂုတ်လက ပြင်သစ်အရှေ့ပိုင်း ကုတ်ဒီအော်ဒေသတွင် ကားများစုပြုံတိုက်မှုတစ်ခု၌ လူ ၅၃ဦးသေဆုံးခဲ့ရာ ၄၄ဦးမှာ ကလေးများဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly