ဘူးသီးတောင် NLD ဉက္ကဋ္ဌအားကောင်းမွန်စွာထိန်းသိမ်းထားဟု AA ဆို

ဘူးသီးတောင် NLD ဉက္ကဋ္ဌအားကောင်းမွန်စွာထိန်းသိမ်းထားဟု AA ဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၃။           ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ဘူးသီးတောင်မြို့နယ် ဉက္ကဋ္ဌဖြစ်သူ ဦးရဲသိန်းအား စစ်ဆေးမေးမြန်းရန်အတွက် ကောင်းမွန်စွာ ထိန်းသိမ်းထားသည်ဟု ရက္ခိုင့်တပ် (AA) ပြန်ကြားရေးတာဝန်ရှိသူ ဦးခိုင်သုခကပြောသည်။

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် သွားရောက်တရားရင်ဆိုင်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အား ထောက်ခံပွဲကို ဒီဇင်ဘာ ၁၂ ရက်နေ့တွင်ပြုလုပ်ရန် ဦးရဲသိန်းက ဦးဆောင်စီစဉ်နေစဉ် ပွဲကျင်းပရန် တစ်ရက်အလို ဒီဇင်ဘာ ၁၁ ရက်နေ့တွင် အဆက်အသွယ်ပျက်ကာ ပျောက်ဆုံးခဲ့ခြင်းလည်းဖြစ်သည်။

“ ဘူးသီး‌တောင် NLD ဉက္ကဋ္ဌကိုတော့ ကျွန်တော်တို့ မေးမြန်းစရာလေးတွေရှိတဲ့အတွက်ကြောင့်မို့လို့ ထိန်းသိမ်းထားတာရှိတယ်။ အခုလော လောဆယ်တော့ ကောင်းကောင်းမွန်မွန်ပဲ ထိန်းသိမ်းထားတာပေါ့နော်”ဟု ဦးခိုင်သုခကပြောသည်။

မည်သည့်အကြောင်းအရာများကို မေးမြန်းရန် ဖမ်းဆီးထိန်းသိမ်းခဲ့သည်နှင့် မည်သည့်အချိန်တွင် ပြန်လည်လွှတ်ပေးမည်ကိုမှု AA ဘက်မှ ထုတ်ပြန် ပြောဆိုခြင်း မရှိသေးပေ။

ပဋိပက္ခ ဖြစ်ပွားရာ ရခိုင်ပြည်နယ်ရှိ နေရာအချို့တွင် တပ်မတော်ဘက်မှသာမက ရက္ခိုင့်တပ် (AA) ဘက်မှပါ မသင်္ကာသူများကို ဖမ်းဆီးစစ်ဆေး လေ့ရှိသည်။

ရက္ခိုင့်တပ် (AA) အနေဖြင့် ဖမ်းဆီးထားသူများထဲမှ စစ်ဖက်နှင့်မသက်ဆိုင်သူများအားလုံးကို လွှတ်ပေးထားပြီဖြစ် ကြောင်းလည်း ထုတ်ပြန်ထားသည်။

သို့သော်လည်း AA ဘက်မှနေ၍ NLD လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဖြစ်သူ ဦးဝှေ့တင်းအား ဖမ်းဆီးထားသည်မှာလည်း တစ်လကျော်ကြာသည်အထိ ပြန်လည်လွှတ်ပေးခြင်းမျိုးမရှိသေးပေ။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၉ ခုနှစ်ဆန်းပိုင်းမှစတင်ကာ တစ်ကျော့ပြန် ဖြစ်ပေါ်လာသော တိုက်ပွဲများအကြား ထိခိုက်၊ သေဆုံးရသည့် အရပ်သားအရည်အတွက်မှာ ရာဂဏန်းအထိရှိလာခဲ့ပြီလည်းဖြစ်သည်။

ထို့အပြင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိန်းရှောင်လာရသည့် စစ်ဘေးရှောင်ဦးရေမှာလည်း တစ်သိန်းဝန်းကျင်အထိရှိ လာပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required