ကာမလိမ်လည်မှုနှင့် တရားစွဲခံထားရသည့် သရုပ်ဆောင်မိုးအောင်ရင် အာမခံရရှိ

ကာမလိမ်လည်မှုနှင့် တရားစွဲခံထားရသည့် သရုပ်ဆောင်မိုးအောင်ရင် အာမခံရရှိ

ရန်ကုန် ၊ ဒီဇင်ဘာ ၁၃ရက် ။         ။ ကာမလိမ်လည်မှု ရာဇသတ်ကြီးပုဒ်မ ၄၁၇နှင့် ရန်ကင်းမြို့နယ်တရားရုံးတွင် တရားစွဲခံထားရသည့် သရုပ်ဆောင်မိုးအောင်ရင်ကို ဒီဇင်ဘာ ၁၃ရက်နေ့တွင် တရားရုံးက အာမခံပေးခဲ့သည်။

"ဒီနေ့ရုံးချိန်းမှာ စွပ်စွဲခံရတဲ့ မိုးအောင်ရင် ရောက်လာပါတယ်။ ရောက်လာပြီးတော့ အာမခံလျှောက်ထားတဲ့အတွက် တရားရုံးကနေပြီးတော့ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၆အရ ကျပ်သိန်း၁၀၀တန် ခံဝန်သူနှစ်ဦးနဲ့ အချုပ်လွတ်ထုချေခွင့်ပြုခဲ့ပါတယ်" ဟု ရန်ကင်းမြို့နယ် တရားသူကြီး ဦးထွန်းနိုင်ဝင်းက တရားရုံး ပြန်ကြားရေး တာဝန်ရှိသူအဖြစ်  မီဒီယာများကို ပြောသည်။

ထိုအမှုနှင့်ပတ်သက်၍ တစ်ရာ ရာခိုင်နှုန်းယုံကြည်မှုရှိသည်ဟု သရုပ်ဆောင်မိုးအောင်ရင်ကို တရားစွဲဆိုထားသည့် မခင်မြတ်နိုးက ပြောသည်။

"ဒီအမှုက အာမခံရတဲ့အမှုဆိုတော့ ဒီလိုပဲပေးမှာပဲလေ။ ဖြစ်စေချင်တာကတော့ အမှန်တိုင်းပဲဖြစ်စေချင်တာပါ ဒါပါပဲ။  တစ်ရာ ရာခိုင်နှုန်းယုံကြည်မှုရှိတယ်။ ကိုယ်တိုင်ကြုံဖူးမှပဲ သိမှာလေ။ လိုက်ပြီးတော့ ကျွန်မကတော့ ဟိုလိုဖြစ်ပါတယ်။ ဒီလိုဖြစ်ပါတယ်လို့ လိုက်ပြီးတော့ ရှင်းပြလို့လည်း မရဘူး။ ကိုယ်မှန်တာကိုယ်သိတယ်။ ဘုရားသိတယ် ဒါပါပဲ" ဟု မခင်မြတ်နိုးက  ဆိုသည်။

ယနေ့ရုံးချိန်းတွင် သရုပ်ဆောင်မိုးအောင်ရင်သည် တရားရုံးဧရိယာအတွင်းသို့ စတစ်ကာအမဲကပ်ထားသည့် အလုံပိတ်ကားနှင့် လာရောက်ခဲ့ကာ သတင်းမီဒီယာများ၏ မေးမြန်းမှုကို ရှောင်းရှားခဲ့သည်။

"ကျွန်တော်တို့ရုံးရဲ့ မူဝါဒအရကတော့ ဌာနဆိုင်ရာကားတွေ၊ တခြားကျွန်တော်တို့ခွင့်ပြုထားတဲ့ ဧည့်သည်ကားတွေကိုပဲ ဝင်ခွင့်ပြုပါတယ်။ မနက်က တာဝန်ကျတဲ့ဝန်ထမ်းက ကျွန်တော်တို့အထက်ဌာနက ကားထင်ပြီးတော့ သူကဝင်ခွင့်ပြုလိုက်တာ။ အထဲရောက်မှ ကျွန်တော်တို့ကလည်းတွေ့တယ်။ တွေ့တဲ့အခါကျတော့ ဝင်ပြီးသားသူကို ပြန်မောင်းထုတ်ဖို့ကျတော့ ခဲယဉ်းပါတယ်။ ဒါကြောင့် တရားခွင်မှာလည်း တရားဝင် နောက်ရုံးချိန်းမှာ ဝင်ခွင့်မပြုတဲ့အကြောင်းကို သတိပေးလိုက်ပြီးလည်း ဖြစ်ပါတယ်" ဟု  အလုံပိတ်ကားနှင့် တရားရုံးသို့ ဝင်ရောက်မှုအတွက် ရန်ကင်းမြို့နယ် တရားသူကြီး ဦးထွန်းနိုင်ဝင်းက ပြောသည်။

၂၀၂၀ ဇန်နဝါရီ ၁ရက်နေ့တွင် ရုံးချိန်းထပ်မံ ချိန်းဆိုထားကာ အဆိုပါရုံးချိန်းတွင် မှုခင်းစီမံခန့်ခွဲမှု အစီစဉ်အရ မျက်နှာစုံညီ အစည်းအဝေးပြုလုပ်ပြီး အချိန်ကာလသတ်မှတ်၍ အားလုံးသဘောတူညီချက်နှင့် အမှုကို  အပြီးစစ်မည့် အချိန်ကာလအား  ဆုံးဖြတ်ချက်ချမည်ဟု သိရသည်။

သရုပ်ဆောင်မိုးအောင်ရင်အား သူ၏ ရည်းစားဟောင်း ဟုဆိုသည့် မခင်မြတ်နိုးက ရန်ကင်းမြို့နယ်တရားရုံးတွင် နိုဝင်ဘာ ၂၂ရက်နေ့က ကာမလိမ်လည်မှုနှင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly