အမေရိကန် တင်နက်ဆီတက္ကသိုလ်ဝင်းအတွင်း ပစ်ခတ်မှုဖြစ်ပွား တစ်ဦးသေ နှစ်ဦးဒဏ်ရာရ

အမေရိကန် တင်နက်ဆီတက္ကသိုလ်ဝင်းအတွင်း ပစ်ခတ်မှုဖြစ်ပွား တစ်ဦးသေ နှစ်ဦးဒဏ်ရာရ

နက်ရှ်ဗီလီ၊ အောက်တိုဘာ-၂၃ ။              ။ အောက်တိုဘာ ၂၂ရက်နေ့နှောင်းပိုင်းက နက်ရှ်ဗီလီရှိ တင်နက်ဆီပြည်နယ် တက္ကသိုလ်ကျောင်းဝင်းအတွင်း သေနတ်ပစ်မှုဖြစ်ပွားရာ လူတစ်ဦး သေဆုံးခဲ့ပြီး အခြားနှစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်ဟု ရဲက ပြောကြားခဲ့သည်။

ဒေသစံတော်ချိန် ည၁၁နာရီတွင် ဖြစ်ပွားခဲ့သည့် အဆိုပါပစ်ခတ်မှုများမှာ ကျောင်းဝင်းပြင်ပ အံစာတုံးကစားရာတွင် အငြင်းပွားမှုအပေါ် မြစ်ဖျားခံလာပုံရသည်ဟု မက်ထရိုပိုလီတန် နက်ရှ်ဗီလီ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ပါဝင်ပတ်သက်သူများမှာ ကျောင်းသားများ ဟုတ်မဟုတ်ကိုမူ ရဲက ပြောကြားခြင်းမရှိသကဲ့သို့ တရားခံကို ဖမ်းဆီးထိန်းသိမ်းထားသလားဆိုသည်မှုာလည်း မကွဲပြားသေးပေ။

အပစ်ခံရသူ သုံးယောက်စလုံးကို ဗန်ဒါဘေ့ တက္ကသိုလ် ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ဆိုသည်။ လွန်ခဲ့သည့် ရက်သတ္တပတ်ကလည်း တင်နက်ဆီ တက္ကသိုလ်ဝင်းအနီး နေအိမ် ပါတီပွဲကြီးတစ်ခုအတွင်း လူသုံးယောက်မှာ သေနတ်နှင့် အပစ်ခံရပြီး ဒဏ်ရာများ ရရှိသွားခဲ့သည်ဟု ဆိုသည်။

အမေရိကန် ကျောင်းများ၊ တက္ကသိုလ်များတွင် သေနတ်နှင့်အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွားနေချိန်တွင် ယခုပစ်ခတ်မှု ဖြစ်ပွားလာခဲ့ခြင်းပင် ဖြစ်သည်။

အောက်တိုဘာလ ၁ရက်နေ့ကလည်း အော်ရီဂွန်ရှိ အလွတ်ပညာသင်ကောလိပ်တစ်ခုတွင် လက်နက်အပြည့်အစုံနှင့် သေနတ်သမားတစ်ဦးက လူ၉ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ရာ လွန်ခဲ့သည့် နှစ်နှစ်အတွင်း အမေရိကန်တွင် ဒါဇင်နှင့်ချီသည့် အသေအပျောက်အများဆုံး အကြမ်းဖက်မှုများထဲတွင် တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly