ဗိုလ်တထောင်မြို့နယ်အတွင်း သိမ်းဆည်းမြေများအတွက် လျော်ကြေးပေးရန် ၃၂ ကြိမ်မြောက် ဆန္ဒပြ

ဗိုလ်တထောင်မြို့နယ်အတွင်း သိမ်းဆည်းမြေများအတွက် လျော်ကြေးပေးရန် ၃၂ ကြိမ်မြောက် ဆန္ဒပြ
ပုံ - ချမ်းငြိမ်း (မဇ္စျိမ)ဆန္ဒပြအဖွဲ့ ခေါင်းဆောင် ဦးမြင့်အောင်ဆန္ဒပြနေသူများ

ရန်ကုန်၊ ဒီဇင်ဘာ ၁၃။   ။ ဗိုလ်တထောင်မြို့နယ်အတွင်း သိမ်းဆည်းမြေများအတွက် လက်ရှိ အစိုးရသက်တမ်း မကုန်ဆုံးခင် နစ်နာကြေးများပေးရန် ဗိုလ်တထောင်မြို့နယ်အတွင်းက သိမ်းဆည်းခံရသည့် မူလ နှစ်(၉၀)ဂရန်ရှိ မြေပိုင်ရှင် ၇၀ ကျော်မှ ဒီဇင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းမှာ ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ဗိုလ်တထောင်မြို့နယ် အမှတ်(၃)ရပ်ကွက် ကုန်သည်လမ်းမှ COD တိုက်ခန်းသစ်များရှေ့ ကနေ ကုန်သည်လမ်း၊ ထိုမှတဆင့် ဗိုလ်ချုပ်လမ်းရှိ အိုးအိမ်ဦးစီးဌာနရုံးအထိ လမ်းလျှောက် ဆန္ဒထုတ် ဖော်ခဲ့ကြသည်။

ဆန္ဒဖော်ထုတ်သည့် အဖွဲ့ခေါင်းဆောင် ဦးမြင့်အောင်က  “ ကျွန်တော်တို့ ဂရန်အစစ်တွေလည်း ကိုင်ထားတယ်။ လျော်တဲ့သူတွေ ကိုလည်း လျော်ပေးပြီးပြီ။ ကျွန်တော်တို့ တစ်ဝန်း ထဲမှာရှိတဲ့ သူတွေဖြစ်တယ်။ အတူတူ တင်  ထားတဲ့သူတွေ ဖြစ်တဲ့ အတွက် လျော်ကြေးရမယ်လို့ မျှော်လင့်တယ်။ ကျွန်တော် တို့က မှန်လည်းမှန်ကန်တယ်။ ကျွန်တော်တို့မှ ချန်ထားမယ်ရင် ဘယ်အစိုးရတက်တက် တောင်းဆိုမှုတွေ ဆက်လုပ်နေ မယ်။ အဓိကတော့ ဒီအစိုးရလက်ထက်မှာပဲ ပြတ်စေချင်တယ်။ ဒီအစိုးရလက်ထက်မှ အပြတ်ဖြတ်ပေးပါ။ အမြန်ဆုံး လျော်ကြေးတွေ ပေးပါလို့ တောင်းဆိုပါတယ်” ဟု ပြောသည်။

ဗိုလ်တထောင်မြို့နယ်ရှိ COD မြေကွက်များကို ကာကွယ်ရေးဝန်ကြီးဌာနက ၁၉၇၄ ခုနှစ်တွင် စစ်လက်နက်ပစ္စည်း သိုလှောင်ရုံ တည်ဆောက်ရန်အတွက် မူလ မြေပိုင်ရှင်များထံမှ ငှားရမ်းခဲ့ပြီးနောက် ထိုမြေများကို သိမ်းဆည်း ခဲ့သည်။

ထိုသို့ သိမ်းဆည်းခံရမှုအပေါ် မြေပိုင်ရှင်များက လျော်ကြေးပေးရန် တောင်းဆိုခဲ့ရာ ၂၀၁၅ ခုနှစ် ဦးသိန်းစိန် အစိုးရ လက်ထက်၌ ၂၇၇ ဦးကို ဗိုလ်တထောင်မြို့နယ် Time Square တွင် တိုက်ခန်းတစ်ခန်းနှင့် လျော်ကြေးငွေ ကျပ်သိန်း ၃၂၀ ပေးခဲ့ပြီး လျော်ကြေး ပေးရန် ၇၀ ခန့် ကျန်နေကြောင်း ဆန္ဒဖော်ထုတ်သည့် အဖွဲ့ခေါင်းဆောင် ဦးမြင့်အောင်က ပြောသည်။

လျော်ကြေး မရရှိသည့် ဘိုးဘွားပိုင် မြေဂရန်ရှိသည့် လူဦးရေ ၇၀ ကျော်သည် ယခင် အစိုးရလက်ထက် ၂၀၁၂ ခုနှစ်မှ စတင် ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပြီး လက်ရှိ ပြည်သူ့အစိုးရသစ် လက်ထက်တွင်လည်း (၁၀) ကြိမ်ကျော် ဆန္ဒထုတ်ဖော် ခဲ့သော်လည်း မြေယာလျော်ကြေးများ မရရှိသေးကြောင်း ဆန္ဒထုတ်ဖော်သူများက ပြောသည်။

ယနေ့ (ဒီဇင်ဘာ ၁၃ ရက်)တွင် ဆန္ဒထုတ်ဖော်ခဲ့ခြင်းက (၃၂) ကြိမ်မြောက် ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူများက ဆိုကြ သည်။

ဆန္ဒထုတ်ဖော်သူတစ်ဦးဖြစ်သည့် ဦးမောင်မောင်က “ စီအိုဒီမှာ ကျွန်တော်တို့ မြေကွက်တွေ ရှိပါတယ်၊ သုံးကွက် ရှိပါ တယ်။ နှစ်ကွက်စာ ရထားပြီးပါပြီ။ ဒါကြောင့်မို့လို့ ကျန်တဲ့ တစ်ကွက်စာ လျော်ကြေးရဖို့ တောင်းဆိုတာပါ။ ကျွန်တော်တို့က ငှားထားတဲ့ မြေတွေလေ။ ရောင်းထားတဲ့ မြေတွေ မဟုတ် ဘူး။ ငှားထားတဲ့ မြေဖြစ်တဲ့အတွက် ပြန်ပေးပါလို့ တောင်းဆိုပါ တယ်” ဟု ပြောသည်။

သိမ်းဆည်းခံ မြေများနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီ မြေစစ်ဌာနက ၁၉၈၈ ခုနှစ် အစောပိုင်းကာလမှ သိမ်းဆည်းထားသည့် မြေဖြစ်၍ အမှု ပိတ်သိမ်းရန် ပြည်ထောင်စုအစိုးရသို့ ၂၀၁၉ ခုနှစ်၊ ဇွန် ၁၈ ရက်က တင်ပြကာ လမ်းညွန်မှု ခံယူလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly