ငါးနှစ်အတွင်း ကျိုက်ထီးရိုးစေတီရင်ပြင်တော်မှ တောင်ခြေထိ အမှိုက်လုံးဝကင်းစင်ရေး ဆောင်ရွက်မည်

ငါးနှစ်အတွင်း ကျိုက်ထီးရိုးစေတီရင်ပြင်တော်မှ တောင်ခြေထိ အမှိုက်လုံးဝကင်းစင်ရေး ဆောင်ရွက်မည်

မော်လမြိုင်၊ ဒီဇင်ဘာ ၁၃ ။       ။ ကျိုက်ထီးရိုးစေတီရင်ပြင်တော်မှ  တောင်ခြေထိ အမှိုက်လုံးဝကင်းစင်ပပျောက်ရေးကို လာမည့် ငါးနှစ်အတွင်း ဆောင်ရွက်သွားမည်ဟု ကျိုက်ထီးရိုးစေတီ ဂေါပကအဖွဲ့ထံက သိရသည်။

 ကျိုက်ထီးရိုးတောင်ပေါ်တွင် ဘုရားဖူးပြည်သူ အနည်းအများပေါ်မူတည်ပြီး နေ့စဉ်ပျမ်းမျှ အမှိုက် သုံးတန်မှ  ၁၀ တန်အထက် ထွက်ရှိနေကြောင်း သိရသည်။ ထို့ကြောင့် ရင်ပြင်တော်နှင့် ဘေးပတ်ဝန်းကျင် အမှိုက်ကင်းစင်ရေးအတွက်  ဂေါပကအဖွဲ့အပါအဝင် အဖွဲ့ ငါးဖွဲ့က နေ့စဉ်အလှည့်ကျ ရှင်းလင်းနေသည်ဟု ကျိုက်ထီးရိုးစေတီဂေါပက အဖွဲ့ခေါင်းဆောင် ဦးကျော်ဝင်းလှိုင် က ပြောသည်။

 “ နောက် လေးနှစ်၊ ငါးနှစ်လောက်ဆိုရင် အမှိုက်ကင်းစင်တဲ့ စနစ်ရောက်မယ်လို့ မျှော်လင့်ထားတယ်၊ နှစ်ပေါင်းများစွာထဲက အမှိုက်တွေကို အချိန်ယူပြီးတော့ ရင်ပြင်နဲ့ဝေးတဲ့ အောက်အရောက်နေရာအထိ ရှင်းလင်းဖို့ ရှိပါတယ်၊ ခန့်မှန်း ဆိုရင်တော့ နောက်ငါးနှစ်လောက်ဆို ကုန်သွားမယ်ထင်တယ်” ဟု ၎င်းက ပြောသည်။

 ကျိုက်ထီးရိုးရင်ပြင်သည်  တစ်နှစ်ထက်တစ်နှစ် အမှိုက်သန့်ရှင်းမှု ရှိလာသော်လည်း အချို့နေရာများတွင် အမှိုက်ပုံဟောင်းမှ အနံ့အသက်များထွက်နေသေးကြောင်း ဘုရားဖူး ပြည်သူအချို့က ပြောကြသည်။

 “ဒီနှစ်တော့ ခါတိုင်းနှစ်နဲ့တော့မတူဘူး သန့်ရှင်းလာတယ်ပေါ့နော်၊ အမှိုက်ပုံးတွေလည်း နေရာတကာမှာ တွေ့လာတယ်ပေါ့နော်၊ ဘုရားလည်းဖူးရင်း ခုလိုသန့်သန့်ရှင်းရှင်းတွေ့ရေတာ့ စိတ်လန်းဆန်းမှု ရှိတာပေါ့၊ အမှိုက်ပုံဟောင်းနားမှာတော့  အနံ့အသက်ထွက်နေတာ ဘုရားဖူးပြည်သူတွေအတွက် မကောင်းဘူးလို့ ထင်တယ်” ဟု ရွှေဂွန်းဒေသမှ လာရောက်ဘုရားဖူးသူ ကိုသိုက်ဦး က ပြောသည်။

 ကျိုက်ထီးရိုးတောင်ပေါ်မှ ထွက်ရှိသည့် အမှိုက်များကို စနစ်တကျစွန့်ပစ်နိုင်ရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့ ရံပုံငွေနှင့် စေတီဘဏ္ဍာငွေမှ တစ်ဝက်စီကုန်ကျခံကာ ကျပ်သိန်းပေါင်း ၄၈၀၀ ကျော်တန်ဖိုးရှိသည့် အမှိုက်ခွဲခြားသန့်စင် စက်ရုံကို ရင်ပြင်တော်အနီးတွင် ၂၀၁၈ ခုနှစ် စက်တင်ဘာလမှ စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလတွင်  ရာနှုန်းပြည့်ပြီးစီးခဲ့သည့်အတွက်  တစ်နေ့လျှင်  ၆ နာရီကြာ ပိတ်ရက်မရှိဘဲ လည်ပတ်နေကြောင်း ဂေါပကအဖွဲ့ကသိရသည်။

 “အမှိုက်ခွဲခြားသန့်စင်စက်ကနေ ပလပ်စတစ်တွေ၊ သံတိုသံစတွေ ခွဲခြားပြီးတော့ ရောင်းချတယ်။ မြေဩဇာဖြစ်မယ့် ဖုံအမှိုက်တွေကို မြေဖို့ပြီး တောင်စိမ်းလန်းစိုပြေရေးလုပ်ငန်းတွေမှာ အသုံးပြုတယ်။ အသုံးပြုမရတဲ့  အမှိုက်တွေကို မီးရှို့ဖျက်စီးတာတွေ  ပြုလုပ်နေတယ်”  ဟု ဂေါပကအဖွဲ့ဝင် တစ်ဦးက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly